Saturday, July 05, 2014

ဆီနီဂေါ သမ္မတက ဝန်ကြီးချုပ်ကို ရာထူးမှ ထုတ်ပယ်


ဒေသတွင်း ရွေးကောက်ပွဲ တစ်ခုတွင် အရေးနိမ့်ခဲ့သည့် ရလဒ်ထွက်ပေါ်လာပြီးနောက် ဆီနီဂေါ သမ္မတက ဝန်ကြီးချုပ်ဖြစ်သူအား ရာထူးမှ ရုတ်တရက် ထုတ်ပယ်လိုက်သည်။ ဇူလိုင်လ (၄)ရက်နေ့တွင် ဝန်ကြီးချုပ် အေမင်နေတာ တိုရေးကို သမ္မတ မက္ကီဆောလ်က ရာထူးမှ ဖယ်ရှားကြောင်း အမိန့်ထုတ်ပြန်ခဲ့ပြီး အဆိုပါ အမိန့်စာ၏ မိတ္တူတစ်စောင်ကို AFP သတင်းဌာနက ရရှိခဲ့သည်။

တိုရေးသည် ပြီးခဲ့သည့်နှစ်၊ စက်တင်ဘာလကမှ ဝန်ကြီးချုပ်အဖြစ် တာဝန်စတင် ထမ်းဆောင်ခဲ့သူ ဖြစ် သည်။ ဒေသတွင်း ရွေးကောက်ပွဲ တစ်ခုတွင် အာဏာရပါတီ အရေးနိမ့်ခဲ့သည့် ရလဒ်ထွက်ပေါ်လာပြီး တစ်ပတ်မပြည့်မီမှာပင် တိုရေးကို သမ္မတက ရာထူးမှ ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

သမ္မတအိမ်တော်မှ အရာရှိ တစ်ဦးက ဝန်ကြီးချုပ်ကို နုတ်ထွက်စေခြင်းသည် အစိုးရအဖွဲ့ကို ဖျက်သိမ်းသည့် အဓိပ္ပါယ် သက်ရောက်ကြောင်း ပြောကြားခဲ့သည်။

အသက်(၅၁)နှစ်ရှိ တိုရေးသည် ပြည်ထောင်စု မဟာမိတ်များ ပါတီ၏ အကြီးအကဲဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ဝန်ကြီးချုပ်ဟောင်း အက်ဘ်ဒူလ်အမ်ဘီယီ၏ နေရာတွင် လွှဲပြောင်း တာဝန်ယူခဲ့ခြင်း ဖြစ်သည်။

ဇွန်(၂၆)ရက်က ပြည်လုံးကျွတ် ရွေးကောက်ပွဲအကြို ဒေသတွင်း ရွေးကောက်ပွဲအချို့ ပြုလုပ်ခဲ့ရာ ဒါကာနှင့် အရေးပါသော မြို့ကြီး အချို့တို့တွင် တိုရေး၏ပါတီ အရှုံးရလဒ်များနှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။တိုရေးသည် ဆီနီဂေါ နိုင်ငံ သမိုင်းတွင် မာဒီယို ဘိုယီပြီးနောက် ဒုတိယမြောက် အမျိုးသမီး ဝန်ကြီးချုပ် အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

Channel News Asia
7Day News Journal

No comments:

Post a Comment

My Blog List