Wednesday, September 03, 2014

သူပုန်များနှင့် အပစ်အခတ် ရပ်စဲရန် ရုရှားနှင့် သဘောတူညီမှု ရရှိပြီဟု ယူကရိန်းကြေညာ


နိုင်ငံအရှေ့ပိုင်း ဒေသများတွင် သူပုန်တပ်များနှင့် စစ်ဖြစ်နေရာမှ အမြဲတမ်း အပစ်အခတ် ရပ်စဲရေး အတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် သဘောတူညီမှု ရရှိခဲ့ပြီဟု ယူကရိန်းသမ္မတ ပက်ထရို ပိုရိုရှန်ကို၏ အစိုးရ အဖွဲ့က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

ရုရှားလိုလားသည့် သူပုန်တပ်ဖွဲ့များက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ လူဟန့်စ်ခ်နှင့် ဒိုးနက်စ်ခ် မြို့များတွင် ခွဲထွက်ရေး ကြေညာကာ ယူကရိန်းအစိုးရကို ဆန့်ကျင် တိုက်ခိုက်ခဲ့သည်။ အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ယူကရိန်းနှင့် ရုရှားတို့ကြား ဆက်ဆံရေး အေးခဲ တင်းမာခဲ့သော်လည်း ယခုအခါ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိလာခြင်း ဖြစ်သည်။

“နှစ်နိုင်ငံ အစိုးရတွေ ဆွေးနွေးညှိနှိုင်းပြီးတဲ့နောက် ဒိုးနက်စ်ခ်၊ လူဟန့်စ်ခ်နဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ အမြဲတမ်း အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါပြီ”ဟု ယူကရိန်း သမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့သည်။ 

အဆိုပါ သဘောတူညီချက်အတွက် ပူတင်နှင့် ပိုရိုရှန်ကိုတို့ တယ်လီဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ခြင်း
ဟု ဆိုသည်။ “နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ အပြန်အလှန် နားလည်မှု တည်ဆောက်ပြီး ငြိမ်းချမ်းရေးဆီ ဦးတည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က ဆိုသည်။

ယူကရိန်း အရှေ့ပိုင်းတွင် ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြောင့် နှစ်ဖက် တိုက်ခိုက်ရေးသမားများနှင့် အပြစ်မဲ့ပြည်သူ (၂၆၀၀)ကျော် သေဆုံးခဲ့သည်။ ယူကရိန်းနှင့် အမေရိကန် ဦးဆောင်သော မဟာမိတ်
များက ရုရှားတပ်များသည် သူပုန်များဘက်မှ ကူညီ တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲထားကြသော်လည်း ပူတင်
က မိမိတို့နှင့် ခွဲထွက်ရေး ပြောက်ကျားများကြား ဆက်နွယ်မှု မရှိဟု ငြင်းဆိုထားသည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List