Tuesday, September 02, 2014

ဆီးရီးယား ဂျီဟတ်များအတွက် လူသစ်စုဆောင်းပေးသည်ဟု သံသယရှိခံရသူ ပြင်သစ်၌ ထိန်းသိမ်းခံရ


ဆီးရီးယား ဂျီဟတ်အုပ်စုများအတွက် လူသစ်စုဆောင်းပေးသူ အသက် ၂၂ နှစ်အရွယ် လူငယ်တစ်ဦးကို ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ နိုက်လေဆိပ်တွင် ထိန်းသိမ်းလိုက်ကြောင်း ပြင်သစ် ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး CNA သတင်းတွင် ဖော်ပြထားသည်။

ထိန်းသိမ်းခံရသူသည် ချေချင်ညာ နွယ်ဖွားတစ်ဦး ဖြစ်ပြီး နိုက်လေဆိပ်၌ စနေနေ့တွင် ထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။

တူရကီနိုင်ငံမှတစ်ဆင့် ဆီးရီးယားနိုင်ငံသို့ သွားရောက်ရန် ကြိုးပမ်းသည့် ၁၆ နှစ်အရွယ် မိန်းကလေးကို ထိန်းသိမ်းခံရသူက ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့သို့ သွားရောက်ရန် ခရီးထွက်လာခြင်း ဖြစ်သည်ဟု အသက် ၁၆ နှစ်အရွယ် မိန်းကလေးက ပြောကြားသည်ကို မယုံကြည်ခြင်းကြောင့် တူရကီ လေကြောင်းလိုင်းက ပြင်သစ် နယ်ခြား ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

စုံစမ်းစစ်ဆေးရေးမှူးက မိန်းကလေး၏ ဖခင်ထံသို့ ဖုန်းဆက်သွယ် မေးမြန်းသောအခါ တူရကီနိုင်ငံတွင် မိသားစုဝင်များ မရှိကြောင်း တူရကီ ခရီးစဉ်အကြောင်းလည်း မသိကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် ဆက်လက်စုံစမ်းရာမှ တစ်ဆင့် ဂျီဟတ်အုပ်စုများအတွက် လူသစ်စုဆောင်းသူဟု သံသယရှိ သူကို စုံစမ်းသိရှိခြင်း ဖြစ်သည်။

အခြားသော ဥရောပနိုင်ငံများကဲ့သို့ပင် ပြင်သစ်နိုင်ငံသည်လည်း မိမိနိုင်ငံတွင်းရှိ လူငယ်များ ဆီးရီးယားနှင့် အီရတ်နိုင်ငံများသို့ သွားရောက်တိုက်ခိုက်ပြီး မိခင်နိုင်ငံသို့ ပြန်လာသည့်အခါ လုံခြုံရေးရာ ခြိမ်းခြောက်မှုများ လုပ်ဆောင်မည်ကို စိုးရိမ်လျက်ရှိသည်။

ပြင်သစ်အစိုးရအဖွဲ့၏ ခန့်မှန်းချက်အပါ အမျိုးသမီးများ အပါအဝင် ပြင်သစ်နိုင်ငံသား ၈၀၀ ကျော်မှာ ဆီးရီးယား ပြည်တွင်းစစ်တွင် ပါဝင် တိုက်ခိုက်နေကြောင်း ထုတ်ပြန်ထားသည်။

ထို့ကြောင့် ဂျီဟတ်ဝါဒီဖြစ်ရန် အလာအလားရှိသူများ ဆီးရီးယားနိုင်ငံသို့ သွားရောက်မှု ထိန်းချုပ်ရန် ပြီးခဲ့ သည့် လအတွင်း ပြင်သစ်နိုင်ငံက ဥပဒေကြမ်းတစ်ရပ် ထုတ်ပြန်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List