Tuesday, September 02, 2014

နိုင်ငံခြားခရီးသွား ပိုမိုဝင်ရောက်လာစေရန် အီးဗီဇာစနစ် စတင်


နိုင်ငံခြားခရီးသည် ပိုမိုဝင်ရောက်စေရန် အီးဗီဇာစနစ် (အွန်လိုင်းမှ ဗီဇာယူနိုင်သည့်စနစ်)ကို စက်တင် ဘာ ၁ ရက်မှ စတင်ဆောင်ရွက်မည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မီဒီယာများကို ပြောကြားလိုက်သည်။

အဆိုပါအီးဗီဇာစနစ် စတင်ရန် ဆောင်ရွက်မည့် နည်းလမ်းများအကြောင်း ရှင်းလင်းခြင်းကို ရန်ကုန်မြို့ Park Royal ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်ရာ အဆိုပါပွဲတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်းက “အီးဗီဇာစနစ်ကို ဒီနေ့ကနေစပြီး ဆောင်ရွက်မှာပါ။ ရန်ကုန်လေဆိပ်ကစပြီး လုပ်သွားမှာ။ ဒါကို ခရီးသွားအေဂျင်စီတွေက တစ်ဆင့် ချိတ်ပြီးလည်း လုပ်နိုင်မှာပါ”ဟု ပြောသည်။

လက်ရှိ၌ ရန်ကုန်လေဆိပ်ဝင်ပေါက်မှသာ ဆောင်ရွက်နိုင်မည်ဖြစ်ပြီး နောက်ပိုင်းတွင်မန္တလေးလေဆိပ်နှင့် နေပြည်တော်လေဆိပ်များတွင်လည်း ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက မီဒီယာ များကို အဆိုပါပွဲတွင် ပြောခဲ့သည်။

အီးဗီဇာ လျှောက်ထားရာတွင် နိုင်ငံကူးလက်မှတ် အနည်းဆုံး သက်တမ်းခြောက်လနှင့် အပြန်လေယာဉ် လက်မှတ်နှင့် ဓာတ်ပုံအပြင် အခြားလိုအပ်သည့်အချက်များ ရှိရမည်ဖြစ်ကာ အွန်လိုင်းမှ ဗီဇာကြေး ကန်ဒေါ်လာ ၅၀ ပေးသွင်းရမည်ဖြစ်သည်။ ဗီဇာလက်ခံရရှိကြောင်း အကြောင်းကြားစာကိုမူ တစ်နာရီ အတွင်း အကြောင်းပြန်သွားမည်ဖြစ်ပြီး ဗီဇာခွင့်ပြုခြင်း ရှိ၊ မရှိကိုမူ ရုံးဖွင့်ရက် ငါးရက်အတွင်း အလုပ်ချိန် များ၌ အကြောင်းပြန်ကြားပေးသွားမည်ဟု ဆက်လက်ပြောသည်။

အီးဗီဇာစနစ်ကို စတင်လိုက်ခြင်းသည် မြန်မာသံရုံး အခြေစိုက်ချထားခြင်း မရှိသော နိုင်ငံများက မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်မည်ဆိုပါက အွန်လိုင်းမှတစ်ဆင့် ဗီဇာလျှောက်ထားနိုင်မည်ဖြစ်ရာ ပြည်တွင်းသို့ နိုင်ငံခြားသားအရေအတွက် ပိုမိုဝင်ရောက်လာစေရန် များစွာ အထောက်အကူပြုနိုင်မည်ဟု မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီး သွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကိုပြော သည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးဌာနမှ ရဲမှူးကျော်ဇေယျက “အီးဗီဇာကတော့ ဒီနေ့ကနေ စပါပြီ။ ဒါပေမဲ့ ဗီဇာပေးမယ့် ကိစ္စကတော့ လူဝင်မှုကြီးကြပ်ရေးကပဲ တာဝန်ယူလုပ်ဆောင်တာဖြစ်တော့ အသေးစိတ်ကို အဲဒီဌာနကပဲ ပြောနိုင်လိမ့်မယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား ၀င်ရောက်မှု ၉၀ ရာခိုင်နှုန်း တိုးတက်ခဲ့ခြင်းဖြစ်ကာ ယခုနှစ် ခရီးသွားဝင်ရောက် မှုနှုန်းကို ဦးရေသုံးသန်း ပြည့်မီရန် မျှော်မှန်းထား သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List