Thursday, July 03, 2014

ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကလေးစစ်သားအရေး အဖြေရှာရန် ဘန်ကီမွန်း တိုက်တွန်း


တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များအကြား ညှိနှိုင်းဆွေးနွေးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင် ကလေးစစ်သားစုဆောင်းမှုရပ်တန့်ရေးနှင့် အသက် ၁၈ နှစ်အောက် ကလေးစစ်မှုထမ်းများ မသုံးရန် ကုလ သမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ပြောကြားသည်။

ယခုနှစ် ဇူလိုင်လ ၁ ရက်နေ့က နိုင်ငံတကာကို တရားဝင် ထုတ်ပြန်ခဲ့သော လက်နက်ကိုင်ဒေသ အတွင်းရှိ ကလေးသူငယ်များဆိုင်ရာ ၂၀၁၃ ခုနှစ် အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွက် ၎င်းက အကြံပေး ပြောကြားခဲ့ခြင်း ဖြစ်သည်။

ကုလသမဂ္ဂက လက်နက်ကိုင် ပဋိပက္ခများအတွင်း ကလေးသူငယ်များကို ညှဉ်းပန်းနှိပ်စက်ကြောင်း စာရင်းသွင်းထားသော တပ်မတော်နှင့် လက်နက်ကိုင် တပ်ဖွဲ့များကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ကလေးစစ်သား ပပျောက်ရေး အတွက်ပါ ထည့်သွင်းစဉ်းစားရန် ယင်းအစီရင်ခံစာတွင် ၎င်းက ထည့်သွင်း ပြောကြားသွားသည်။

“အစိုးရနဲ့ ကလေးစစ်သား စုဆောင်းနေတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေက အခု ဆွေးနွေးနေတဲ့ ငြိမ်းချမ်းရေး အစည်းအဝေးတွေမှာ အလေးနက်ထား ဆွေးနွေးကြဖို့ တိုက်တွန်းတယ်” ဟု ၎င်းကဆိုသည်။

ယင်းအပြင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏ ကလေးသူငယ်များ အဆိုးရွားဆုံး ခိုင်းစေမှု ပပျောက်ရေး သဘောတူညီချက်ကို မြန်မာအစိုးရက လက်မှတ်ရေးထိုးသင့်ကြောင်း၊ လက်ရှိမြန်မာနိုင်ငံ၏ ကလေးစစ်သား ပပျောက်ရေး စီမံကိန်းများကို ကုလသမဂ္ဂက ကူညီရန် အသင့်ရှိနေကြောင်း မစ္စတာ ဘန်ကီမွန်းက ဆက်လက် ပြောကြားသွားသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာ့တပ်မတော်ဘက်က ကလေးစစ်သား အသစ်စုဆောင်းမှု ၃၇ ခုထိ စာရင်းရရှိ ခဲ့ကြောင်း အထွေထွေ အတွင်းအရေးမှူးချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန် ဒီမိုကရေစီ လူ့အခွင့်အရေးနှင့် အလုပ်သမားဝန်ကြီး Mr. Tom Malinowski ကလည်း ဇွန်လ ၂၂ ရက်မှ ၂၈ ရက်နေ့အထိ မြန်မာနိုင်ငံခရီးစဉ်တွင် လူ့အခွင့်အရေးနှင့် မညီသော တပ်မတော်၏ ကလေးစစ်သား စုဆောင်းမှုနှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ အလေးထား ပြောကြား ခဲ့သည်။

ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၏ အစီရင်ခံစာကို မေလ ၁၅ ရက်နေ့တွင် အပြီးသတ် ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံတကာ အသိုင်း အဝိုင်းထံ ဇူလိုင်လ ၁ ရက်နေ့တွင် တရားဝင် ကြေညာ ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List