Tuesday, July 01, 2014

မဟာမိတ်များနှင့်အတူ လက်တွဲစစ်တိုက်နိုင်မည့် ဥပဒေသစ်ကို စတင်ကျင့်သုံးရန် ဂျပန်ပြင်ဆင်


ဂျပန်အစိုးရသည် စစ်ရေးအရ ကြီးမားသည့်အပြောင်းအလဲတစ်ရပ်အဖြစ် မဟာမိတ် နိုင်ငံများ အရေးကြုံချိန် တွင် စစ်ကူများ စေလွှတ်ခွင့် အတည်ပြုချက်ကို ကြေညာမည်ဟု သိရှိရသည်။ ဂျပန်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဂျပန်၏လက်နက်ကိုင်တပ်ဖွဲ့များသည် မိမိနိုင်ငံ၏ လုံခြုံရေးကိုသာ ကာကွယ်စောင့် ရှောက်ခွင့်ရှိနေပြီး နိုင်ငံတကာ ရေးရာများတွင် ပါဝင်ခွင့်မရှိချေ။ 

သို့သော်လည်း အသစ်ပြောင်းလဲ ပြဋ္ဌာန်းမည့် ဥပဒေတွင် ဂျပန်၏ကာကွယ်ရေးတပ်ဖွဲ့များသည် မဟာမိတ် နိုင်ငံတစ်ခုခု ကျူးကျော်စစ်ပြုခြင်း ခံရပါက သွားရောက်ကူညီပေးရန် ခွင့်ပြုပေးမည် ဖြစ်သည်။

အဆိုပါ အခြေအနေသည် ဂျပန်၏ ကန့်သတ်ချက် ကြီးမားသော စစ်ရေးမူဝါဒများအရ သမိုင်းဝင် အလှည့် အပြောင်း တစ်ရပ်ဟု ညွှန်းဆိုရမည် ဖြစ်သည်။ ဂျပန်သမ္မတ ရှင်ဇိုအဘေးသည် အဆိုပါ လှုပ်ရှားမှုအတွက် အဓိက တိုက်တွန်းခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဥပဒေပြု အမတ်များက ယင်းအဆိုကို ဇူလိုင်လ (၁)ရက်နေ့ နံနက်ပိုင်းတွင် လက်ခံပေးခဲ့ပြီး အစိုးရက ညနေပိုင်းတွင် အတည်ပြု ကြေညာဖွယ် ရှိနေသည်။ အဘေး၏ အစီအစဉ်ကို တိုကျိုမြို့၌ ဂျပန်နိုင်ငံသား တစ်ဦး မိမိကိုယ်ကိုယ် မီးရှို့သတ်သေကာ ဆန္ဒပြမှု အပါအဝင် ကန့်ကွက်မှုများစွာ ရှိခဲ့သော်လည်း ဝန်ကြီးချုပ်က စစ်ရေးအပြောင်းအလဲအတွက် အလေးအနက် တွန်းအားပေးခဲ့သည်။

အဘေးသည် ဒုတိယ ကမ္ဘာစစ်အပြီးတွင် အမေရိကန်က သတ်မှတ်ထားသည့် ဖွဲ့စည်းပုံ ဥပဒေ အပိုဒ်(၉)ပါ စစ်ရေးလှုပ်ရှားမှုများ ကန့်သတ်ထားခြင်းကို ပြင်ဆင်ရန် ဦးစွာ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင် သည့်နောက် နည်းလမ်းပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ဥပဒေသစ်အရ ဂျပန်စစ်တပ်များသည် အမေရိကန်နှင့် အခြားသော မဟာမိတ်များကို အထောက်အပံ့ ပေးနိုင်မည် ဖြစ်ပြီး ဂျပန်ကို တိုက်ရိုက်စစ်ပြုခြင်း မရှိသည့် တိုင် မဟာမိတ် နိုင်ငံများနှင့် လက်တွဲပြီး တူညီသော ရန်သူကို ချေမှုန်းနိုင်မည်ဟု သိရှိရသည်။

Channel News Asia
7Day News Journal

No comments:

Post a Comment

My Blog List