Thursday, September 04, 2014

မြို့နယ် ၁၀ မြို့နယ်မှ စုစုပေါင်း ထောင်ဒဏ်ရှစ်နှစ် ချမှတ်ထားသည့် ကိုထင်ကျော် အား မြောက်ဥက္ကလာပတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်နှင့် လေးလ ထပ်မံချမှတ်


ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ဆန္ဒပြမှုဖြင့် မြို့နယ် ၁ဝ မြို့နယ်မှ စုစုပေါင်းထောင် ဒဏ်ရှစ်နှစ် ချမှတ်ခံထားရသော ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MDCF) အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား စက်တင်ဘာ ၃ ရက် နံနက်ပိုင်းတွင် မြောက်ဥက္ကလာပ မြို့နယ် တရားရုံးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅ဝ၅(ခ) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်ကို လည်းကောင်း၊ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ-၁၈ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်လေးလကို လည်းကောင်း ထပ်မံချမှတ်ခဲ့ကြောင်း သိရသည်။

၂ဝ၁၄ ခုနှစ် ဧပြီ ၁၈ ရက် နံနက်ပိုင်းခန့် ၌ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၂)ဈေးတွင် ဒီမိုကရေ စီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်သည် ပြည်ထောင်စုအစိုးရအား အယုံအကြည် မရှိကြောင်း၊ ပြည်သူသာလျှင် အရှင်သခင်ဖြစ်ကြောင်းကို ဆန္ဒပြဟောပြောကာ လက်ကမ်းစာစောင် ဖြန့်ဝေခဲ့မှုကြောင့် ၎င်းအား မြောက်ဥက္ကလာပ မြို့နယ်ရဲစခန်း မှ တရားစွဲဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ယင်းနေ့ညပိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ဈေး၌ ညနေ ၆ နာရီခန့်က ဖယောင်း တိုင်မီးထွန်းပြီး လမ်းလျှောက်ခဲ့သဖြင့် မြောက်ဥက္ကလာပမြို့နယ် ရဲစခန်းမှ ပုဒ်မ-၁၈ ဖြင့် ထပ်မံ၍ တရားစွဲ ထားကြောင်း သိရသည်။

ထို့နောက် မြောက်ဥက္ကလာပမြို့နယ် တရားရုံးမှ ရုံးချိန်း ၁၁ ကြိမ်မြောက်ချိန်းဆိုကာ ယခုကဲ့သို့ အမိန့်ချ မှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့အဖွဲ့အနေနဲ့ ကိုထင်ကျော်ရဲ့ လုပ်ရပ်တွေအတွက် အမြဲတမ်း ထောက်ခံနေပါတယ်။ ကိုထင်ကျော်က ပြောပါတယ်။ လက်ရှိ အစိုးရရဲ့လုပ်ရပ်တွေ ကို ပြည်သူလူထုကို ထောက်ပြရင်း ဆက်လက်ရှုတ်ချသွားမှာပါ” ဟု MDCF အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အမိန့်ချမှတ်ပြီးနောက် တရားရုံးမှ ပြန်လည်ထွက်လာစဉ် ကိုထင်ကျော်နှင့် ၎င်း၏အဖွဲ့ဝင်များက အာဏာရှင်အစိုးရအား ဆန့်ကျင်ကြောင်းကို လက်သုံးချောင်းထောင်ကာ ကြွေးကြော်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကိုထင်ကျော်အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ၅ဝ၅(ခ)ဖြင့် တောင်ဥက္ကလာပမြို့ နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ခြောက်လ၊ ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ သင်္ဃန်းကျွန်းမြို့ နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်နှင့် မရမ်းကုန်းမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်၊ လှိုင်သာယာမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်တစ်နှစ်တို့ကို ချမှတ်ထားခဲ့ပြီး စုစုပေါင်း ပုဒ်မ ၅ဝ၅ (ခ)ဖြင့် ခုနစ်နှစ်ခြောက်လ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ကိုထင်ကျော်အား ငြိမ်းစုစီပုဒ်မ (၁၈)ဖြင့် ကျောက်တံတားမြို့နယ် တရားရုံးမှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးလအား လည်းကောင်း၊ ဗဟန်းမြို့နယ်တရားရုံးမှ ထောင်ဒဏ်သုံးလအားလည်းကောင်း ချမှတ်ထားပြီး ပုဒ်မ ၁၈ ဖြင့် စုစုပေါင်း ထောင်ဒဏ်ခြောက်လ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကိုထင်ကျော်သည် ပုဒ်မ ၅ဝ၅ (ခ) ဖြင့် ကိုးမြို့နယ်မှ ထောင်ဒဏ် ရှစ်နှစ်ခြောက်လ၊ မြို့နယ်သုံးမြို့နယ်မှ ပုဒ်မ ၁၈ ဖြင့်ထောင်ဒဏ် ၁ဝ လတို့ကို ချမှတ်ထားခဲ့ပြီး စုစုပေါင်းထောင်ဒဏ် ကိုးနှစ်နှင့်လေးလ ချမှတ်ထားပြီးဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ကိုထင်ကျော်အား စက်တင်ဘာ ၁၁ ရက်တွင် ရွှေပြည်သာမြို့နယ် တရားရုံးမှ ပုဒ်မ-၅ဝ၅ (ခ) ဖြင့် အမိန့်ချမှတ် သွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment

My Blog List