Wednesday, September 03, 2014

KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံခြင်း


ကရင်အမျိုးသားအစည်းအရုံး KNU က တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖြစ်မှ ယာယီရပ်ဆိုင်းခြင်းနှင့် ပတ်သက်ပြီး KNU ၏ သဘောထားနှင့် ယင်းသို့ အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်ဆိုင်းခြင်းကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တိုင်းရင်းသား ခေါင်းဆောင်အချို့ ဝေဖန်ပြော ဆိုနေသော တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများအကြား စည်းလုံးမှု ထိခိုက်ခြင်း ဖြစ်နိုင်ခြေ ရှိ မရှိကို KNU ဗဟိုကော်မတီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းငြိမ်းမောင်နှင့် တွေ့ဆုံမေးမြန်း၍ ကောက်နုတ် ဖော်ပြအပ်ပါသည်။

The Voice : ပထမဆုံးမေးခွန်းအနေနဲ့ KNU အနေနဲ့ UNFC အဖွဲ့ဝင်အဖြစ်ကနေ ဘယ်လို အချက်တွေ ကြောင့် ယာယီရပ်ဆိုင်းခဲ့တာလဲ။ အဖွဲ့အတွင်းက ရပ်ဆိုင်းရအောင် ဘယ်လိုပြဿနာမျိုး ရှိခဲ့လို့လဲ။ 

PMNM : ကျွန်တော်တို့က ဒီ UNFC ညီလာခံကို KNU ဘက်က အကြံပေးတဲ့ စာတမ်းတစ်စောင် တင်ပြခဲ့ တယ်။ 

အဲဒီအပေါ် ကျွန်တော်တို့ရဲ့အကြံပြုချက်တွေကို အများစု လက်မခံတဲ့ သဘောရှိပါတယ်။ ကျွန်တော်တို့ သဘောထားကို လက်မခံတဲ့အတွက် ရပ်ဆိုင်းရခြင်း ဖြစ်တယ်။

The Voice : အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းတဲ့အထိ ဖြစ်သွားတာ ဒီတစ်ချက်တည်းကြောင့်လား။ အခြားအချက်တွေ ရှိပါသေးသလား။

PMNM : အဓိက UNFC ရဲ့ ဖွဲ့စည်းပုံပေါ့။ UNFC ရဲ့ ဖွဲ့စည်းပုံမှာ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ရင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက တစ်ဦးတစ်ယောက်ချင်း မတွေ့ရဘူး၊ UNFC ရဲ့အောက်မှာသာ တစုတစည်းတည်း တွေ့ရမယ်ဆိုတဲ့ အချက်ပေါ့။ KNU ရဲ့ မူနဲ့ မကိုက်ဘူးပေါ့။ လက်ရှိအချိန်ကလည်း တိုင်းရင်းသားတွေက အစိုးရနဲ့တစ်ဖွဲ့စီ တွေ့ဆုံပြီး တွေ့ဆုံဆွေးနွေးလက်မှတ်ရေး
ထိုး နေရတာပဲလေ။ နောက်တစ်ချက်က ဖက်ဒရယ် တပ်မတော်တောင်းဆိုမှုက သိပ်မြင့်တယ်။ လက်ရှိ
အချိန်က နိုင်ငံရေးကို ဦးစားပေး ဆွေးနွေးရမယ့် အချိန်။ ရေရှည်သွားရမယ့် ကိစ္စတွေ ဖြစ်တယ်။ စစ်ရေး
ကို အဓိက ရှေ့တန်းတင်ရင် ကျွန်တော်တို့ အခုသွားနေတဲ့ နိုင်ငံရေးကို အဓိကကို ဦးစားပေးပြီးတော့ တွေ့ဆုံဆွေးနွေးမှုတွေ သွားနေတဲ့အချိန်မှာ ယုံကြည်မှု တည်ဆောက်ရေး ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ထိခိုက်နိုင်တယ်လို့ ကျွန်တော်တို့ ထင်တယ်။

The Voice : ဘယ်လို အချက်တွေကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တွေကို ထိခိုက်နိုင်တာလဲဆိုတာ ရှင်းပြပေးပါ။

PMNM : ဥပမာ UNFC မှာ မြောက်ပိုင်းစစ်ဒေသ၊ အလယ်ပိုင်းစစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသ စသဖြင့် ဖွဲ့စည်းထားတာဟာ စစ်ရေးကို ဦးစားပေးတယ်။ ဒီနေ့ကာလမှာ အဲဒါတွေဟာ တွေ့ဆုံဆွေးနွေးရေးတွေ မှာ အများကြီး အဟန့်အတား ဖြစ်နိုင်တယ်လို့ မြင်တယ်။ လက်ရှိအချိန်မှာ အဓိက နိုင်ငံရေး ဦးစားပေးပြီး ဆွေးနွေးနေတယ်။ ယုံကြည်မှု တည်ဆောက်နေရတယ်။ ဒီကိစ္စတွေ ခပ်အေးအေး ဆွေးနွေးဖို့ KNU က ရှေ့ရေးမျှော်တွေးပြီး တင်ပြခဲ့တယ်၊ လက်မခံခဲ့ပါဘူး။

The Voice : စောစောကပြောတဲ့ UNFC ရဲ့ ဖက်ဒရယ်တပ်မတော် တောင်းဆိုချက်ကို ဘယ်လို အချက်တွေကြောင့် မြင့်နေတယ်လို့ ပြောတာလဲ။

PMNM : တောင်းဆိုချက်ကို မြင့်တယ် မမြင့်ဘူးကို ဆိုချင်တာ မဟုတ်ဘူး။ မြောက်ပိုင်း၊ အရှေ့ပိုင်း၊ အနောက်ပိုင်း စတဲ့ စစ်ဒေသတွေ ခွဲတယ်။ တကယ်တမ်းက ဘာမှအလုပ်ဖြစ်တာလည်း မဟုတ်ဘူး။ အဲဒါတွေက စာရွက်ကိုကြည့်ပြီး တစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံဆွေးနွေးရေးကာလမှာ ယုံကြည့်မှု တည်ဆောက်တဲ့အချိန်မှာ အခက်အခဲ ဖြစ်နိုင်တယ်။ ဥပမာ - မြောက်ပိုင်းစစ်ဒေသဆို ကချင်နဲ့ စစ်ပွဲ ဖြစ်နေတယ်။ ဖက်ဒရယ် တပ်မတော်ဆိုတဲ့ လူတွေ ဘယ်နှယောက် သွားတိုက်ပေးလဲ။ လက်တွေ့ မဖြစ်နိုင်တဲ့ဟာ စာရွက်ထဲမှာပဲရှိပြီး ယုံကြည်မှုကို ပျက်သုဉ်းစေတယ်။ တိုင်းရင်းသားတွေဟာ နိုင်ငံတော်အစိုးရနဲ့ တွေ့ဆုံ ဆွေနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေးစာချုပ် မချုပ်နိုင်ခင်အထိ လက်ရှိ နဂိုအနေအထားအတိုင်း ကိုယ့်တပ်ဖွဲ့နဲ့ကိုယ် ကိုယ့်လက်နက်နဲ့ ကိုယ်ရှိနေတာပဲ။ အဲဒါကို နိုင်ငံရေးအရ တစ်ဖက်က စကားပြောနေတာပဲ။ ဒီအထိလောက်ဆို လုံလောက်တယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လောက်ပဲ ရှိနေတယ်။ လုံးဝလက်နက် စွန့်လွှတ်ရမယ့် အခြေအနေ မဟုတ်ဘူးလေ။ တပ်မတော်ကလည်း လက်နက်စွန့်လွှတ်ဖို့ မပြောသေးပါဘူး။ ဖက်ဒရယ်တပ်မတော် တည်ထောင်ရင် စင်ပြိုင် တပ်မတော် စင်ပြိုင်စစ်တပ် ဖြစ်ပြီး နိုင်ငံရေးလမ်းကြောင်းကို အဟန့်အတား ဖြစ်နိုင်တယ်။ တကယ်ဖြစ်နိုင်တာလည်း မဟုတ်ဘဲနဲ့ ကြွေးကြော်သံလောက်ပဲ ဖြစ်နေရင် တကယ်
မဖြစ်နိုင်ရင် အကျိုးသက်ရောက်မှု မကောင်းနိုင်ဘူး။ တွေ့ဆုံ ဆွေးနွေးရေးကာလမှာ အထင်အမြင် လွဲမှုပဲ ဖြစ်နိုင်တယ်။ ကျွန်တော်တို့က တကယ်ဖြစ်နိုင်တဲ့ အခြေအနေတွေကို အပြုသဘောနဲ့ ပြောတာပါ။

The Voice : မနေ့က (စက်တင်ဘာလ ၁) KNU အဖွဲ့က ထုတ်ပြန်ထားတယ်။ UNFC ကနေ အပြီး
ထွက်တာ မဟုတ်ဘူး ယာယီရပ်ဆိုင်းတာလို့ ပြောထားတယ်ပေါ့။ နောက် UNFC နဲ့လည်း ပြန်ဆွေးနွေး
မယ်လို့ ပြောထားတယ်။ အဲ့ဒါ ဘယ်လိုအချက်တွေ ပြန်ပြီး သဘောတူညီချက်ရရင် အဖွဲ့ဝင်အဖြစ် ပြန်လည် ပါဝင်နိုင်မလဲ။

PMNM : ကျွန်တော်တို့ ယာယီရပ်ဆိုင်းထားတယ်။ KNU မှာ ဗဟိုကော်မတီ အစည်းအဝေးမှာ ပြန်လည် တင်ပြမယ်။ မျက်နှာစုံညီ ပြန်လည် သုံးသပ်ပြီးတော့မှ ဆုံးဖြတ်ပါမယ်။

The Voice : ဗဟိုကော်မတီ အစည်းအဝေးကို ဘယ်တော့လောက် လုပ်ဖြစ်မလဲ။

PMNM : UNFC နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချနိုင်ဖို့အတွက် စက်တင်ဘာလအတွင်းမှာ KNU ဗဟိုကော်မတီ အစည်းအဝေးခေါ်ပြီး မျက်နှာစုံညီ အကျေအလည် ဆွေးနွေးပြီး ဆန္ဒခံယူမယ်။

The Voice : အခုလို KNU က ယာယီနုတ်ထွက်မှုကြောင့် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်လာနိုင်တယ်လို့ ပြောနေတာ ရှိတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ဆရာအနေနဲ့ ဘယ်လိုမြင်လဲ။

PMNM : ငြိမ်းချမ်းရေး ဖြစ်စဉ်ကို မထိခိုက်နိုင်ပါဘူး။ တွေ့ဆုံ ဆွေးနွေးရေး သွားနေတာက နိုင်ငံတော်
အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားတွေဘက်က NCCT (တစ်နိုင်ငံလုံး အပစ်
အခတ်ရပ်စဲရေး ဆွေးနွေးရေးအဖွဲ့) ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံညှိနှိုင်းတာ ဖြစ်တယ်။ UNFC နဲ့ညှိနှိုင်းတာ မဟုတ်တဲ့အတွက် ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်နိုင်မှာ မဟုတ်ပါဘူး။ NCCT မှာလည်း KNU က ဒုဥက္ကဋ္ဌ ပါ။ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်နိုင်တယ်လို့ စိုးရိမ်နေတာဟာ အခြေအနေ တစ်ခုလုံးကို အသေးစိတ်မသိလို့ စိုးရိမ်နေကြတာပါ။

The Voice : KNU က UNFC ကအဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းခဲ့တဲ့ အတွက်က NCCT အဖွဲ့အတွင်း
မှာရော တစ်စုံတစ်ရာ သက်ရောက်မှု ရှိနိုင်လား။

PMNM : NCCT အပေါ် လုံးဝမထိခိုက်နိုင်ပါဘူး။ NCCT မှာ တိုင်းရင်းသား တစ်ဖွဲ့ချင်းစီ တစ်ဖွဲ့ချင်းစီ လွတ်လပ်စွာ ပူးပေါင်း ဆောင်ရွက်တာ ဖြစ်တယ်။ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ NCCT စုပေါင်းပြီး ဘယ်လိုအခြေခံပေါ်မှာ ဘယ်လို ရပ်တည်ချက်မျိုးနဲ့ ဆွေးနွေးမှုပုံစံကို ပြုလုပ်မယ်ဆိုတာ ညှိနှိုင်းပြီးမှ လုပ်ကိုင်တာ ဖြစ်တဲ့အတွက် မထိခိုက်နိုင်ပါဘူး။

The Voice : အခုလို အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းတာက KNU နဲ့ အစိုးရနဲ့ တအားရင်းနှီးလာလို့ KNU က အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းတာလို့ အချို့စွပ်စွဲတာတွေ ကြားနေရတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးရော ဘာများပြောချင်တာရှိလဲ။

PMNM : KNU က အစိုးရနဲ့ ရင်းနှီးတာနဲ့ UNFC က နုတ်ထွက်တာ ဘာမှမဆိုင်ပါဘူး။ အခုဆို KNU က UNFC က နုတ်ထွက်ခြင်းအားဖြင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားနိုင်မလား ဆိုတဲ့အပေါ် အစိုးရကတောင် စိုးရိမ်နေပါတယ်။ အစိုးရက သတိထားပါတယ်။ ထစ်ခနဲဆို အစိုးရက တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲအောင် လုပ်နေတယ်လို့ အထင်ခံရမှာ စိုးနေတယ်။

The Voice : UNFC က KNU အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းလိုက် တဲ့အတွက် လက်ရှိ တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေနိုင်တယ်လို့ တချို့တိုင်းရင်းသား အဖွဲ့အစည်းတွေက ပြောဆိုထားတဲ့ အပေါ်မှာရော ဘာပြောချင်လဲ။

PMNM : UNFC က အဖွဲ့ဝင်အဖြစ်မှ ယာယီရပ်ဆိုင်းမှုကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို မပျက်ပြားစေနိုင်ပါဘူး။ KNU မှာ တပ်ပေါင်းစုအနေနဲ့ အတွေ့အကြုံ အများကြီး ရှိထားပါတယ်။ ဥပမာ ၁၉၉၀ ခုနှစ် န.အ.ဖ နဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက သူ့အခြေအနေ သူ့အခက်အခဲနဲ့သူ အပစ်အခတ်ရပ်စဲရေး အသီးသီး လုပ်သွားတယ်။ 

တိုင်းရင်းသားတွေက သူသွားစရာရှိတာ သွားတယ်။ တိုင်းရင်းသားတွေနဲ့ နိုင်ငံတော်အစိုးရ အပစ်အခတ် ရပ်စဲရေးလုပ်တာ တစ်ဖွဲ့ချင်းလုပ်တာ ဖြစ်တယ်။ အစိုးရနဲ့ နိုင်ငံရေး တွေ့ဆုံမှုတွေ လုပ်ဆောင်တာ NCCT အနေနဲ့ လုပ်ဆောင်တာပါ။ UNFC ရဲ့ လွှမ်းမိုးမှု ဘာမှမရှိပါဘူး။ အဲတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အတွက်ရော၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အတွက်ရော မထိခိုက်နိုင်ပါဘူး ။ UNFC ကနေ KNU အဖွဲ့ဝင်အဖြစ်မှ ယာယီ ရပ်ဆိုင်းတာက တိုင်းရင်းသား လက်နက်ကိုင်တွေ သွားနေတဲ့ လမ်းကြောင်းကို သွေဖယ်တာ မဟုတ်တဲ့အတွက် စည်းလုံးမှု မထိခိုက်ဘူး။

The Voice Weekly

No comments:

Post a Comment

My Blog List