Friday, September 05, 2014

အပစ်ရပ်စဲရေးစာချုပ်မူကြမ်း အပြီးသတ်အချောသပ်ဆွေးနွေးနိုင်ရန် UPWC နှင့် NCCT တို့၏ ဆွေးနွေးပွဲကို အနည်းဆုံးငါးရက်အထိ ပြုလုပ်ရန်ရည်ရွယ်ထား


သဘောတူညီမှုရရှိရန် အချက်အနည်းငယ်သာ ကျန်ရှိတော့သည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း အပြီးသတ်အချောသပ်ဆွေးနွေးနိုင်ရန် အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ယခုစက်တင်ဘာလအတွင်းပြုလုပ်ရန် နှစ်ဖက် သဘောတူညီထားသော ဆွေးနွေးပွဲကို  အနည်းဆုံးငါးရက်အထိပြုလုပ်ရန် NCCT ဘက်မှ ရည်ရွယ်ထားကြောင်း သတင်းရရှိသည်။


နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးညှိနှိုင်းမှုဆွေးနွေးပွဲကို ယခု စက်တင်ဘာ ၂၂ ရက် တွင် စတင်ပြုလုပ်ရန် အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်သို့ အဆိုပြုထားပြီး ယင်းအဆိုပြုချက်ကို တုံ့ပြန်သွားရန်အတွက် စက်တင်ဘာ ၈ ရက် မှ ၁ဝ ရက်ကြားတွင် ပြုလုပ်မည့် NCCT အစည်းအဝေးတွင် ညှိနှိုင်းပြီး အကြောင်းပြန် သွားမည်ဟု NCCT မှ ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

“ကျွန်တော်တို့ NCCT ဘက်က စဉ်းစားထားတာက အရင်တစ်ခါတုန်းက သုံးရက်ဆွေးနွေးတယ်။ ကျွန်တော်တို့ ဆွေးနွေးတာ ကျေကျေလည်လည် မဖြစ်ဘူး။ ဒီတစ်ခါဆွေးနွေးရင်တော့ ကျွန်တော်တို့ဘက် က စဉ်းစားထားတာက အနည်းဆုံး ငါးရက်လောက် ဆွေးနွေးရင်ကောင်းမလားဆိုပြီး စဉ်းစားထားတာ ရှိတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက်တော့ မကျသေးဘူး” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောကြားသည်။

လာမည့်ဆွေးနွေးပွဲတွင် နိုင်ငံရေးဆွေးနွေးမှုတွင် ပါဝင်မည့် အစုအဖွဲ့ပုံစံသတ် မှတ်ရေးနှင့် အပစ်အခတ် ရပ်စဲရေးဆောင်ရွက်ပြီးနောက်ပိုင်း နိုင်ငံရေးဆွေးနွေးနေစဉ် တိုင်းရင်းသားအဖွဲ့အစည်းများ ရပ်တည် နိုင်ရေးကိစ္စများပါဝင်သည့် ကြားကာလ အစီအစဉ်တို့မှာ အဓိက ညှိနှိုင်းရမည့်အချက်များဖြစ်သော်လည်း အပစ်ရပ်စဲရေး စာချုပ်မူကြမ်းကို အချောသပ်နိုင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။

“အစိုးရအဖွဲ့ရယ်၊လွှတ်တော်ရယ်၊ တပ်မတော်ရယ် အင်အားစုတစ်ခုအဖြစ်နဲ့ လာမလား၊ သုံးခုအနေနဲ့ လာမလားဆိုတာပဲကွာတယ်။ ဘယ်သူတွေ ဆွေးနွေးပွဲမှာ ထိုင်မယ်ဆိုတဲ့ အကြောင်းအချက်က အားလုံး တူပြီးသားဖြစ်တယ်” ဟု ဒေါက်တာဆလိုင်းလျန်မှုန်းက ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံတွင် ကရင်အမျိုး သားအစည်းအရုံး (KNU) အဖွဲ့မှ  UNFC အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းခဲ့ခြင်းသည် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးဆောင်ရွက်မှု လုပ်ငန်းစဉ်အပေါ် ထိခိုက်မည်မဟုတ်ဟု NCCT ၊ UPWC နှင့် KNU ကိုယ်စားလှယ်များက ပြောကြားသည်။ 

ဒေါက်တာဆလိုင်းလျန်မှုန်းက “စိုးရိမ်စရာမရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ KNU အနေနဲ့ အခုလတ် တလောမှာ UNFC က ခဏရပ်ပေမယ့် သူတို့အနေနဲ့ NCCT မှာပါမယ်ဆိုတာ ထုတ်ပြန်ထားပါတယ်။ အဲဒီအတွက်ကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်က မထိခိုက်နိုင်ဘူးလို့ မြင်တယ်။ အားလုံး ကလည်း ဒါကို လေးလေးနက်နက်ထားတယ်။ အခုအချိန်က တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီတိုင်းပြည်ရဲ့ပြဿနာကိုဖြေရှင်းဖို့ အခွင့်အရေး အကောင်းဆုံးအချိန်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံး နားလည်ပါတယ်” ဟု ပြောကြားသည်။

NCCT အဖွဲ့ ဒုတိယခေါင်းဆောင် (၁) ဖြစ်သူ KNU မှ ပဒိုစောကွယ်ထူးဝင်းက “NCCT ဆိုတာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ အလုပ်အဖွဲ့။ သူက UNFC  က ဖွဲ့ပေးထားတာ မဟုတ်ဘူး။ အခုတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးမှာ KNU ကလည်း NCCT အဖွဲ့ဝင်ဖြစ်သလိုဆက်လက်ပြီး ပူးပေါင်းဆောင်ရွက်သွားမှာပါ” ဟု ပြောကြားသည်။

UPWC အလုပ်အဖွဲ့မှ ဦးလှမောင်ရွှေကလည်း “ကျွန်တော်တို့ UNFC နဲ့ မူဘောင်ကိစ္စအတွက် တစ်ခါပဲ ဆွေးနွေးဖူးတဲ့အတွက် ကျွန်တော်တို့အနေနဲ့ NCCT နဲ့ ဆက်ဆွေးနွေးမှာဖြစ်တဲ့အတွက် NCCT ဟာ ဘာအပြောင်းအလဲမှ မရှိဘူး။ ဒါကြောင့်မို့လို့ ဆွေးနွေးပွဲတွေ ဆက်သွားလိမ့်မယ်လို့ ကျွန်တော်တို့လည်း ယုံကြည်ပါတယ်” ဟု ပြောကြားသည်။

“UNFC ညီလာခံထုတ်ပြန်ချက်ထဲမှာလည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပြီးတော့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဖြေရှင်းမယ်။ ပြီးတော့ NCCT ရဲ့လုပ်ငန်းစဉ်ကို အားပေးမယ်။ တစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးကို လုပ်ဆောင်ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ လိုလားတယ်ဆိုတာ ဖော်ပြ ထားပါတယ်။ အဲဒီအတွက်ကြောင့် ဒီ NCCT ရဲ့လုပ်ငန်းစဉ်ကို အထိခိုက်မခံလောက်ဘူးလို့ မြင်ပါတယ်” ဟု UNFC အဖွဲ့ဝင် ချင်းအမျိုးသားတပ်ဦး (CNF) ၏ အဓိပတိကောင် စီဝင်တစ်ဦးလည်းဖြစ်သူ ဒေါက်တာ ဆလိုင်းလျန်မှုန်းက ပြောကြားသည်။  

Eleven Media Group

No comments:

Post a Comment

My Blog List