Friday, September 05, 2014

ဓမ္မစေတီကြောင့် ဒုတိယအကြိမ် စိတ်ဝမ်းမကွဲကြစေလိုပါ


ယခုရက်ပိုင်းတွင် ပြည်သူအချင်းချင်းကြားမှာ ရောသတင်းမီဒီယာ အချင်းချင်းကြားမှာပါ အငြင်းပွားဖွယ် ရာအဖြစ်ဆုံးကိစ္စတစ်ခုသည် ဓမ္မစေတီ ခေါင်းလောင်းကြီးဆယ်ယူရေးကိစ္စပင်ဖြစ်ပါသည်။ ဓမ္မ စေတီ ခေါင်းလောင်း အမှန်တကယ်ရှိတယ်၊ မရှိဘူး။ နဂါး စောင့်နေတာ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး။ ခေါင်းလောင်းကြီး တွေ့ထားပြီဆိုတာ ဟုတ်တယ်၊ မဟုတ်ဘူး စသည်ဖြင့် အမျိုးမျိုးငြင်းခုံနေကြသည်။

တချို့လူမှုကွန်ရက်အကောင့် ပိုင်ရှင်များကလည်း အဆိုပါကိစ္စ သည် အစိုးရရဲ့လှည့်ကွက်တွေပါ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအသံကို အာရုံပြောင်းတာပါ။ နတ်နဂါးယုံ ကြည်ကိုးကွယ်မှု ဝါဒမှိုင်းတိုက်ခြင်း ပါဟူ၍လည်း အမျိုးမျိုးကဲ့ရဲ့ရှုတ် ချကြသလို တချို့သတင်းမီဒီယာ များက 'ဒဏ္ဍာရီကိုပြန်အသက်သွင်း နေခြင်း ပါ'ဟု ရေးသားဖော်ပြသည်အထိ ဓမ္မစေတီမင်း ကြီး၏ခေါင်းလောင်းပြဿနာ သည် တစ်နေ့တစ်မျိုး မရိုး ရအောင် ခေါင်းစဉ်အတပ်ခံနေရသည်။ 

အခြားတစ်ဖက် တွင် ခေါင်းလောင်းကြီးကိုစိတ်ဝင်စား၍ လာရောက်ကြည့် ရှုသည့်ပရိသတ်များလည်း ဒေါပုံချောင်းကမ်းပါးတွင် နေ့ စဉ် အများအပြား တွေ့မြင်နေရသလို ခေါင်းလောင်းကြီး အမြန်ဆယ်ယူရရှိနိုင်စေရန် မိမိတို့ ယုံကြည်ရာ ဆိုင်ရာ ပိုင်ရာများအား ဆုတောင်းမေတ္တာပို့သမှုများ လည်း ပုံစံအမျိုးမျိုးဖြင့် တွေ့မြင်နေရသည်။ 

ယခုကဲ့သို့ ဒွိဟသံသယဖြင့် နှစ်ဖက်အချင်းများနေ ကြသောမြင်ကွင်းကို နေ့စဉ် မြင်နေရ၊ ကြားနေရသော အခါ လွန်ခဲ့သည့်နှစ်ပေါင်း ၅ဝဝကျော်က ဟံသာဝတီ မင်းနေပြည်တော်တွင် ဓမ္မစေတီမင်းကြီးကို အကြောင်း ပြုပြီး မှူးမတ်ဗိုလ်ပါ မင်းပရိသတ်များအကြား အချေအ တင် အငြင်းအခုံပွားခဲ့ကြသော သမိုင်းဖြစ် စဉ်တစ်ခုကို ပြန်ပြောင်း၍ သတိရမိစေပါသည်။

ကောဇာသက္ကရာဇ် ၈၁၄ခုနှစ်တွင် ဟံသာဝတီထီးနန်း ကိုအုပ်ချုပ်မင်းလုပ်ရန် နန်းမွေဆက်ခံမည့် မင်းဆက်ပျက် သည့်အရေး ကြုံခဲ့ရသည်။ ထိုအခါ နန်းတွင်းရှိ မှူးမတ် ဗိုလ်ပါအပေါင်းတို့သည် သူ့ရှင် ရာဇာဓိရာဇ်၏သွေး၊ အင်း ဝနေပြည်တော်သို့ ပါတော်မူသွားရာမှာ ရဟန်းငယ်နှစ်ပါး အကူအညီဖြင့် ဟံသာဝတီသို့ ပြန်လည်ရောက်ရှိနေသော (ဝီဟာရဒေဝီဘွဲ့ခံ) ဗညားထောမင်းသမီးကို ဘုရင်မကြီး အဖြစ်နန်းတင်ရန် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။ 

ထို့ကြောင့် ရာဇာဓိရာဇ်မင်းကြီး၏သမီးတော် ဗညား ထောသည် ရှင်စောပုဟူသောအမည်ဖြင့် မြန်မာ့ သမိုင်းတွင် တစ်ဦးတည်းသောဘုရင်မကြီးအဖြစ် သမိုင်းမော်ကွန်းဝင်ခဲ့သည်။

ထိုသို့ ရှင်စောပုဘုရင်မကြီးသည် ထီးနန်းစိုးစံချိန် တွင် မိမိအား အင်းဝမှ ဟံသာဝတီသို့ဆောင်ယူပေးခဲ့ သည့် (ပိဋိကဓရနှင့် ဓမ္မÓဏ)ဟူသည့် ရဟန်းငယ်နှစ်ပါးမှ ပိဋိ ကဓရအား လူဝတ်လဲစေပြီး ဓမ္မစေတီ ဟူသော ဘွဲ့အမည် ကိုပေးကာ သမီးတော် မိပကောထော်နှင့် စုံမက်လက်ထပ် ပေးလိုက်သည်။ 

ထို့နောက် မိမိကိုယ်တိုင် ဒဂုံဆံတော်ခြေ ရင်းတွင် တရားသီလဆောက်တည်ပွားများလို၍ ဓမ္မစေ တီအား အိမ်ရှေ့စံဥပရာဇာခန့်ပြီး တိုင်းရေးပြည်ရာများ ကို စီမံခန့်ခွဲစေမည့်အကြောင်း မှူးမတ်ဗိုလ်ပါအပေါင်းကို ဆွေးနွေးတိုင်ပင်သောအခါ ဟံသာဝတီ နန်းရင်ပြင်တစ်ခု လုံး အုတ်အော်သောင်းတင်း ပွက်လောရိုက်သံ များ ဆူညံ သွားပါတော့သည်။ ဓမ္မစေတီသည် ဘုရင်မကြီးအား အင်းဝမှ ဟံသာဝတီသို့ဆောင်ယူပေး ခဲ့သည့် ကျေးဇူးတရား ကြောင့် ဘုရင်ဖြစ်ထိုက်သည်ဟု ထောက်ခံသူများကတစ် ဖက်၊ ဓမ္မစေတီသည် ရာဇသွေးမပါသောကြောင့် ဘုရင် မဖြစ်ထိုက်ဟု ကန့်ကွက်သူများကတစ်ဖက်ဖြင့် အချေ အတင် ငြင်း ခုံနေကြတော့သည်။

ထိုအခါ ဟံသာဝတီနန်းပလ္လင်ထက်တွင် စံမြန်းနေ သော ဘုရင်မကြီးက သူ၏မှူးမတ်ဝန်ကြီးအပေါင်းတို့ အား ''မင်းကြီးများ ဟံသာဝတီနန်းမြို့ရိုးအပြင် မှာရှိတဲ့ ချောင်း ငယ်လေးကိုဖြတ်ပြီး လူကူးတံတားထိုး ထားတဲ့ သစ်တုံးပိုင်း တစ်ပိုင်းကို တွေ့ကြပါရဲ့လား။ အဲဒီသစ်တုံးပိုင်းကို နန်း တွင်းသို့ ဆောင်ယူပြီး ဗုဒ္ဓဆင်းတုတော်တစ်ဆူ အမြန်ထု လုပ်ဖို့ ငါဘုရင်မကြီး အမိန့်တော်ချမှတ်တယ်''ဟု အမိန့် တစ်ခုကို ချမှတ်လိုက်သည်။ 

ရှင်စောပုဘုရင်မကြီး အမိန့်တော်ချမှတ်ပြီးပြီးချင်း ဟံသာဝတီမှူးမတ်ဗိုလ်ပါ အပေါင်းတို့သည် နန်းမြို့ရိုး အပြင် က ချောင်းကူးသစ်သားတုံးကို နန်းတွင်းဆောင်ယူပြီး ဗုဒ္ဓ ဆင်းတုတော် အမြန်ထုလုပ်ကြသည်။ အဆိုပါဆင်းတု တော် ထုလုပ်ပြီးသောအခါ ဘုရင်မကြီး မိန့်မှာချက်ဖြင့် ဘုရားအနေကဇာတင်ပြီး ဘုရင့်နန်းဆောင် ဘုရားစင်ပေါ် တွင် အပူဇော်ခံထားလေသည်။ ထို့ကြောင့် နန်းတွင်းဝင် ရောက်ခစား ကြသာ ဟံသာဝတီမှူးမတ်ဗိုလ်ပါများနှင့် မင်း ပရိသတ်အပေါင်းတို့သည် အဆိုပါဗုဒ္ဓရုပ်ပွားတော်ကို လာလာသမျှလူတိုင်း ရှိခိုးဦးခိုက်ရလေတော့သည်။

တစ်နေ့တွင် ဘုရင်မကြီးသည် မှူးမတ်တို့အားဖိတ် ကြားပြီး နန်းတွင်းညီလာခံတစ်ခု ကျင်းပသည်။ ညီလာခံတွင် ဘုရင်မကြီးက ''မင်းကြီးများ အခုနန်းဆောင် ဘုရား စင်မှာ အပူဇော်ခံထားတဲ့ ဗုဒ္ဓ ရုပ်ပွားတော်ဟာ တစ်ချိန်က ချောင်းကူးတံတားအဖြစ်ခင်းထားတဲ့ သစ်တုံးပိုင်းမို့ လူအများ ကြိမ်ဖန်များစွာ နင်းလျှောက်သွားလာခဲ့ကြတယ်။ အခု အဲဒီသစ်တုံးပိုင်းကို ဗုဒ္ဓရုပ်ပွားတော်ထုလုပ်လိုက်ပြီး ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ပြီးတဲ့နောက်မှာ အရင်လို ချောင်းကူးသစ်သားတုံး အမှတ်နဲ့  သင်တို့ နင်းဝံ့ကြပါ သေးရဲ့လား။ နင်းဖြတ်ကျော်သွားဝံ့သူရှိရင် ရှေ့တော်ထွက်ခဲ့ပါ''ဟု မိန့်ကြားလိုက်လေသည်။ 

ထိုအခါကျမှသာ မှူး မတ်ဗိုလ်ပါအပေါင်းတို့သည် ဘုရင်မကြီး၏အတွေးတော်ကို ကောင်းစွာနားလည် သဘောပေါက်ကြပြီး သက္ကရာဇ် ၈၂၁တွင် ဓမ္မစေတီကို ဟံသာဝတီပြည့်ရှင်အဖြစ် တညီ တညွတ်တည်း နန်းတင်လိုက်ကြတော့သည်။ 

ဆိုလိုသည်မှာ ရှင်ပိဋိကဓရသည် တစ်ချိန်က ရာဇ သွေးမပါသည့် သာမန်လူတစ်ယောက်အဖြစ် ပြည်သူ များ ရှိခိုးဦးခိုက်ရန် လက်မခံနိုင်သော်လည်း အမှန် တကယ် ရာဇဘိသေကမင်းအဖြစ် ချီးမြှောက်ပြီး ချိန်တွင် ပြည်သူအားလုံး အလိုအလျောက် ရှိခိုး ဦးခိုက်ရတော့မည့် သဘောပင်ဖြစ်သည်။ အဆိုပါဖြစ်စ ဉ်သည် ဓမ္မစေတီမင်းကြီး ထီးနန်းဆက် ခံရရှိရေးကို အကြောင်းပြုပြီး ဟံသာဝတီမင်း နေပြည်တော်တွင် ကန့်ကွက်သူနှင့် ထောက် ခံသူများအကြား နှစ်ဖက်အငြင်းအခုံပွားခဲ့ကြရသည့် ပထမဖြစ်စဉ်ဟု ဆိုနိုင် သည်။

ယခု ခေါင်းလောင်းပြဿနာသည် ဓမ္မစေတီမင်းကြီးကို အကြောင်းပြုပြီး ထောက်ခံသူနှင့်ကန့်ကွက်သူများ အကြား အပြန်အလှန် ငြင်းခုံကြရသည့် ဒုတိယ ဖြစ်စဉ်ဟု ဆိုရပေတော့မည်။ ယခင် ပထမဖြစ်စဉ်တွင် အဓိကအဆုံးအ ဖြတ်ပေးခဲ့သူမှာ ဥာဏ်အမြော်အမြင် နှင့် ပြီးပြည့်စုံသော ရှင်စောပုဘုရင်မကြီးဖြစ် သည်။ ယခုဖြစ်စဉ်ကို မည် သူက အဓိကဖြေရှင်းပေးနိုင်မည် နည်း။ နိုင်ငံတော်အစိုးရလား၊ ဦးစံလင်း လား၊ ပြည်သူတွေ လား၊ င်္ခေနဘသသု ပေါ်က အမျိုးမျိုး ဝေဖန်နေကြသူ တွေလား။ 

နိုင်ငံတော်အစိုးရသည် အမျိုးသားရေး လက္ခဏာများ၊ ယဉ် ကျေးမှုအမွေအနှစ်များ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးကို လူမှုရေး ဦးတည်ချက်အဖြစ် ပြဋ္ဌာန်းဆောင်ရွက်နေသည်။ ထို့ကြောင့် မိမိတို့ပြဋ္ဌာန်းထားသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ခြင်းတစ်စိတ်တစ်ပိုင်းအဖြစ် သမိုင်းအမွေ အနှစ် ဓမ္မစေတီခေါင်းလောင်းကြီးကို ပြန်လည်ဆယ်ယူပေးရန် အစိုးရတွင် သမိုင်းပေး တာဝန်ရှိနေ သည်။ သို့သော် အစိုးရသည် အထက်ပါတာ ဝန်ကို တစ်စုံတစ်ရာ ပြုမူဆောင်ရွက်ခြင်းမရှိသောအခါ ဦးစံလင်း(ကော့သောင်း)က မိမိအသိစိတ်ဖြင့် ခေါင်းလောင်း ဆယ်ယူရေးတာဝန်ကို ပခုံးထမ်းရယူလိုက် သည်။ 

အစိုးရကိုယ်တိုင် တာဝန်ယူလိုခြင်းမရှိသည့်ကိစ္စ တစ်ခုကို ဦးစံလင်းက ခေါင်းခံပြီးလုပ်ဆောင်လိုက်သည် ဟုလည်း ဆိုနိုင်သည်။ ဤနေရာတွင် သတိပြုရမည့်အချက် တစ်ခုမှာ ဦးစံလင်းသည် ဓမ္မစေတီခေါင်း လောင်းကြီးကို ဆယ်ယူမည်ဟု စတင်ပြောဆိုကတည်းက မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် ဆယ်ယူမည်ဟု အတိအလင်းကြေညာ ထားသည့်အချက်ဖြစ်သည်။ အဆိုပါ မြန်မာ့နည်းမြန်မာ့ဟန်သည် မည်သို့မည် ပုံဖြစ်သည်ကို မည်သူမှ ဂဃနဏ သိရှိခဲ့ကြခြင်းမရှိပါ။ ယခု အမှန်တကယ် ဆယ်ယူရန်ကြိုး စားသည့် အခါ သူ(ဦးစံလင်း)၏ လုပ်ဆောင်ချက်များသည် ခေတ်နှင့်လိုက်လျောညီထွေမှုမရှိသော အစီအမံများဖြစ် နေသည်ဟုဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်တိုက်ခိုက်ကြသည်ကို မြင်တွေ့နေရသောအခါ ဓမ္မစေတီ မင်းကြောင့် ပြည်သူများ ဒုတိယအကြိမ် စိတ်ဝမ်းကွဲခဲ့ရပြီဟု ဆိုရတော့ မလိုဖြစ်နေသည်။

ထို့ပြင် ခေါင်းလောင်းကြီးဆယ်ယူနေ မှုအခြေအနေကို ပွင့်လင်းမြင်သာစွာ ထုတ်ဖော်ပြောဆို ခြင်းမပြုဘဲ နဂါးတို့၏အလိုဆန္ဒအရ ပြုမူလုပ်ကိုင်နေရပါ သည်ဟု သူ၏ပြောဆိုမှုအတွက် သတင်းမီဒီယာများက ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြနေပြန်ရာ အခြေအနေ မှာ ပို၍ဆိုးရွားသွားခဲ့ရပြီဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ဓမ္မစေတီခေါင်းလောင်း ကြီးသည် မွန်လူမျိုးတို့၏ ယဉ်ကျေးမှုအမွေအနှစ်တစ်ခု ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ၏ သမိုင်းပြယုဂ်တစ်ခုလည်းဖြစ် သည်။ မွန်အများစုသည် မိမိတို့၏ဘိုးဘေးဘီ ဘင်လက် ထက်က သွန်းလုပ်ခဲ့သော ဓမ္မစေတီခေါင်းလောင်းကြီးကို မျက်ဝါးထင်ထင် တွေ့မြင်ကြည့်ရှု လိုကြသလို တစ်ခေတ် တစ်ခါက မိမိတို့၏ယဉ်ကျေးမှုအဆင့်အတန်း မည်မျှထွန်း ကားခဲ့သည်ကို တွေးဆဂုဏ်ယူချင်နေကြသည်။ ထို့ကြောင့် ခေါင်းလောင်းကြီးပြန်လည်ဆယ်ယူရရှိနိုင်ရန် မိမိတို့ယုံ ကြည်ကိုးကွယ်ရာကို ပုံစံအမျိုးမျိုးဖြင့် ပူဇော်ပသမှုပြုလုပ် ပြီး ဆုတောင်းပတ္ထနာ ပြုလုပ်နေကြခြင်းဖြစ် သည်။ ဓမ္မ စေတီမင်းကြီးသည် ရာဇသွေးမပါဘဲ ထီးနန်းအုပ်စိုးခွင့် ရခဲ့သူဖြစ်သည်။ ဆိုရသော် အစဉ် အလာဓမ္မတာအတိုင်း မင်းစည်းစိမ် ခံစားခွင့်ရခဲ့သူတစ်ဦးမဟုတ်ဟု ဆိုနိုင်သည်။ 

သို့သော် သူသည် မြန်မာ့သမိုင်းတွင် အလွန် တရာ ကြီးကျယ်မြင့်မြတ်သော သာသနာပြုမင်းတစ်ပါး ဖြစ်ခဲ့သည်။ ထို့အတူ ယခု သူ၏ခေါင်းလောင်းကြီး ကို ပြန်ဆယ်ယူရန် ကြိုးစားရာတွင်လည်း အစဉ် အလာမဟုတ်သောနည်းလမ်းများ ပါဝင်လာပြန်ရာ ထူးခြားသော တိုက်ဆိုင်မှုတစ်ခုဟု ဆိုရပေတော့ မည်။ မည်သို့ပင်ဆိုစေကာမူ ဓမ္မစေတီခေါင်းလောင်း ကြီးကို ပြည်သူများ မျက်ဝါးထင်ထင် တွေ့မြင်ချင် နေကြသည့်အချက်မှာ ငြင်းဆန်၍မရပါ။ ထို့ပြင် ခေါင်းလောင်းကြီးကို သူ၏မူလနေရာဖြစ်သော ရွှေတိဂုံ ကုန်းတော်ပေါ်တွင် ပြန်လည်ရောက် ရှိစေချင်သည့်ဆန္ဒများ ရှိနေကြသည်။ 

ထိုပြည် သူတို့၏ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန် လက် တွေ့ဆန်သော ကြိုးပမ်းချက်အားလုံးကို (လုံးဝ မကြိုးပမ်းပေးသောအခြေအနေထက်စာလျှင်) ကျွန်တော်တို့ ကြိုဆိုရမှာဖြစ်သကဲ့သို့ ၄င်းအခြင်းအရာပေါ် အကြောင်း ပြုပြီး ပြည်သူများအကြား အချင်းချင်းစိတ်ဝမ်းကွဲပြားမှုကို ရှောင်ရှားကြစေလိုကြောင်း တိုက် တွန်းရေးသားလိုက် ရပါသည်။

Yangon Media Group


No comments:

Post a Comment

My Blog List