Friday, September 05, 2014

မြန်မာအလှမယ် မေမြတ်နိုးထံမှ သရဖူ ပြန်လည်ရရှိရန် တရားဥပဒေအရ ဆောင်ရွက်မည်ဟုဆို



မြန်မာအလှမယ် မေမြတ်နိုး ယူဆောင်သွားသော ကိုရီးယားဝမ် သန်း ၁၀၀ တန်ကြေးရှိ သရဖူကို ပြန်လည်ရရှိရန်အတွက် တရားဥပဒေ နည်းလမ်းအရသာ ဆောင်ရွက်တော့မည်ဟု Miss Asia Pacific World Organization မှ တာဝန်ရှိသူများက ပြောကြားခဲ့ကြောင်း ကိုရီးယားနိုင်ငံအခြေစိုက် Koreatimes သတင်းဌာနက ဖော်ပြခဲ့သည်။ 
ယင်းပြိုင်ပွဲကို စီစဉ်သူများက သရဖူကို ပြန်လည်ရရှိရန်အတွက် မြန်မာအလှမယ် မေမြတ်နိုးကို တောင်းပန်သွားမည် မဟုတ်ဘဲ၊ သရဖူကို ခိုးယူခဲ့သည့်အတွက် ရဲများမှ တစ်ဆင့်သာ စစ်ဆေးမေးမြန်း ခိုင်းမည်ဟု စက်တင်ဘာလ ၃ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။

“ကျွန်တော့်ရှေ့နေနဲ့ ဒီနေ့ပဲ စကားပြောမယ်။ ရဲတွေကိုလည်း ဒီနေ့ပဲ ဖုန်းဆက်မယ်။ ကျွန်တော်က အမှန်တရားကို လိုချင် တာပါ။ သူက နတ်သမီးဝတ်ရုံ ခြုံထားတဲ့ နတ်ဆိုးတစ်ယောက်ပါ” ဟု ပြိုင်ပွဲကို ဦးဆောင် စီစဉ်ကျင်းပသည့် Mr Young Choi က Korea Times သတင်းဌာနသို့ ပြောကြားခဲ့သည်။

မြန်မာအလှမယ် မေမြတ်နိုးကမူ တောင်ကိုရီးယားနိုင်ငံရှိ Miss Asia Pacific World Organization ၏ ၎င်းအပေါ် အသရေ ဖျက်မှု၊ လိမ်လည်မှု၊ စွပ်စွဲမှုများ ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ယင်း Organization ထံမှ တောင်းပန်စာရမှသာ သရဖူကို ပြန်လည် ပေးအပ်မည် ဖြစ်ကြောင်း၊ သရဖူကို ခိုးယူထွက်ပြေးသွားသည် ဆိုသည်မှာလည်း မဟုတ်မှန်ဘဲ၊ သရဖူ ရုပ်သိမ်းကြောင်း ထုတ်ပြန်ချက်ကို ၎င်းမြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာသော အချိန်မှသာ သိရှိခဲ့ကြောင်း သရဖူ ရုပ်သိမ်းခံရခြင်းနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၂ ရက်နေ့က ကမာရွတ်မြို့နယ်ရှိ House Of Memories စားသောက်ဆိုင်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယင်း Organization မှ ကိုရီးယားနိုင်ငံသို့ ရောက်ရှိချိန်တွင် ရင်သားခွဲစိတ်မှု အပါအဝင် ခေါင်းစ၊ ခြေဆုံး၊ ခွဲစိတ်ပြုပြင်မှုများကို အတင်းအကျပ် လုပ်ခိုင်းခဲ့သလို၊ K Pop စီးရီး ထုတ်လုပ်ရန်အတွက် လိုအပ်သော ငွေကြေးများကို ကိုရီးယားနိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင်ကြီးများ လိုအပ်သည့်အချိန်တွင် အဖော်အဖြစ် နေပေးပြီး ရှာဖွေရန် တောင်းဆိုခဲ့သည်ဟု ယင်းသတင်းစာ ရှင်းလင်း ပွဲတွင် ၎င်းက ပြောကြားထားသည်။

“သူက ကိစ္စအားလုံးကို လိမ်ညာပြောခဲ့တာပါ။ သူရင်သား ခွဲစိတ်မှုလည်း ခံယူခဲ့ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့က အကုန်အကျ ခံခဲ့ရတာပါ။ ဒီခွဲစိတ်မှုနဲ့ ပတ်သက်ပြီး သက်သေ အထောက်အထားတွေကိုလည်း သူ့ဆီ ပို့ထားပါတယ်။ သူကတော့ ဓာတ်ပုံထဲက မိန်းကလေးက သူမဟုတ်ဘူးလို့ ငြင်းနေပါတယ်” ဟု Miss Asia Pacific World Organization ၏ အကြီးအကဲ Mr Young Choi က ပြောကြားသည်။ 

မေမြတ်နိုးနှင့် ပတ်သက်သည့် အချက်အလက်များကို ကိုရီးယားနိုင်ငံရှိ Organization မှ ပေးပို့ထားသော်လည်း ၎င်းကိုယ်တိုင် ကမူ ထုတ်ဖော်ပြောကြားမည် မဟုတ်ကြောင်း၊ ယင်းအချက်အလက်များကို Organization မှ ၎င်းတို့နှင့် သက်ဆိုင်သူများကို ပေးသွားမည် ဖြစ်သလို၊ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်မှ ဖွင့်ချသွားလိမ့်မည်ဟု ထင်ကြောင်း၊ မေမြတ်နိုးနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းလိုသည့် ပြည်ပသတင်းဌာန နှစ်ခုကိုပင် ၎င်းအနေနှင့် ငြင်းဆန်ထားကြောင်း၊ ကိုရီးယား Organization မှ မရပ်တည်ပေးသည့်အတွက် ၎င်းနှင့် ယင်းအဖွဲ့အစည်းကြားတွင် လတ်တလော၌ သဘောထားကွဲလွဲမှုများ ရှိနေကြောင်း National Director ဒေါ်လှနုထွန်းက ဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List