Saturday, July 05, 2014

ဂျပန်စစ်ဝါဒအကြောင်း တောင်ကိုရီးယား၌ တရုတ်သမ္မတ သတိပေး



တရုတ်သမ္မတရှီကျင့်ဖျင်က ဂျပန်စစ်ဝါဒီကို တောင်ကိုရီးယားနိုင်ငံ၌ သတိပေး ပြောကြားလိုက်ပြီး စစ်ဝါဒ အောက်တွင် တရုတ်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံ လုံးခံစားခဲ့ရပုံကို မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

“၂၀ ရာစုပထမပိုင်း ကာလအတွင်းမှာ ဂျပန်စစ်ဝါဒီတွေက တရုတ်နဲ့ ကိုရီးယားနိုင်ငံတွေအပေါ် လူရိုင်းဆန်တဲ့ ကျူးကျော်မှုတွေ လုပ်ခဲ့ပါတယ်။ ကိုရီးယားကိုဝါးမျိုပြီး တရုတ်ပြည်မကြီး တစ်ဝက်ခန့်ကို သိမ်းပိုက်ခဲ့ပါတယ်” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ဆိုးလ်အမျိုးသား တက္ကသိုလ်တွင် ပြောကြားသည်။ ထို့အပြင် ဂျပန်ဆန့်ကျင်ရေးစစ်ပွဲအတွင်း တရုတ်နှင့်ကိုရီးယားပြည်သူများ ထပ်တူခံစားခဲ့ရပြီး တစ်ဦးကို တစ်ဦး မျက်ရည်များ၊ သွေးများဖြင့် အပြန်အလှန် ကူညီပေးခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံ ခရီးစဉ် ဒုတိယနှင့် နောက်ဆုံးနေ့တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ဂျပန်စစ်ဝါဒကို သတိပေးသည့်မိန့်ခွန်း ပြောကြားလိုက်ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံက လုံခြုံရေးမူဝါဒ ပြောင်းလဲမည်ဟု ထုတ်ပြန် လိုက်ပြီး ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ မှတ်ချက်ပေး ပြောကြားလိုက်ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား နျူကလီးယားအရေးနှင့် ပတ်သက်၍မူ အနည်းငယ်သာ ပြောကြားသွားပြီး ကိုရီးယားကျွန်း ဆွယ် နျူကလီးယားကင်းမဲ့ရေး လုပ်ဆောင်ရန်၊ တင်းမာမှုများနှင့် ပြဿနာများအားလုံးကို တွေ့ဆုံညှိနှိုင်းသည့် နည်းလမ်းဖြင့် ဖြေရှင်းရန်သာ ပြောကြားခဲ့သည်။

သို့သော်လည်း ကိုလိုနီခေတ်ကာလ ဂျပန်စစ်ဝါဒီများ၏ ဖိနိုပ်မှုအကြောင်းကို ပြင်းပြင်းထန်ထန် စကား လုံးများ အသုံးပြုဝေဖန်သွားသည်။ ၁၉၁၀-၄၅ ခုနှစ် ကိုရီးယားကျွန်းဆွယ်ကို ဂျပန်နိုင်ငံ ကိုလိုနီပြုအုပ်ချုပ် သည့် ကာလတွင် ဖြစ်ပွားခဲ့သည်များနှင့် ပတ်သက်၍ ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံကြားတွင် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။

ထို့အပြင် နယ်မြေပိုင်ဆိုင်မှု အရေးများနှင့်ပတ်သက်၍ တရုတ်နှင့် ဂျပန်ကြားတွင် မကြာသေးမီ နှစ်များ အတွင်း တင်းမာမှုများ ပေါ်ပေါက်လျက်ရှိပြီး တောင်ကိုရီးယားနှင့် ဘုံတူညီသည့်ကိစ္စရပ်များ ရှာဖွေခြင်း သည် တရုတ်နိုင်ငံ၏သံတမန်ရေးရာ မဟာဗျူဟာတစ်ရပ် ဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြား သည်။

တောင်ကိုရီးယားနှင့် ဂျပန်သည် အမေရိကန်၏အဓိကစစ်ရေး မဟာမိတ် နှစ်နိုင်ငံဖြစ်ပြီး အဆိုပါနှစ်နိုင် ငံကြား သဘောထားကွဲလွဲမှုများ ပေါ်ပေါက်လာ အောင်လုပ်ဆောင်ခြင်းသည် အမေရိကန်နိုင်ငံ၏ အာရှဗဟိုပြု မဟာဗျူဟာအပေါ် တန်ပြန်ချိန်ညှိနိုင်သည်။

တရုတ်သမ္မတ၏ ပညာသားပါသော စည်းရုံးမှုကြောင့် တောင်ကိုရီးယားနိုင်ငံမှာ ယခုအခါ သိမ်မွေ့သော သံတမန်ရေးရာ ချိန်ညှိမှုတစ်ရပ်နှင့် ရင်ဆိုင်နေရကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List