Tuesday, September 02, 2014

ငြိမ်းချမ်းရေးကို မဖျက်ဆီးကြပါနဲ့


အခုရက်ပိုင်း ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး စိတ်မကောင်းစရာ သတင်းတစ်ပုဒ် ထွက်ပေါ်လာပါ တယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရဲ့ UNFC  ညီလာခံ ထဲမှာ အကွဲအပြဲ သဘောမတူညီမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ သတင်းပါ။ 

ညီလာခံ ပြန်စတဲ့ သြဂုတ် ၃၁ ရက်မှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီး တစ်ခုဖြစ်တဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ညီလာခံ ဆက်မတက်ဘဲ ထွက်ခွာသွားခဲ့တာပါ။ ဒါနဲ့ ပတ်သက်ပြီး အမျိုးမျိုး ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပေမယ့် KNU အဖွဲ့ ခေါင်းဆောင်တွေဘက်က တစ်စုံတစ်ရာတုံ့ပြန် ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ 

ဒီဖြစ်ရပ်ဟာ အစိုးရနဲ့လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုကို ထိခိုက်နိုင် မလားဆွေးနွေးပါမယ်။

UNFC ဆိုတာ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီဆိုတာကို အတိုကောက်ခေါ်တာပါ။ ဒီအဖွဲ့ထဲမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ထဲက အင်အားကြီးတဲ့ ကချင်၊ ကရင်နဲ့ အခြားတိုင်း ရင်းသား လက်နက်ကိုင်အုပ် စုတွေ ပါဝင်ကြပါတယ်။ ဒီအဖွဲ့ကြီးကို ၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီမှာ ကျင်းပတဲ့ တိုင်းရင်းသား ညီလာခံကြီးကနေ ဖွဲ့စည်းခဲ့တာပါ။ လက်ရှိအဖွဲ့ဥက္ကဋ္ဌဟာ KIO ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ ဒု-ဥက္ကဋ္ဌ အင်ဘန်လ ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးကတော့ မွန်ပြည်သစ်ပါတီခေါင်းဆောင် နိုင်ဟံသာ ဖြစ်ပါတယ်။ အဖွဲ့ကို သုံးနှစ်တစ်ကြိမ် ညီလာခံခေါ်ဖို့ စည်းမျဉ်းရှိတာမို့ ညီလာခံခေါ်ယူ စည်းဝေးနေကြတာပါ။

လက်ရှိကျင်းပနေတဲ့ ညီလာခံအစည်းအဝေးမှာ ကေအင်န်ယူ ခေါင်းဆောင်တွေ နဲ့ ကေအိုင်အိုအပါအ၀င် အခြားခေါင်းဆောင်တွေ အဓိက သဘောကွဲလွဲတာဟာ UNFC အဖွဲ့ကြီးရဲ့ ဖွဲ့စည်းပုံဆိုင်ရာကိစ္စက အဓိက ဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိ UNFC ရဲ့ ဖွဲ့စည်းပုံဟာ အဖွဲ့အစည်းတစ်ခု ပုံစံဆန်လွန်းနေပြီး ကေအင်န်ယူ အဖွဲ့ကတော့ တပ်ပေါင်းစုဆန်တဲ့ ဖွဲ့စည်းပုံမျိုး ပြင်ချင်တယ်လို့ ဆိုပါတယ်။ အဖွဲ့မှာ နိုင်ငံရေး ဦးဆောင်အဖွဲ့ဆိုတာထားပြီး အောက်မှာ အလုပ်လုပ်မယ့် အတွင်းရေးမှူးနှစ်ယောက်၊ သုံးယောက်နဲ့ အလုပ်လုပ်မယ့် ဌာနတွေ ဖွဲ့စည်းထားမယ့် ပုံစံမျိုးပါ။ ဒါပေမဲ့ ကေအိုင်အိုနဲ့ အဖွဲ့ဝင်အများစု ကတော့ လက်ရှိ ဖွဲ့စည်းပုံအတိုင်းပဲ ထားပြီး ရွေးကောက်တင်မြှောက်တာတွေ လုပ်ဖို့ ပြင်ဆင်လာချိန်မှာ ကေအင်န်ယူအဖွဲ့က သဘောမတူနိုင်တာကြောင့် ညီလာခံထဲက ထွက်သွားတယ်ဆိုတဲ့ သဘောပါ။

တကယ်တော့ မြန်မာနိုင်ငံ လက်နက်ကိုင် တိုက်ပွဲသမိုင်းတစ်လျှောက်မှာ အစိုးရအဆက်ဆက်ကို ဆန့်ကျင်ခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသီး သီးဟာ တပ်ပေါင်းစုအမျိုးမျိုး ဖွဲ့စည်းခဲ့ကြတဲ့ သာဓကတွေ အမြောက်အမြားရှိ ပါတယ်။ များသောအားဖြင့် အဲဒီတပ်ပေါင်းစုထဲမှာ စစ်အင်အားတောင့်တင်းတဲ့၊ ငွေကြေးထောက်ပံ့နိုင်တဲ့ အဖွဲ့အစည်းတွေက အဓိကနေရာ ရယူတဲ့ ပုံစံမျိုး ဖွဲ့စည်းကြတဲ့ သာဓကတွေ ရှိခဲ့ပါတယ်။ တပ်ပေါင်းစုအများစုဟာလည်း နောက်ပိုင်း ပြန်ပြန်ပျက်သွားခဲ့တဲ့ နမူနာတွေ ရှိခဲ့ပါတယ်။ 

အခုတိုင်းရင်းသားတွေရဲ့ UNFC အဖွဲ့အစည်းထဲ ညီညွတ်မှု ပျက်ပြားသွား တာဟာ အတော်လေး စိတ် မကောင်းစရာပါ။ လက်ရှိ တိုင်းရင်းသားလက်နက် ကိုင်တွေ စုစည်းဖွဲ့စည်းထားတဲ့ UNFC နဲ့ အစိုးရတို့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးသဘောတူ စာချုပ်ချုပ်ကြဖို့ ဆွေးနွေးအောင်မြင်မှုတွေ ရနေကြချိန် တိုင်းရင်းသာအဖွဲ့တွေအကြား သဘောကွဲလွဲမှု ဖြစ်လာတာကြောင့် ပိုပြီး စိတ်မကောင်းစရာပါ။

ဆိုးတာတစ်ခုက ဒီသဘောကွဲလွဲမှုနဲ့ ပတ်သက်ပြီး တိုင်းရင်းသားကိုယ်စားလှယ် တစ်ယောက်ရဲ့ ကေအင်န်ယူအဖွဲ့အပေါ် စွပ်စွဲပြောဆိုချက် တစ်ခုလုပ်ခဲ့ပြီး အဲဒါကို သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြခြင်းပါ။ ကိုယ့်နာမည် ကိုယ်မဖော်ရဲ တဲ့ အဲဒီတိုင်းရင်းသားကိုယ်စားလှယ် တစ်ယောက်က ကေအင်န်ယူ ကိုယ်စား လှယ်တွေ ခုလိုဖြစ်ရတာဟာ အစိုးရငြိမ်းချမ်းရေးစင်တာဘက်က နောက်ကနေ ညွှန်ကြားကြိုးကိုင် သွေးခွဲခဲ့လို့ ဖြစ်တယ်။ ဒီလို ကြိုးကိုင်ခံရအောင်လည်း ကေအင်န်ယူ ခေါင်းဆောင်တွေ အနေနဲ့ ကားပါမစ်တွေတင်မက အခြား စီးပွားရေး လုပ်ပိုင်ခွင့်တွေကို ရယူထားလို့ ဖြစ်တယ်ဆိုတဲ့ မဟုတ်မမှန် လုပ်ကြံစွပ်စွဲချက်ပါ။ အတော်ဆိုးပါတယ်။ အဲဒီလို နာမည်မဖော်ပြရဲဘဲ လုပ်ကြံစွပ်စွဲပြောဆို တာကို အမေရိကန်အခြေစိုက် RFA နဲ့ မီဒီယာတချို့က လည်း ကျင့်ဝတ်နဲ့မညီ ဒီအတိုင်း ဖော်ပြပေးခဲ့ပါ တယ်။

တကယ်ပြန်ကြည့်ရင် အဲဒီအစည်းအဝေးကို ကေအင်န်ယူ ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ ဥက္ကဋ္ဌ မူတူးစေးဖိုး၊ ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နဲ့ အထွေထွေအတွင်းရေးမှူး ပဒိုကွယ်ထူးဝင်း အားလုံး ပါသွားကြပါ တယ်။ အဲဒီခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းကို နာမည်မဖော် အထောက်အထားလဲ မရှိဘဲ၊ ဒီလိုစွပ်စွဲ ပြောတာ နိုင်ငံရေးလုပ်ကြံမှုလို့ နာမည်တပ်နိုင်ပါတယ်။

တကယ်ပြောရရင် လက်နက်ကိုင် တိုင်းရင်းသားအုပ်စုတွေထဲမှာ အစိုးရနဲ့ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေးကိစ္စ ကေအိုင်အိုနဲ့ ကေအင်န်ယူ သဘောထားကွဲလွဲတာ ကြာမြင့်ခဲ့ပါပြီ။ ကေအိုင်အိုက တစ်နိုင်ငံလုံး အပစ်ရပ် ဖို့ဆိုတာ ဝေးလို့ သူ့တစ်ဖွဲ့တည်းတောင် အပစ်ရပ် စာချုပ်လက်မှတ်မထိုးပါဘူး။ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်ရင် သူ့အလိုလို အပစ်ရပ်သွားမယ်၊ ဒါကြောင့် အပစ်ရပ်ရေး အရေးမကြီးဘူး၊ နိုင်ငံရေးဆွေးနွေးပွဲ ကသာ အရေးကြီးတယ်ဆိုတဲ့မူကို ကိုင်စွဲထားတာပါ။ ကေအင်န်ယူဘက်ကတော့ မြန်မြန်ဆန်ဆန်အပစ် ရပ်မယ်၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မြန်မြန်စမယ်၊ တိုင်းရင်းသားတွေ ကြုံနေရတဲ့ ဒုက္ခတွေကို မြန်မြန် ကုစားမယ်၊ ဒေသဖွံ့ဖြိုးရေးတွေ လုပ်တော့မယ်လို့ ခံယူထားကြတာပါ။ လက်ရှိမှာလည်း မိုင်းရှင်းရေး၊ တိုင်းရင်းသားတွေ အထောက်အပံ့ရရေးကိစ္စတွေ စလုပ်ကိုင်ဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းပါ။ အဲဒီ သဘောကွဲလွဲမှုဟာ ဒီလက်ရှိ UNFC ညီလာခံကို လာဂယက်ရိုက်တာပါ။

ဒီ ပြဿနာ လက်နက်ကိုင်တိုင်းရင်းသားတွေရဲ့ NCCT နဲ့ အစိုးရ ဆွေးနွေးနေတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးရေး ညှိနှိုင်းနေတဲ့ဆီ ဂယက်ရိုက်ခတ်နိုင်ပါတယ်။ အကြောင်းကတော့ UNFC နဲ့ NCCT မှာ ကေအိုင်အိုရဲ့ အယူအဆ အားကောင်းလာရင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကြန့်ကြာသွားတာ၊ ရပ်ဆိုင်းသွားတာ၊ မအောင်မမြင်ဖြစ်တာ အားလုံးဖြစ် သွားနိုင်လို့ပဲ ဖြစ်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် လက်နက်ကိုင်တိုင်းရင်းသားတွေအနေနဲ့ အချင်းချင်း သဘောထားကွဲတာ မဖြစ်သင့်ပါ ဘူး။ စည်းလုံးညီညွတ်မှု မပြိုကွဲသင့်ပါဘူး။ ကေအင်န်ယူလို သမိုင်းအစဉ်အလာလည်း ရှိ၊ အင်အားလည်း ရှိတဲ့ အဖွဲ့အစည်းမပါဝင်တဲ့ တိုင်းရင်းသားတပ်ပေါင်းစုဆိုတာလည်း မည်ကာမတ္တ အင်အားနည်းတဲ့ တပ်ပေါင်းစုအဆင့် ရောက်သွားနိုင်ပါတယ်။ 

တိုင်းရင်းသားအားလုံးကိုလည်း ကိုယ်စားပြုနိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအနေနဲ့ အရေးပါတဲ့ အင်အားစုတွေ စုစည်းနိုင်အောင် ညီညွတ်ရေးကို မရအရ တည်ဆောက်သင့် ပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List