Wednesday, September 03, 2014

UNFC နှင့် KNU ဇာတ်လမ်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ဘယ်လိုရိုက်ခတ်နိုင်လဲ


သြဂုတ်လ နောက်ဆုံးရက်က ထွက်ပေါ်လာသော သတင်းတစ်ပုဒ်ကြောင့် မြန်မာ့ငြိမ်းချမ်း ရေး ဖြစ်စဉ်ကို လေ့လာစောင့် ကြည့်နေသူများအကြား ဂယက်ရိုက်ခတ်သွားခဲ့သည်။ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်နေ သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) ပထမအကြိမ်ညီလာခံအစည်း အဝေးမှ ကရင်အမျိုးသားအစည်းအရုံး ကေအင်န်ယူခေါင်းဆောင်များနုတ်ထွက်သွားသည် ဆိုသည့် သတင်းကြောင့် ယင်းကဲ့သို့ ဂယက်ရိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

ထိုသတင်းနှင့်အတူ ကေအင်န်ယူအနေဖြင့် UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက် သွားတော့မည်ဆိုသည့် သုံးသပ်ချက်များလည်း ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

ကေအင်န်ယူဘက်ကမူ သြ ဂုတ်လ ၃၁ ရက် ညီလာခံပဉ္စမနေ့ အပြီးတွင် UNFC အဖွဲ့ဝင်အဖြစ် ပါဝင်မှုမှ ယာယီရပ်ဆိုင်းသည်။ ရှေ့ညီလာခံသက်တမ်းအတွက် တာဝန်ထမ်းဆောင်မည့် ဖက်ဒ ရယ်ကောင်စီ ၀င်အဖြစ် ကိုယ်စားလှယ်များကို မစေလွှတ်တော့ခြင်းနှင့် ရှေ့ဆက်၍ UNFC တွင် ပါဝင်ခြင်း၊ မပါ ၀င်ခြင်းနှင့် ပတ်သက်၍ ဗဟိုကော်မတီတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးလက်မှတ်ဖြင့် ညီလာခံသဘာပတိထံသို့အကြောင်းကြားစာပေးပို့ခဲ့သည်။

ကအင်န်ယူဒုတိယဥက္ကဋ္ဌ နော်ဗီဖိုးရာစိန်ကလည်း စက်တင်ဘာ ၁ ရက်နေ့စွဲဖြင့် ညီလာခံသို့ အကြောင်းကြားစာပေးပို့ခဲ့သည်။ ယင်းစာတွင် မူဝါဒပိုင်းဆိုင်ရာများကြောင့် ညီလာခံနှောင့်နှေး ကြန့်ကြာ မှုကို စိတ်မကောင်း ကြောင်းနှင့် သဘောထားကွဲလွဲမှုများကို ကေအင်န်ယူအတွင်းပြန် လည်ညှိနှိုင်း ကာ UNFC တွင် ဆက် လက်ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဖော်ပြ ထားသည်။

ကေအန်ယူကိုယ်စားလှယ်များက UNFC ဖွဲ့စည်းပုံအရ ဆက်လက်ပါဝင်ခြင်းရှိ၊ မရှိ ဗဟိုကော်မတီ အစည်းအဝေး ခေါ်ယူ ဆုံး ဖြတ်သွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့ကြသည်။

လက်ရှိကာလတွင် အစိုးရ နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး အတွက် ဆွေးနွေးမှုများ အရှိန်အဟုန်ကောင်းလျက်ရှိသည်။ လာမည့် နှစ်လခန့်အတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး နိုင်မည်ဖြစ် ကြောင်း နှစ်ဖက်စလုံးက မျှော်လင့်နေသည်။ ယင်းကြောင့်ပင် အစဉ်အလာကြီးမားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ဖြစ်ပြီး လက်ရှိအစိုးရနှင့် ကောင်းမွန်သည့် ဆက်ဆံရေးများရရှိထား သော ကေအင်န်ယူနှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့ ပါဝင်သည့် တပ်ပေါင်းစု UNFC တို့ကြား အက်ကြောင်းများမှာ ငြိမ်း ချမ်းရေးဖြစ်စဉ်အပေါ် သက် ရောက်ခြင်းရှိ၊ မရှိစောင့်ကြည့် စရာ ဖြစ်လာသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ သြဂုတ်လ ၂၅ ရက်မှ စတင်ပြုလုပ် နေသော UNFC ပထမအကြိမ်ညီလာခံ အတွင်း ဗဟိုချုပ်ကိုင်မှုကို လျှော့ချ၍ တိုင်းရင်းသားအဖွဲ့များအတူတကွ ညှိနှိုင်းဆောင်ရွက် သွားမည့်မူများ၊ လက်ရှိနိုင်ငံရေး အခြေအနေနှင့် ကိုက်ညီသည့်မူများကို ပြင်ဆင်ရေးဆွဲရန် စာတမ်းတစ်စောင်ကို ကေအင်န်ယူက တင်သွင်းခဲ့သည်။ 

ယင်း UNFC ဖွဲ့စည်းပုံပြင်ဆင်ရေးဆွဲရန် သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့သောကြောင့် ကေအင်န်ယူ ခေါင်းဆောင်များက ညီလာခံ ပဉ္စမနေ့အစည်းအဝေးမပြီးမီ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိအစိုးရနှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ်မရေးထိုး နိုင်သေးသော အင်အားကြီးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ် ဖွဲ့ဖြစ်သည့် ကေအိုင်အိုက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသော UNFC ဖွဲ့စည်း ပုံတွင် ဗဟိုချုပ်ကိုင်မှု များပြားကြောင်း ဝေဖန်မှုများရှိနေသည်။ ကေအိုင်အိုမှ ဒုတိယဗိုလ် ချုပ်ကြီး အင်ဘန်လက သုံးနှစ် ဆက်တိုက်ဥက္ကဋ္ဌ တာဝန်ယူထားသည့် UNFC ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

UNFC သည် အဖွဲ့ဝင်အားလုံးဆိုင်ရာ ဘုံအကျိုးစီးပွားနှင့် ပြဿနာများကို ဖော်ထုတ်ဖြေရှင်းရန် ဘုံစုံရပ် ဖိုရမ်ဖြစ်သင့်ပြီးအဖွဲ့အစည်းများ အားလုံးလိုက် နာအကောင်အထည်ဖော် ရမည့်ဆုံးဖြတ်ချက်၊ ညွှန်ကြား ချက်များချမှတ်သော အချုပ်အခြာအာဏာပိုင် အဖွဲ့အစည်းမျိုးမဖြစ်သင့်ကြောင်း  ပဒိုစောတာဒိုမူး ကပြော သည်။

ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်ရန်မူကို အခြေခံသော UNFC တွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ မွန်ပြည်သစ် ပါတီ(NMSP)၊ ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) လားဟူဒီမိုကရက် တစ်ယူနီယံ(LOU)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ ရခိုင်လွတ်မြောက်ရေးပါတီ (AL)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PN-LO)၊ ပလောင် ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF) နှင့် ‘၀’အမျိုးသား အစည်းအရုံးတို့ ပါဝင်သည်။

UNFC အနေဖြင့် အစိုးရနှင့် အလွတ်သဘောအပါအ၀င် ဆယ်ကြိမ်ခန့်တွေ့ ဆုံဆွေးနွေးခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များမှ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ကို ဖွဲ့စည်းပြီးနောက် ပိုင်းတွင်မူ ငြိမ်းချမ်းရေးနှင့် စပ်လျဉ်း ၍ အစိုးရနှင့် NCCT ကြား ဆွေး နွေးခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလက အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး သမ္မတ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် အကြိမ်အများ ဆုံးတွေ့ ဆုံထားကာ နီးကပ်သည့် ဆက်ဆံရေး ရှိသည့် ကေအင်န်ယူနှင့် UNFC တို့ သဘောထားကွဲလွဲမှုများကြောင့်ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်နိုင်ခြင်း ရှိ၊ မရှိမေးခွန်း ထုတ်စရာဖြစ်လာသည်။

‘‘ကေအင်န်ယူရဲ့ မဟာမိတ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှာ တူတာကိုတွဲ လုပ်၊ မတူတာကို ခွဲလုပ်ပြီး ပူးပေါင်းတဲ့နေရာမှာလည်း အဖွဲ့အစည်းအားလုံးအတွက် အကျိုးဖြစ်စေရမယ်။နောက်ပြီး ကျွန်တော် တို့အဖွဲ့အစည်းရဲ့ အချုပ်အခြာအာဏာကို ထိပါးတဲ့ပူးပေါင်းဆောင်ရွက်မှုမျိုး မဖြစ်စေရဘူးဆိုတဲ့ မူကလည်း ရှိထားပြီးသားဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုတော့ ထိခိုက်လာနိုင်ခြင်း မရှိပါဘူး’’ဟု ကေအင်န်ယူအထွေထွေအတွင်းရေးမှူး ဖဒိုစောကွယ်ထူးဝင်းက KIC သတင်းဌာနသို့ ပြောသည်။

ကေအင်န်ယူ တင်ပြထားသည့်အချက်များနှင့် ပတ်သက်၍ ပြန်လည်သုံးသပ် ဆွေးနွေးသွားကြမည်ဖြစ်ပြီး အချက်အားလုံးကို လက်မခံသည့် သဘောမဟုတ် ကြောင်း UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ က ဆိုသည်။

 ကေအင်န်ယူ အနေဖြင့် UNFC မှ အမှန်တကယ်နုတ်ထွက် သွားပါက လက်ရှိအရှိန်အဟုန် မြင့်နေသော အစိုးရနှင့် NCCT တို့ကြားငြိမ်းချမ်းရေးဆွေးနွေးပွဲများ အပေါ် သက်ရောက်မှုများရှိလာ နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

UNFC မှ ကေအင်န်ယူနုတ် ထွက်သွားပါက ကေအိုင်အိုက တပ်ပေါင်းစုအတွင်း သြဇာအကြီး ဆုံးဖြစ် လာမည်ဖြစ်ပြီး ကေအိုင်အို၏ သဘောထားမှာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခြင်းထက် နိုင်ငံရေး ဆွေးနွေးပွဲကို ဦးစွာလုပ်လိုခြင်းကြောင့် ယင်းအယူအဆ NCCT တွင် လွှမ်းမိုးလာပါက ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ထိခိုက်လာနိုင်ကြောင်း နိုင်ငံရေး ဆောင်းပါးရှင် စည်သူအောင်မြင့် က သုံးသပ်သည်။

‘‘ဒါကြောင့် အခုတစ်နိုင်ငံ လုံးအပစ်ရပ်စဲရေး ဆွေးနွေးနေတာ(၅)ချက်လောက် ကျန်တာကနေ နှောင့်နှေး သွားနိုင်တယ်။ ကြန့်ကြာသွားနိုင်တယ်။ အခန့်မသင့်ရင် ရပ်သွားနိုင်ပါတယ်’’ဟု ဦးစည်သူအောင်မြင့်က ထောက် ပြပြောဆိုသည်။

 မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးဗဟိုဌာန(MPC) အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ ကလည်း UNFC ညီလာခံဖြစ်စဉ်မှာ NCCT နှင့် မသက်ဆိုင်သောကြောင့် ငြိမ်း ချမ်းရေးလုပ်ငန်းဖြစ်စဉ်ကို အစီ အစဉ်အတိုင်း ဆက်လက်လုပ် ကိုင်သွားမည်ဖြစ်ကြောင်း 7Day  Daily သို့ ပြောကြားသည်။

 ‘‘ကျွန်တော်တို့ ဘက်က တော့ နိုင်ငံရေးဆွေးနွေးပွဲကသာ အားလုံးကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ ရပ်တည် ချက်ကို မပြောင်းပါဘူး’’ ဟု ၎င်းက ဆိုသည်။

ယခုစက်တင်ဘာလအတွင်း အစိုးရနှင့် NCCT ကြား တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေး ဆွေး နွေးရန် စီစဉ်ထားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး ထိုးပြီး နိုင်ငံရေး ဆွေးနွေးပွဲများမှတစ်ဆင့် ငြိမ်းချမ်းရေးအမြန်ရရှိအောင် ဆောင်ရွက်နိုင်ရန် ပြည်သူလူထု များကလိုလား လျက်ရှိသည်။   

7Day News Journal

No comments:

Post a Comment

My Blog List