Wednesday, September 03, 2014

ဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် တရားရုံးက စွဲချက်တင်


စက်တင်ဘာ ၂ ရက် (၁၃) ကြိမ်မြောက်ရုံးချိန်းတွင် ၀န်ကြီးဟောင်းဦးဆန်းဆင့် အား နိုင်ငံတော်မှ စွဲဆို ထားသော ပုဒ်မနှစ်ခုစလုံးအတွက် ဒက္ခိခရိုင် တရားရုံးမှ စွဲချက်စတင်ခဲ့ကြောင်း သိရသည်။ သာသနာရေး ၀န်ကြီးဟောင်း ဦးဆန်းဆင့် အား ပြစ်မှုကြီးအမှတ် ၄၁/၁၄ ပြစ်မှုပုဒ်မ ၄၀၉ (ယုံကြည်အပ်နှံရေး ဖောက် ဖျက်မှု) နှင့် ပြစ်မှုကြီးအမှတ် ၄၂/၁၄ ပြစ်မှု ဥပဒေပုဒ်မ ၁၂၄-က (အစိုးရကို အကြည်ညိုပျက်စေမှုတို့ဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ဦးဆန်းဆင့်၏ စွဲချက်တင်ထားသော အမှုနှစ်မှုတွင် ပြစ်မှုအမှတ် ၄၁/၁၄ ပုဒ်မ ၄၀၉ တွင် လိုပြသက်သေ ၂၈ ဦးတွင် ၁၃ ဦးစစ်ဆေးခဲ့ပြီး ပြစ်မှုအမှတ် ၄၂/၁၄ ပုဒ်မ ၁၂၄(က)တွင် လိုပြသက်သေ ၃၆ ဦးရှိသည့် အနက် ၁၉ ဦးစစ်ဆေး ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“ပြန်ခေါ်သက်သေတွေ အကုန်လုံးကို ခေါ်မယ်။ တရားခံပြသက်သေ စာရင်း ကိုတော့ သောကြာနေ့မှာ တင်မယ်။ ဒီနေ့ တရားရုံးမှာ လျှောက်လဲချက်ကို အပြန်အလှန်ပေးရတာပေါ့။ ဒီအမှုကို ခုနစ်လပိုင်းက တင်တာ။ တင်ထားတာ နှစ်လတောင်မရှိသေးဘူး။ အခု ကိုးလပိုင်းဆန်းမှာ စွဲချက်တင်တဲ့အဆင့် ရောက် သွားပြီ။ လျှောက်လဲချက်တင်ပြီးပြီ တရားရုံးက ကျွန်တော်တို့ပြောတာကို လုံးဝလက်မခံဘူး” တရား လွှတ်တော်ရှေ့နေ ဦးတင်ထွန်းက ပြောကြားခဲ့သည်။

ဇွန် ၁၉ ရက်တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို သိန်းတစ်ရာ ခန့် အလွဲသုံးစားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက တရားလိုပြုအမှုဖွင့်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းတွင် ပ/၂၁/၂၀၁၄ ပြစ်မှုပုဒ်မ ၄၀၉/၁၀၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

သြဂုတ် ၂၉ ရက် ၀န်ကြီးဟောင်းဦးဆန်းဆင့်၏ (၁၂) ကြိမ်မြောက်ရုံးချိန်းတွင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးနှင့် နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ဦးလွင်တို့အား လိုပြ သက်သေအဖြစ် စစ်ဆေးခဲ့ပြီး (၁၃) ကြိမ်မြောက်ရုံးချိန်းတွင် ပုဒ်မနှစ်ခုအတွက် စွဲချက်တင်သင့်၊ မတင် သင့် လျှောက်လဲခဲ့ရာ ဒက္ခိဏခရိုင် တရားရုံးက ပုဒ်မနှစ်ခုစလုံးအတွက် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ဦးဆန်းဆင့်၏ နောင်လာမည့်ရုံးချိန်းကို စက်တင်ဘာ ၅ ရက်၌ ချိန်းဆိုခဲ့ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉ သည် ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည် ကဖြစ်စေ၊ ကိုယ်စားလှယ်ကဖြစ်စေ၊ ရာဇ၀တ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး၊ ကျူးလွန်သူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က သည် မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အမှတ်အသားဖြင့် ဖြစ်စေ၊ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ၊ ပြည်ထောင်စုအတွက် သို့တည်း မဟုတ် ပြည်ထောင်စုအဖွဲ့ဝင်များအတွက် ဥပဒေအရ တည်ထောင်ထားသော အစိုးရကို မုန်းထား အောင်သော်လည်းကောင်း၊ မလေးစားအောင်သော်လည်းကောင်း၊ ပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် အားထုတ်လျှင် သို့တည်းမဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် သို့တည်းမဟုတ် ထိုသို့လှုံ့ဆော်ရန် အားထုတ်လျှင် ထိုသူကို ငွေဒဏ်နှင့်တကွ တစ်သက်တစ်ကျွန်း ဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ တစ်သက် တစ်ကျွန်းဒဏ်အောက်လျော့သည့် တစ်ကျွန်းဒဏ်ဖြစ်စေ၊ ငွေဒဏ်နှင့်တကွ သုံးနှစ်ထိ ထောင်ဒဏ်ဖြစ် စေ၊ ငွေဒဏ်သက်သက်ဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List