Friday, September 05, 2014

အကြမ်းဖက် အဖွဲ့များ ပစ်မှတ်ထား တိုက်ခိုက်နိုင်သဖြင့် လုံခြုံရေး ကြိုတင်ပြင်ဆင်ထားဟုဆို


မြန်မာနိုင်ငံ အနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်လာ နိုင်ကြောင်းကို လွန်ခဲ့သော နှစ် အနည်းငယ်ကတည်းက ကြိုတင် သိရှိထားသောကြောင့် နိုင်ငံတော် လုံခြုံရေးအတွက် လိုအပ်သော ပြင်ဆင် ဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ 

ထို့ပြင် အယ်လ်ခိုင်ဒါးများ ကွန်ရက်ပျံ့နှံ့စီးဆင်း လည်ပတ်မှုများကို လေ့လာပြီး ၀င်ရောက်နိုင်သော လမ်းကြောင်းများကို ကြိုတင်သတ်မှတ် ဆောင်ရွက်ခဲ့ကြောင်းလည်း ၎င်း၏လူမှုကွန်ရက် စာမျက်နှာတွင် ဆက်လက် ရေးသားထားသည်။

အိန်္ဒိယတိုက်ငယ် အယ်လ်ခိုင်ဒါး ဖွဲ့စည်း၍ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန်္ဒိယနိုင်ငံများကို ပစ်မှတ်ထား ကြောင်း အယ်လ်ခိုင်ဒါ အဖွဲ့ ခေါင်းဆောင် အယ်လ်ကဇာဝါဟီရီက မကြာသေးမီက ကြေညာခဲ့ရာ ၎င်းကိစ္စနှင့် ပတ်သက်၍ လတ်တလောတွင် စိုးရိမ်ပူပန်စရာ မလိုသေးကြောင်း ၎င်းက ပြောသည်။

အကြမ်းဖက်မှုကို သူတို့က အခုရာစုမှာ ကမ္ဘာကို ခြေဆန့်နေတာ၊ မ၀င်လာနိုင်ဘူးလို့တော့ အပြတ်ပြော လို့ မရဘူး။ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောကြားချက်က အလကား တော့ မပြောဘူးဗျ။ စိုးရိမ်တာ ကတော့ အသည်းအသန် စိုးရိမ်စရာ မလိုဘူး။ ဒါပေမဲ့ သတိတော့ ထားရ မယ်ဟု နိုင်ငံတော်သမ္မတ၏ နိုင်ငံရေးအကြံပေး ဒေါက်တာ နေဇင်လတ်က ပြောသည်။

အာဖဂန်နစ္စတန်နှင့် အရှေ့အလယ်ပိုင်း ဒေသများတွင် လှုပ်ရှားနေသော အယ်လ်ခိုင်ဒါ အကြမ်းဖက် အဖွဲ့အစည်းသည် ယခင်က အိုစမာဘင် လာဒင် ခေါင်းဆောင်ခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် က ရခိုင် ပဋိပက္ခဖြစ်ပွားခဲ့စဉ်ကလည်း မြန်မာနိုင်ငံအား ဂျီဟတ်စစ်ပွဲ ဆင်နွှဲရန် တိုက်တွန်းခဲ့ဖူး သည်။ ယခု ခေါင်းဆောင်နေသော အယ်လ်ဇာဝါဟီရီသည် အမေရိကန်နိုင်ငံမှ ဆုငွေဒေါ်လာ (၂၅)သန်း ထုတ်ထားသူလည်း ဖြစ်သည်။

၎င်းက မြန်မာနိုင်ငံကို ပစ်မှတ်ထားမည်ဟု ပြောကြားသော မိန့်ခွန်းကို ကမ္ဘာ့ အကြမ်းဖက် အဖွဲ့များအား လေ့လာ ထောက်လှမ်းနေသော (SITE) အဖွဲ့ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ဒီအဖွဲ့တွေက ကြေညာတာကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ ဒီနိုင်ငံမှာ အရင်ကတည်းက အတူတကွ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ နေထိုင်လာတာပါ။ ဒီကိစ္စကို ပြည်တွင်းအားနဲ့ ၀ိုင်းဝန်း ကာကွယ်ရမှာပါ ဟု ငြိမ်းချမ်းရေး တည်ဆောက်မှု ကွန်ရက်မှ မူဝါဒရေးရာ အတိုင်ပင်ခံ ဦးအုန်းမောင်က The Messenger Media သို့ ပြောသည်။

ထိုကဲ့သို့ အယ်လ်ဇာဝါဟီရီ၏ ပြောကြားချက်သည် စည်းရုံးခြင်းမျိုး ဖြစ်နိုင်ပြီး၊ မိမိတို့ နိုင်ငံ၏ လူ့အဖွဲ့ အစည်း နှစ်ရပ်ကြား ပဋိပက္ခများ မြင့်မား ပြင်းထန် လာစေရန် လှုံ့ဆော်မှုမျိုးဖြစ် သောကြောင့် နှစ်ဘက် ဘာသာရေး ခေါင်းဆောင်များက အမြော်အမြင်ရှိရှိ ကြိုတင် မျှော်တွေးပြီး မိမိဘာသာ ၀င်များကို ထိန်းသိမ်းရန် လိုအပ်ကြောင်း ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြထားသည်။

Messenger News Journal

No comments:

Post a Comment

My Blog List