Wednesday, September 03, 2014

တောင်ကိုရီးယားတွင် စစ်ရေးလေ့ကျင့်ရင်း လူငယ် စစ်မှုထမ်းနှစ်ဦး သေဆုံး


စစ်ရေးလေ့ကျင့်မှုများအတွင်း လူငယ်စစ်သည်နှစ်ဦး သေဆုံးသွားခြင်းကြောင့် တောင်ကိုရီးယား၏ စစ်မှု ထမ်းရေးဆိုင်ရာ မူဝါဒများအပေါ် မေးခွန်းထုတ်စရာ အခြေအနေများ ပိုမို မြင့်တက်လာသည်။စစ်တပ်ထဲ တွင် အနိုင်ကျင့်ဖိနှိပ်မှုများကြောင့် လူငယ်စစ်မှုထမ်းအချို့ မိမိကိုယ်ကိုယ် အဆုံးစီရင်မှု မြင့်တက်လာ သဖြင့် စစ်တပ်အပေါ် ပြည်သူများက အမျက်ဒေါသ ထွက်နေချိန်တွင် ယခုသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

တောင်ကိုရီးယား အထူးတပ်ဖွဲ့မှ စစ်သည်နှစ်ဦးသည် ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများအတွင်း သေဆုံး သွားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

အသက်(၂၀)ကျော်ရုံမျှ အရွယ်သာ ရှိကြသေးပြီး လီနှင့် ချိုဟုသာ မျိုးရိုးအမည် ဖော်ပြထားသည့် စစ်သည်နှစ်ဦးသည် အမြင့်မှ ပြုတ်ကျပြီး သေဆုံးကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။ သို့သော်လည်း တပ်ကြပ်အဆင့်ရှိ အဆိုပါ စစ်သည်နှစ်ဦး သေဆုံးသည့် အသေးစိတ် အကြောင်းအရာ အချက်အလက်များကို ထုတ်ဖော် ပြောဆိုရန်မူ ၎င်းက ငြင်းဆန်သွားသည်။

Yonhap သတင်းအေဂျင်စီက ဆေးရုံမှ သတင်းရင်းမြစ်များကို ကိုးကားပြီး စစ်သည်နှစ်ဦးသည် အသက်ရှူရန် ခက်ခဲကာ မွန်းကျပ်၍ သေဆုံးခြင်းဟု ဖော်ပြခဲ့ကြသည်။ စစ်သည်များကို ရန်သူက ဖမ်းဆီးမိသွားပြီး ညှင်းပန်းနှိပ်စက် စစ်ဆေးမှုမျိုးကို ခံနိုင်ရည် ရှိစေရန် လေ့ကျင့်မှုများအတွင်း ယခုလို သေဆုံးရခြင်းဟုလည်း ဆိုသည်။ အထူးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ အနေနဲ့ ဗြိတိန်၊ အမေရိကန်နဲ့ ဩစတြေးလျ အထူးတပ်ဖွဲ့တွေမှာ အသုံးပြုနေတဲ့ ဒီလေ့ကျင့်မှု အစီအစဉ်ကို အခုမှ စပြီး အသုံးပြု ဖြစ်တာပါ။ လေ့ကျင့်မှု ကဏ္ဍမှာ တစ်ခုခု လွဲချော်မှု ရှိခဲ့လိမ့်မယ်”ဟု ပြောဆိုခဲ့ကြောင်းလည်း Yonhap က ဖော်ပြသည်။

မကြာသေးမီက ယွန်းအမည်ရှိ တပ်သားအဆင့် အသက်(၂၃)နှစ်အရွယ် လူငယ်တစ်ဦးသည် စားသောက်ချိန်တွင် အထက်အရာရှိများက ရင်ဘတ်ကို ရိုက်နှက်သဖြင့် အစာလမ်းကြောင်းပိတ်ကာ အသက်ရှူကျပ်ပြီး သေဆုံးခဲ့သည်။ ယွန်းသည် ယခင်ကလည်း စစ်တပ်အတွင်း ညှင်းပန်းမှုများနှင့် ကြုံခဲ့ရပြီး ၎င်းသေဆုံးမှုနှင့် ပတ်သက်၍ စစ်မှုထမ်း (၅)ဦးကို လူသတ်မှုဖြင့် တရားစွဲဆိုခဲ့သည်။ ဇူလိုင်လ အတွင်းကလည်း စစ်တပ်အတွင်း ဖိနှိပ်မှုများကြောင့် လူငယ်စစ်သည်နှစ်ဦး အဆုံးစီရင်မှုများ ဖြစ်ပွားခဲ့သည်။

ဇွန်လအတွင်းကလည်း တပ်ကြပ်အဆင့်ရှိ လူငယ်တစ်ဦးသည် ၎င်းအပေါ် အလွန်အကျွံ ဖိနှိပ်ဆက်ဆံခဲ့မှု များကို ကလဲ့စားချေသည့် အနေဖြင့် ရမ်းကားပစ်ခတ်ရာ စစ်မှုထမ်း(၅)ဦး သေဆုံးခဲ့သည်။

Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment

My Blog List