Thursday, July 03, 2014

မြန်မာအပါအ၀င် အာဆီယံရှစ်နိုင်ငံ၌ ကင်ဆာလူနာတစ်ဦးချင်းစီ၏ နိုင်ငံအလိုက် ကျန်းမာရေးစရိတ်နှင့် လူမှုစီးပွားအပေါ်သက်ရောက်မှု သုတေသနကို ယခုနှစ်ကုန်တွင် အပြီးသတ်လုပ်ဆောင်မည်


မြန်မာအပါအဝင် အာဆီယံရှစ်နိုင်ငံ၌ ကင်ဆာဝေဒနာရှင်တစ်ဦးချင်းစီ၏ ကျန်းမာရေးဆိုင်ရာ ကုန်ကျ စရိတ်နှင့် လူမှုစီးပွားအပေါ် သက်ရောက်မှုအခြေ အနေကို သုတေသနပြုလုပ်လျက်ရှိပြီး ယခုနှစ် နှစ်ကုန်ပိုင်းတွင် အပြီးသတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆေးသုတေသနဦးစီးဌာန (အောက်မြန် မာပြည်) မှ သိရသည်။

အဆိုပါစီမံချက်အမည်မှာ“ASEAN COST IN ONCOLOGY PROJECT” ဖြစ်ပြီး အာဆီယံနိုင်ငံများအနက် စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံမှအပ အခြား အာဆီယံဒေသတွင်းနိုင်ငံများ အားလုံးပူးပေါင်း လုပ်ဆောင် နေခြင်းဖြစ်ကြောင်းနှင့် စီမံချက်ကာလမှာ သုံးနှစ်သတ်မှတ်ထားကြောင်း သိရသည်။

“ဒီစီမံချက်ဖြစ်လာဖို့ လွန်ခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ်ကတည်းက အာဆီယံဒေသတွင်း နိုင်ငံတွေအားလုံး ပြင်ဆင်မှုတွေ စလုပ်ခဲ့တယ်။ အဓိက ဒီစီမံချက်က အာဆီယံနိုင်ငံတွေမှာ ကင်ဆာရောဂါဖြစ်နှုန်းတွေ ဘယ်လောက်ရှိနေသလဲ ဆိုတာမျိုးကို လုပ်တာ မဟုတ်ပါဘူး။ ကင်ဆာဝေဒနာရှင်တစ်ဦးရှိလာရင် မိသားစုရဲ့ လူမှုစီးပွားရေးအပေါ် သက်ရောက်မှု ဘယ်လောက်ရှိနေသလဲ။ ငွေကြေးကုန်ကျမှု ဘယ်လောက်ရှိသလဲ။ဘာဆေးတွေ သုံးနေကြသလဲ။ အခြားကျန်းမာရေး၊ လူမှုရေးဝန်ဆောင်မှုတွေမှာ ဘယ်လောက်အတိုင်းအတာ ထိ ဝန်ပိနေကြသလဲ စတာတွေကို အဓိကသုတေသနပြုခဲ့တာပါ။ နိုင်ငံတစ်နိုင်ငံချင်းစီရဲ့ လက်ရှိအခြေအနေတွေကို သုတေသနပြုလုပ်ပြီးရင် အာဆီယံဒေသတွင်းနိုင်ငံတွေ စုပေါင်းပြီး ဘာတွေဆက်လုပ်ကြမလဲဆိုတာကို ဆက်ဆွေးနွေးသွားကြမှာပါ”ဟု ဆေးသုတေသနဦးစီးဌာန (အောက်မြန်မာပြည်)၊ ASEAN COST IN ONCOLOGY PROJECT တွင် ပါဝင်လှုပ်ရှားနေသည့် တာဝန်ရှိသူတစ်ဦးက ဆိုသည်။  

လက်ရှိ ယင်းသုတေသနလုပ်ဆောင်မှုမှာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ယခုနှစ်နှစ်ကုန်ပိုင်းတွင် အပြီးသတ်လုပ်ဆောင် မည်ဖြစ်ကြောင်းနှင့် သုတေသနပြုလုပ်ရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါဌာန၊ သွေးရောဂါဌာနနှင့် မေးရိုးခံတွင်းဌာန၊ မန္တလေးပြည်သူ့ ဆေးရုံကြီး ကင်ဆာရောဂါဌာန၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)၊ တပ်မတော်ဆေးရုံကြီး၊ ကင်ဆာရောဂါဌာနမှ ကင်ဆာဝေဒနာရှင်များနှင့် ပုဂ္ဂလိကဆေး ရုံဆေးခန်းများမှ ဝေဒနာရှင်များကိုလည်း သုတေသနပြုလုပ် ခဲ့ကြောင်း သိရသည်။

“လူနာ ၁ဝဝဝ ကျော်ကိုလုပ်ခဲ့တာ ၂၅ ရာခိုင်နှုန်း (လေးပုံတစ်ပုံ) က ကျန်းမာရေးစရိတ်တွေကြောင့် ဝန်ပိနေတယ်လို့ ဖြေခဲ့တယ်။ သူတို့ကို အဓိကဝန်ပိစေတာက ဆေးဝါးအတွက် ငွေကြေးမတတ်နိုင်တာ၊ ဆရာဝန်စမ်းသပ်ခမ တတ်နိုင်တာ၊ ခရီးစရိတ် မတတ်နိုင်တာမျိုးတွေက အများဆုံးဖြစ်နေတယ်။ တချို့ကျတော့ ငွေချေးပြီးကုရတယ်။အမျိုးတွေရဲ့ ထောက်ပံ့မှုကို ရယူရတယ်။ မိသားစုပိုင်ပစ္စည်းတွေကို ရောင်းချကုသနေ ရတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်”ဟု ၎င်းက ဆိုသည်။

Eleven Media Group

No comments:

Post a Comment

My Blog List