Saturday, July 05, 2014

မောင့်ချစ်သူ ကလီယိုပါထရာ အိပ်မက် ပစ်တိုင်းထောင် နဲ့ Play Boy









ဂီတအနုပညာဟာ ဟိုးကမ္ဘာဦးအစကတည်းက လူသားတွေကြားမှာ ချစ်ခြင်း၊ မုန်းခြင်း၊ ဝမ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း အစရှိတဲ့ စိတ်ခံစားချက်တွေကို သံစဉ်တွေနဲ့ သီကျူးဖော်ပြဖို့ တည်ရှိခဲ့တဲ့အရာ တခုပါ။ ဂီတကို ခေတ်အဆက်ဆက် တူရိယာပစ္စည်းအမျိုးမျိုး၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့ ဘာသာစကားတွေနဲ့ ပုံဖော်သီဆိုခဲ့ကြတာ ယနေ့အထိတိုင်ပါပဲ။

အိုင်တီပစ္စည်းအသစ်အဆန်းတွေ တမျိုးပြီးတမျိုး တီထွင်ထုတ်လုပ်နေတဲ့ အိုင်တီခေတ်လို့ ပြောလို့ရတဲ့ ဒီနေ့ခေတ်ရေစီးကြောင်းထဲမှာတောင် ဂီတနဲ့ အနုပညာဟာ လူကြီး၊ လူငယ် ကျား၊ မ မရွေး ခံစားနားဆင် နေကြဆဲအရာတခုပါပဲ။

နေ့စဉ် လှုပ်ရှားရုန်းကန်နေကြရတဲ့ လူမှုဘဝတွေထဲမှာ ဂီတဟာ လူ့စိတ်ကို ထူးခြားကောင်းမွန်တဲ့ ခံစားမှုအမျိုးမျိုး ပေးစွမ်းနိုင်ပါတယ်။ 

ဂီတကြောင့် လူတွေရဲ့စိတ်တွေက ပိုမိုနူးညံ့လာနိုင်သလို ဂီတကြောင့်ပဲ လူတို့ရဲ့စိတ်ဟာ မာကြောခက်ထန် အားမာန်ပြည့်လာနိုင်ပါတယ်။ 

ဒါကြောင့်မို့လို့ပဲ လူသားတွေဟာ ကိုယ့်ရဲ့ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း အစရှိတဲ့ မတူညီတဲ့ စိတ်ခံစားချက် အပေါ်မူတည်ပြီး ကိုယ်နှစ်သက်ရာ ဂီတအမျိုးအစား၊ သီချင်းမျိုးစုံကို ခံစားနားဆင်လေ့ရှိကြပါတယ်။

ဒီနေ့ခေတ်လို အဆိုတော်တွေပေါတဲ့ အချိန်မှာ ကိုယ်ဘာသီချင်း နားထောင်မလဲဆိုတာ ရွေးချယ်စရာ ပေါလာသလို အင်တာနက်ကနေလည်း လွယ်လွယ်ကူကူ ဒေါင်းလုတ်ဆွဲပြီး နားထောင်နိုင်တာကြောင့် ခုခေတ် လူငယ်တွေကြားမှာ သီချင်းနားထောင်တယ် ဆိုတာ အထူးထွေပြောစရာ ကိစ္စတခု မဟုတ်တော့ ပါဘူး။ ကိုယ်ကြိုက်နှစ်ရာ ကိုယ့်ခံစားချက်နဲ့ ကိုက်တဲ့သီချင်းကို လူငယ်တိုင်းနီးပါး နားထောင်လာကြပါတယ်။ 
ဒါပေမယ့် အဆိုတော်တွေဘက်ကလည်း ကိုယ့်သီချင်းအခွေတခွေ ဖြစ်လာဖို့ကို လူအင်အား၊ ငွေအင်အားနဲ့ အချိန်တွေရင်းနှီးပြီး အားအင်စိုက်ထုတ် ကြိုးစားပြီးမှ အခွေထုတ်တာမို့ ကိုယ်နှစ်သက်တဲ့အဆိုတော်တွေရဲ့ သီချင်းခွေဆိုရင် မူရင်းခွေကို ဝယ်ယူအားပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။ 

သီချင်းခွေတွေရဲ့ ဈေးနှုန်းကလည်း ကျပ်နှစ်ထောင်ကျော်ဝန်းကျင်ပဲ ရှိတာမို့ ဈေးမများလွန်းဘဲ လူငယ်တိုင်း လက်လှမ်းမီ ဝယ်ယူနိုင်တဲ့ အနေအထားပါပဲ။

ဒီတပတ်မှာတော့ ဂီတနဲ့မစိမ်းတဲ့ လူငယ်တွေအတွက် ဒီလို မိုးအေးအေးရာသီဥတုနဲ့ ကိုက်ညီမယ့် Ear phone လေးတပ် သီချင်းအသစ်လေးတွေနားဆင်ပြီး ငြိမ့်နိုင်ဖို့ လတ်တလောထွက်ရှိထားတဲ့ တေးစီးရီး အသစ်တွေ အကြောင်းကို မိတ်ဆက်ပြောပြချင်ပါတယ်။ 

သီချင်းချစ်သူ လူငယ်တွေ အိမ်မှာပဲဖြစ်ဖြစ်၊ ကျောင်းသွား အလုပ်သွားတဲ့အခါ ကားပေါ်၊ ရထားပေါ်မှာ ပဲဖြစ်ဖြစ် ကိုယ့်ရဲ့ စမတ်ဖုန်း၊ ဒါမှမဟုတ် Tablet၊ mp3၊ mp4၊ CD player အစရှိတဲ့ device အမျိုးမျိုးနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အဆိုတော်တွေရဲ့ သီချင်းကို ထည့်သွင်းနားဆင်နိုင်ဖို့အတွက် လမ်းညွှန်ပေးလိုက် ပါတယ်။

လတ်တလောမှာ ထွက်ရှိထားတဲ့ လူကြိုက်များတဲ့ သီချင်းခွေတွေအကြောင်း ပြောရမယ်ဆိုရင် သိပ်မကြာ ခင်က ထွက်ရှိထားတဲ့ ချမ်းချမ်းရဲ့ အိပ်မက်၊ သားသားရဲ့ မောင့်ချစ်သူ (Return)၊ စန္ဒီမြင့်လွင်ရဲ့ ကလီယို ပါထရာ၊ လွှမ်းပိုင်ရဲ့ ဂီတစာဆို လွှမ်းပိုင်၊ အေသင်ချိုဆွေရဲ့ Play Boy နဲ့ ဇွန်လ ၂၉ ရက်နေ့ကမှ လောလောလတ်လတ် ထွက်ရှိထားတဲ့ မိစန္ဒီရဲ့ ပစ်တိုင်းထောင် အခွေတို့ကို မိတ်ဆက်ပေးချင်ပါတယ်။ 

 ချမ်းချမ်းရဲ့ “အိပ်မက်”သီချင်းခွေက ဒီလို မိုးအေးအေးရာသီဥတုမှာ လွမ်းလွမ်းဆွေးဆွေးနဲ့ ခံစားလိုသူတွေ အတွက် ချမ်းချမ်းရဲ့ အလွမ်းဓာတ်ခံအပြည့် အဆွေးသီချင်းလေးတွေကို ရွေးပြီး နားဆင်နိုင်သလို အမြူးသီချင်းတွေလည်း ပါဝင်တာမို့ မိုးအေးအေးမှာ အမြဲကွေးနေရလို့ ပျင်းနေရတယ်ဆိုရင်လည်း ဒီလို အမြူးသီချင်းလေးတွေကို ရွှေးချယ်နားဆင် ခံစားနားဆင်နိုင်ပါသေးတယ်။ 

အဆိုတော်ချမ်းချမ်းဟာ လူငယ်ပရိသတ်တွေထက် လူလတ်ပိုင်းအများစုနဲ့ လူကြီးပိုင်းတွေ အကြိုက်များတဲ့ အဆိုတော်တဦးပါ။

ချမ်းချမ်းရဲ့ “တကယ်ဆိုရင် အချစ်ပဲလိုတယ်” နဲ့ “သိပ်ချစ်တယ် အရမ်းမုန်းတယ်” ဆိုတဲ့ သီချင်းခွေတွေက ချမ်းချမ်းရဲ့ အောင်မြင်မှု မှတ်တိုင်တွေပါပဲ။

Pop သီချင်းချိုချို နဲ့ R&B music ကို ကြိုက်တဲ့ လူငယ်တွေအတွက် သားသားရဲ့ မောင့်ချစ်သူ (Return) အခွေဟာ သီချင်းပုံစံမြူးမြူးလေးတွေ၊ ဟာသပုံစံလေးတွေ အစရှိတဲ့ သီချင်းအမျိုးအစားစုံ ပါဝင်ပြီး မောင့်ချစ်သူ သီချင်းဟာ လူကြီးလူငယ်ကြားမှာ တခါက ပေါက်ခဲ့တဲ့သီချင်းတပုဒ်ဖြစ်တာကြောင့် အခု အသစ်ထွက်လာတဲ့ မောင့်ချစ်သူ (Return) ကိုလည်း သားသားရဲ့ ပရိသတ်ကြီးက ကြိုက်ကြမှာ အသေချာပါပဲ။

အဆိုတော် သားသားကတော့ ရဲရင့်အောင်နဲ့ နှစ်ယောက်တွဲအခွေ အမုန်းဒိုင်ယာရီမှာ လူငယ်ပရိသတ်တွေ အသိမှတ်ပြုခံထားရတဲ့ အဆိုတော်ပါ။  
   
စန္ဒီမြင့်လွင်ရဲ့ “ကလီယိုပါထရာ”အခွေကတော့ Hip Hop ကိုကြိုက်တဲ့ လူငယ်တွေ၊ အထူးသဖြင့် Rapping တွေ နားထောင်ရတာကြိုက်တဲ့ လူငယ်တွေအတွက် New taste တွေပေးနိုင်မယ့် အခွေတခွေပါပဲ။

ရှေ့မှာ ပေါက်ထားတဲ့ စန္ဒီမြင့်လွင်ရဲ့ “ဆေးရောင်လှလှခြယ်ရအောင်” အခွေနဲ့ “ရှော့ခ်” သီချင်းခွေတို့ထက် ကောင်းမကောင်းဆိုတာကို ဒီးဒီရဲ့ ပရိတ်သတ်တွေကပဲ နားထောင်ကြည့်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ 
  
ဂီတစာဆိုလွှမ်းပိုင်ရဲ့ အခွေကိုတော့ လူငယ်တွေကို အထူးတလည်မိတ်ဆက်စရာ မလိုလောက်ဘူးထင်ပါ တယ်။ ဒီအခွေက မထွက်ခင် သီချင်းခွေနာမည်က ဖေ့စ်ဘွတ်ပေါ်မှာ လူပြောသူပြော နည်းနည်းလှုပ် လှုပ်ခတ်ခတ်ရှိခဲ့ပေမယ့် အခွေထွက်လာတဲ့အခါ တခွေလုံး လုံးဝထင်မထားတဲ့ အမိုက်စား သီချင်းစာ သားတွေနဲ့ Hip Hop ကိုရူးသွပ်တဲ့ လူငယ်တွေအတွက်လည်း သီချင်းအလန်းစားတွေ ပါဝင်တာကြောင့် Facebook တခုလုံး လူငယ်တွေရဲ့ status တွေမှာ လွှမ်းပိုင်ရဲ့ သီချင်းစာသားတွေ ရေးသား ပျံ့နှံ့တဲ့အထိ ပါပဲ။  
   
အသက်ငယ်ငယ်နဲ့ အောင်မြင်မှုတနေရာရထားတဲ့ “ပေါက်တဲ့အိုး” နဲ့ “အနီးဆုံးလူ နမ်းမှာလား”ဆိုတဲ့ အဆိုတော် အေသင်ချိုဆွေကတော့ ဒီတခါ ခပ်ဟော့ဟော့ပုံစံနဲ့ ဆေးပြင်းကြီးလိပ်ကို ပါးစပ်မှာခဲထားတဲ့ ကာဗာပုံနဲ့အတူ “Play Boy” ဆိုပြီး အခွေထွက်ရှိလာပါတယ်။ 

ဒီအခွေမှာ အေသင်ချိုဆွေသီဆိုထားတဲ့ သီချင်းတော်တော်များများက လူငယ်တွေအကြိုက်နဲ့ တထပ်တည်း ကျမကျကိုတော့ လူငယ်ပရိသတ်ကြီးကပဲ နားဆင်ဆုံးဖြတ်ပေးစေချင်ပါတယ်။

နောက်ဆုံးမိတ်ဆက်ပေးချင်တဲ့ အခွေကတော့ ....

လောလောလတ်လတ် ဖေ့စ်ဘွတ်မှာ ဂီတအပေါ် သူငယ်ငယ်ကတည်းက ဘယ်လောက်အထိ ရူးသွပ်ခဲ့ တယ်၊ အဆိုတော်တယောက်ဖြစ်လာဖို့ ဘယ်လိုကြိုးစား ရုန်းကန်ခဲ့တယ်ဆိုတာကို Documentary တခုအနေနဲ့ ရိုက်ကူးတင်ပြထားပြီး လူငယ်တွေကြားမှာ အထူးသဖြင့် မိန်းကလေးလူငယ်တွေကြားမှာ “ရေခဲရိုက်အပြုံး”ဆိုတဲ့ MTVနဲ့ ပေါက်ထားတဲ့ အဆိုတော်မိစန္ဒီရဲ့ “ပစ်တိုင်းထောင်” သီချင်းခွေပဲဖြစ်ပါတယ်။ 
မိစန္ဒီဟာဆိုရင် သူ့ရဲ့ ပထမအခွေ “မိုနိုပိုလီ” မှာကတည်းက လူငယ်ပရိသတ် အခိုင်အမာရထားတာမို့ ဒီ “ပစ်တိုင်းထောင်” အခွေလေးဟာလည်း ပထမအခွေတုန်းကလို လူငယ်တွေရဲ့ ခံစားချက်၊ အကြိုက်နဲ့ တထပ်တည်းကျမလား ဆိုတာကိုတော့...။

ဧရာဝတီblog

No comments:

Post a Comment

My Blog List