Wednesday, September 03, 2014

ယူအန်အက်ဖ်စီ ထိပ်တန်းတာဝန် ၂ ခု ကေအန်ယူအတွက် လျာထားချန်လှပ်


ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ (ယူအန်အက်ဖ်စီ) ကွန်ဂရက်ကနေ ထွက်ခွာသွားသလို ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်ကနေ ယာယီ ဆိုင်းငံ့လိုက်ပေမယ့် ယူအန်အက်ဖ်စီအဖွဲ့ဝင်တွေဟာ ထိပ်တန်းတာဝန်ရှိ နေရာ ၂ နေရာကို ကရင် အမျိုးသားအစည်းအရုံးအတွက် လျာထားချန်လှပ်ခဲ့ကြပါတယ်။

ကွန်ဂရက်ကို သြဂုတ်လ ၂၅ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့ ည ၉ နာရီထိ  ၇ ရက်ကြာ ကျင်းပပြီးမှ အဆုံးသတ်ခဲ့တာဖြစ်ပြီး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ ပထမအကြိမ် ညီလာခံကနေ တိုင်းရင်းသားတွေ လိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အောင်မြင်တဲ့အထိ ကြိုးပမ်းသွားမယ်လို့ ဆုံးဖြတ်ကြေညာလိုက်ပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်သက်တမ်းအတွက် ညီလာခံကနေ ဖက်ဒရယ်ကောင်စီဝင် ၄၂ ဦးကို ရွေးချယ်ခဲ့သလို ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၂ ဦးကို ထပ်မံရွေးချယ်ခဲ့ပါတယ်။

ယူအန်အက်ဖ်စီရဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ယူအန်အက်ဖ်စီကနေ ယာယီဆိုင်းငံ့ထားတဲ့ ကရင် အမျိုးသားအစည်းအရုံးအတွက် ၂ နေရာ ချန်လှပ်ထားပါတယ်။

ညီလာခံကနေ  ဥက္ကဋ္ဌအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး အန်ဘာလ၊  ဒုတိယဥက္ကဋ္ဌ (၁) အဖြစ် နိုင်ဟံသာ၊ ဒုဥက္ကဋ္ဌ (၂) အဖြစ် (ကေအန်ယူအတွက်ချန်လှပ်ထား) အထွေထွေအတွင်းရေးမှူးက ခူးဦးရယ်၊ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) အဖြစ် ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး (၂) အဖြစ် ဆလိုင်းထလာဟေးတို့ကို ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအဖြစ် ဒေါက်တာ လားဂျာ၊ ဗိုလ်ချုပ်ဘီထူး၊ ဒူဝါ ဘွန်ဝမ်လာရော်၊ စ၀်စိုင်းထူး၊ ဒေါက်တာခင်မောင်နဲ့ (ကေအန်ယူအတွက်လျာထား) တို့ ဖြစ်ပါတယ်။

မူလက သြဂုတ်လ ၂၅ ရက်နေ့ကနေ ၂၈ ရက်နေ့ထိ ၄ ရက်ကြာကျင်းပဖို့ ဖြစ်ပေမယ့် ညီလာခံအတွင်း ဆွေးနွေးမှုတွေ မပြီးပြတ်တာကြောင့် ၇ ရက်ထိ ကြာမြင့်ခဲ့တာပါ။

ညီလာခံ ၅ ရက်မြောက်နေ့မှာတော့ ကရင်အမျိုးသားအစည်းအရုံးက စေလွှတ်တဲ့ ကေအန်ယူကိုယ်စား လှယ်အဖွဲ့ ညီလာခံကနေ ထွက်ခွာသွားသလို ယူအန်အက်ဖ်စီ အဖွဲ့ဝင်အဖြစ်ကနေ ယာယီရပ်နား ကြောင်း ကြေညာခဲ့ပါတယ်။

ဒီဖြစ်ထွန်းမှုအပေါ် ကေအန်ယူဒုတိယဥက္ကဋ္ဌ နော်စီဖိုးရာစိန်က ညီလာခံကို ပေးပို့တဲ့စာထဲမှာ ယူအန် အက်ဖ်စီ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ ကေအန်ယူကိုယ်စားလှယ်တွေက သဘောထားမတူညီခြင်းနဲ့ ဖက်ဒရယ်ကောင်စီဝင်ကိုယ်စားလှယ် ရွေးချယ်ပေးပို့နိုင်ခြင်း မရှိတဲ့အပေါ် ကေအန်ယူအတွင်း ပြန်လည် ညှိနှိုင်းသွားမယ်လို့ ဖော်ပြထားပါတယ်။

ညီလာခံနှောင့်နှေးကြန့်ကြာသွားတဲ့အပေါ်ကိုလည်း ကေအန်ယူကိုယ်စား သူက တောင်းပန်ထားပါတယ်။

ကေအန်ယူဗဟိုက စက်တင်ဘာ ၁ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်တဲ့ သဘောထားကြေညာချက်မှာတော့ ယူအန်အက်ဖ်စီအဖွဲ့ကနေ ကေအန်ယူက ယာယီဆိုင်းငံ့ထားမှာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ကေအန်ယူခေါင်းဆောင်ပိုင်းအနေနဲ့ ယူအန်အက်ဖ်စီကနေ နုတ်ထွက်သင့် မသင့်ကိစ္စကို  ဒီကြားကာ လမှာ ယူအန်အက်ဖ်စီ အစည်းအဝေးတွေ၊ လှုပ်ရှားမှုတွေနဲ့ ဆုံးဖြတ်ချက်ချတဲ့ အပိုင်းတွေမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

လာမယ့်သီတင်းပတ်တွေအတွင်းမှာ ကေအန်ယူကိုယ်စားလှယ်အဖွဲ့နဲ့ ကေအန်ယူဗဟိုအလုပ် အမှု ဆောင်ကော်မတီတွေ တွေ့ဆုံဖို့ရှိပြီး ယူအန်အက်ဖ်စီထဲမှာ ကေအန်ယူ ဆက်ပါရေးမပါရေး သုံးသပ်သွား မယ်လို့ ဆိုပါတယ်။

ယူအန်အက်ဖ်စီကနေ ဆိုင်ငံ့တဲ့အတွက် တပြည်လုံး အပစ်အခတ်ရပ်စဲရေး အချိန်ဇယားကို ထိခိုက်စေမှာ မဟုတ်ဘဲ အန်စီစီတီမှာ ဆက်လက်ကိုယ်စားပြု ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ကေအန်ယူအနေနဲ့ သီးခြားခွဲထွက်ပြီး မြန်မာအစိုးရနဲ့ တနိုင်ငံလုံးအပစ်ရပ်ရေးကို လက်မှတ်ရေးထိုးမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒီကွန်ဂရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ယူအန်အက်ဖ်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီး အန်ဘာလက ဒါဟာ ညီညွတ်ရေးပျက်ပြားတာ မဟုတ်ပါဘူးလို့ ဖြေဆိုပါတယ်။

“မညီညွတ်တာ မဟုတ်ဘူး။ ကျနော်တို့က ဒူးတိုက် နဖူးတိုက် ဆွေးနွေးတာပဲဖြစ်တယ်။ ဒါကြောင့်မို့ မညီညွတ်တာလို့ ပြောလို့မရဘူး။ ကြေကြေညက်ညက် ဆွေးနွေးကြတာဖြစ်တယ်” လို့ ပြောပါတယ်။

ကေအန်ယူကို အဖွဲ့ဝင်အဖြစ် ပြန်လည်ဆောင်ရွက်လာအောင် ကြိုးပမ်းမယ်လို့ သူက ပြောပါတယ်။

“ဒါ သူတို့ပြန်လာအောင် လုပ်ရမှာပဲ။ သူတို့က လုံးဝနုတ်ထွက်သွားတာ မဟုတ်ဘူး။ သူတို့ တင်ပြတဲ့ မူကြမ်းနဲ့ သက်ဆိုင်မှုမရှိလို့ ယာယီထွက်ခွာသွားတာပဲဖြစ်တယ်။ အမြဲတမ်းထွက်ခွာသွားတာ မဟုတ်ဘူး။ သူတို့ ဗဟိုမှာ ပြန်ဆွေးနွေးပြီးတော့ အဖွဲ့ဝင်အဖြစ် သူတို့ ဘယ်လိုပုံစံနဲ့ ၀င်လာမလဲတော့ မသိဘူး။ ၀င်တော့ ၀င်လာမှာပဲ။”

ယူအန်အက်ဖ်စီအဖွဲ့အနေနဲ့ အဖွဲ့ဝင်တွေအပေါ် ဆုံးဖြတ်ချက်ချမှတ်နိုင်တဲ့ အချုပ်အခြာအာဏာပိုင်အဖွဲ့ အစည်းတခုလို ဆောင်ရွက်နေတာကို လက်မခံနိုင်တာကြောင့်   ပူးပေါင်းဆောင်ရွက်လုပ်ကိုင်တဲ့ အခြေအနေမျိုးကို ပြောင်းလဲကျင့်သုံးမှုကို လိုလားတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက “တယောက်နဲ့တယောက် တဖွဲ့နဲ့တဖွဲ့ အမြင်မတူကြတာပဲဖြစ်တယ်။ တကယ်တော့ ဘာမှ ခွဲခြားတာ မရှိဘူး။ တကယ်ပဲ အာဏာရှင် ဆန် တယ်ဆိုရင်တော့ ကျန်တဲ့အဖွဲ့တွေလည်း နုတ်ထွက်သွားမှာပဲ” လို့ ပြောပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ ယူအန်အက်ဖ်စီ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်ကို မေးမြန်းရာမှာ သူက “ဒါက သူတို့မြင်နေတဲ့အမြင်ပါ။ ယူအန်အက်ဖ်စီမှာ အဲဒီလိုမျိုးမရှိပါဘူး။ အခုကလည်း ဘယ်အဖွဲ့အစည်း ကမှ ထိန်းချုပ်တာမျိုးတွေ မရှိပါဘူးလေ။ ထိန်းချုပ်တယ်ဆိုတာက တချို့ကိစ္စရပ်တွေမှာ ထင်တာမြင် တာတွေ ရှိကောင်းရှိမှာပေါ့လေ။ မူပိုင်းနဲ့တော့ တိုက်ရိုက်ထိန်းချုပ်တာမျိုး ရှိတယ်လို့တော့ မထင်ပါဘူး။ ကျန်တဲ့ အဖွဲ့အစည်းတွေလည်း ဒီအတိုင်းပဲ ခံစားရပါတယ်။ ထိန်းချုပ်တယ်လို့တော့ မဟုတ်ပါဘူး” လို့ ပြောပါတယ်။

မဟာမိတ်တပ်ပေါင်းစုတွေမှာ နှစ်ပေါင်း ၃၀ ကျော် ထိပ်တန်းတာဝန်တွေထမ်းရွက်ခဲ့သူ၊ ကွန်ဂရက်ကို လေ့လာသူအဖြစ် တက်ရောက်တဲ့ ရခိုင်လွတ်မြောက်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခိုင်းစိုးနိုင်အောင်ကို မေးကြည့်ရာမှာ  ငြိမ်းချမ်းရေးဖြစ်စဉ်ကို ထိခိုက်ဖွယ်မမြင်ဘူးလို့ ပြောပါတယ်။

“ညီလာခံမှာ ကေအန်ယူကိုယ်စားလှယ် နုတ်ထွက်သွားတာနဲ့ပတ်သက်လို့ ညီညွတ်မှုကို ထိခိုက်တယ် လို့တော့ မြင်တယ်။ ဒါပေမယ့် အဲဒီညီညွတ်မှုကို ထိခိုက်ပေမယ့် ညီညွတ်ရေးကို ပြန်ပြီးကောင်းအောင် ဆောင်ရွက်ရမယ့် နည်းလမ်းတွေတော့ရှိတယ်။ နောက် ကေအန်ယူထွက်သွားခြင်းအားဖြင့် ငြိမ်းချမ်းရေး မှာ ထိခိုက်မှုမရှိနိုင်ဘူးလို့ မြင်မိတယ်။ ဘာကြောင့်လဲဆိုရင် ငြိမ်းချမ်းရေးနဲ့ သွားနေတာက အန်စီစီတီ (တိုင်းရင်းသားလက်နက်ကိုင်ကိုင်အဖွဲ့များရဲ့ တပြည်လုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေး အဖွဲ့) ဖြစ်တယ်။ အန်စီစီတီမှာ ကေအန်ယူပါတယ်။ တခြားအဖွဲ့အစည်းတွေပါတယ်။ ယူအန်အက်ဖ်စီနဲ့ အန်စီစီတီက ခွဲပြီးလုပ်နေတာတွေရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မထိခိုက်ဘူးလို့ မြင်မိ တယ်။”

ယူအန်အက်ဖ်စီကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အခုကျင်းပပြီးစီးခဲ့တဲ့ ယူအန်အက်ဖ်စီကွန်ဂရက်ကို အဖွဲ့ဝင် ၁၂ ဖွဲ့အပြင် ဆက်စပ်အဖွဲ့အစည်းတွေက ကိုယ်စားလှယ် အယောက် ၉၀ တက်ရောက်ခဲ့ပါတယ်။

ဒီကွန်ဂရက်မှာ ပြည်တွင်းက လာရောက်ကြတဲ့ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအင်အားစုတွေကို သြဂုတ် ၂၉ ရက်နေ့နဲ့ ၃၀ ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေး အမြင်ချင်းဖလှယ်နိုင်ခဲ့ကြပြီး ဖက်ဒရယ်ပြည်ထောင်စု တည်တောင်ရေးကို ထပ်မံသဘောတူညီခဲ့ကြပါတယ်။

ကွန်ဂရက်ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ရှေ့လုပ်ငန်းစဉ်တွေကိုတော့ စက်တင်ဘာ ၃ ရက်နေ့ ရှင်းလင်းပြောဆို မှာဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List