Friday, September 05, 2014

ယူကရိန်းကို ဝင်တိုက်သည့် ရုရှားသည် စစ်အေးခေတ် နောက်ပိုင်း ပထမဆုံး ရန်စသောနိုင်ငံဟု NATO အကြီးအကဲ စွပ်စွဲ



ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဒေသ၌ ဖြစ်ပေါ်နေသည့် စစ်မက်ပဋိပက္ခတွင် ရုရှားနိုင်ငံက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ယခုအခါ ရုရှားကို စစ်အေးခေတ်ကာလ နောက်ပိုင်း ပထမဆုံး ရန်စပြုမူသော နိုင်ငံအဖြစ် မိမိတို့က ရှုမြင်ထားပြီ ဖြစ်သည်ဟု NATO အဖွဲ့ အကြီးအကဲက စွပ်စွဲပြောဆိုလိုက်ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 
“လုံခြုံရေး အနေအထားတွေ သိသိသာသာ ပြောင်းလဲမှုနဲ့ ကျွန်တော်တို့ ကြုံတွေ့နေရပါတယ်။ အရှေ့ဘက် ဒေသမှာဆိုရင် ရုရှားဟာ ယူကရိန်းကို တိုက်ခိုက်လျက် ရှိပါတယ်” ဟု NATO အဖွဲ့၏ အထွေထွေအတွင်းရေးမှူး အန်ဒါဖို့ရပ်မျူဆန်က ပြောကြားသည်။ 

မစ္စတာ အန်ဒါဖို့ရပ်မျူဆန်သည် ဝေးလ်မြို့တွင် ကျင်းပသည့် NATO ထိပ်သီးဆွေးနွေးပွဲသို့ မတက်ရောက်မီ သတင်းထောက် များနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ရုရှားကို ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 

အဆိုပါ ထိပ်သီးဆွေးနွေးပွဲသို့ အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် ၎င်း၏ ဥရောပ မဟာမိတ်နိုင်ငံများမှ ခေါင်းဆောင် ၂၇ ဦး တက်ရောက်ခဲ့ကာ အီရတ်နှင့် ဆီးရီးယားတို့တွင် နယ်မြေ သိမ်းပိုက်လျက်ရှိသော အစ္စလာမ္မစ်နိုင်ငံတော် (IS) အုပ်စု အား နှိမ်နင်းဖြိုခွင်းရေးအတွက် ဆွေးနွေးခဲ့ကြသည်။

ယူကရိန်းနိုင်ငံ ပြဿနာတွင် စစ်ရေးဖြင့် ဝင်ရောက်စွက်ဖက်မှုများကို အဆုံးမသတ်ပါက ရုရှားအပေါ် ဖိအားများ ပိုပေးသွားမည် ဖြစ်သည်ဟု NATO ထိပ်သီးဆွေးနွေးပွဲကို လက်ခံကျင်းပသည့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားသည်။ 

“ရုရှားနိုင်ငံ နားလည် သဘောပေါက်ထားရမယ့် ကိစ္စက တကယ်လို့ သူတို့ဘက်က ယူကရိန်းကို ယခုကျင့်သုံးနေတဲ့ နည်းလမ်းအတိုင်း ဆက်လက် ချဉ်းကပ်နေမယ်ဆိုရင် ဖိအားပေးမှုတွေ အများကြီးနဲ့ ရင်ဆိုင်ရမယ် ဆိုတာပါ” ဟု ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ပြောကြားသည်။ 

NATO အဖွဲ့ အကြီးအကဲ ဖြစ်သူကမူ ယူကရိန်း ပြဿနာသည် ဘာလင်တံတိုင်း ပြိုလဲသွားပြီး နောက်ပိုင်း အရှေ့နှင့် အနောက် ပထမဆုံး ထိပ်တိုက်ရင်ဆိုင်တွေ့မှု ဖြစ်သည်ဟု သုံးသပ်သည်။ 

ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုသည် ထိပ်သီးဆွေးနွေးပွဲ မစတင်မီ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ အစရှိသည့် နိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု သတင်းဌာနများက ရေးသားဖော်ပြသည်။ 

ယူကရိန်း ခေါင်းဆောင်သည် ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်ကို ဆန့်ကျင်နိုင်ရေးအတွက် အဆိုပါနိုင်ငံများမှ နိုင်ငံရေး ထောက်ပံ့မှု အပါအဝင် စစ်လက်နက်၊ စစ်ရေးလေ့ကျင့်မှု၊ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေး သတင်းအချက်အလက်များ ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု Reuters သတင်းဌာနက ဖော်ပြသည်။

The Voice Weekly

No comments:

Post a Comment

My Blog List