Thursday, July 03, 2014

တိုက်ပွဲကြောင့် နှစ်နာဆုံးရှုံးခဲ့သော ရွာသားများအား မြန်မာအစိုးရစစ်တပ်က တောင်းပန်ပြီး လျှော်ကြေးငွေများ ပေးလျော်ခဲ့



ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်တွင် လွန့်ခဲ့သည့် ၂၀၁၄ခုနှစ် ၊ဇွန်(၁၄)ရက်နေ့၌ ဖြစ်ပွားခဲ့သော မြန်မာအစိုးရစစ်တပ်နှင့် TNLA (ပလောင်)တပ်မတော်တို့ နှစ်ဖက်တိုက်ပွဲ၌ ရွာသားများ၏ ရွှေ/ငွေပစ္စည်းများကို မြန်မာအစိုးရစစ်တပ်မှမတရားဝင်ရောက် ရှာဖွေယူသွားခဲ့၍ မြန်မာ အစိုးရ စစ်တပ်က ၎င်းရွာသားများကို တောင်းပန်ပြီး လျှော်ကြေးငွေများ ပြန်လည်ပေးလျော်သွားခဲ့သည် ဟု ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆန်ကွယ်မှ ပြောဆိုခဲ့သည်။

“မြန်မာအစိုးရစစ်တပ်က သူတို့မှားတဲ့ အကြောင်း ရွာသားတွေကို ကျေနပ်တဲ့အထိ တောင်းပန်သွားပါတယ် ၊ပြီးတော့ ရွာလူထုတွေဆီက မတရားယူသွားတဲ့ ပစ္စည်းလျော်ကြေးတွေလည်း အတိအကျပေးလျော် သွားပါတယ်။ အဲ့ဒီတိုက်ပွဲမှာ ရွာသားတစ်ဦးနဲ့TNLAစစ်သားတစ်ဦး သေဆုံးတယ်။ သေဆုံးရွာသား တစ်ဦးကို ဘယ်သူ သတ်တာလည်းဆိုတာ ခုထိမသိရသေးဘူး။ မြန်မာအစိုးရစစ်ဖက်ကတော့ တိုက်ပွဲကြား သေဆုံးတဲ့အတွက် နှစ်ဖက်စစ်ခေါင်းဆောင်တွေ ဖြေရှင်းမှ သိရမယ် ပြောတာပဲ။ အပြစ်မဲ့ရွာသားတစ်ဦး သေဆုံးတဲ့အပေါ် စစ်ကျင့်ဝတ်နည်းဥပဒေအရ ဘယ်လို အရေးယူ ဆောင်ရွက်ပေးမလဲဆိုတာလည်းပြော ချင်ပါတယ်။ မြန်မာအစိုးရစစ်တပ်ကို ပြောချင်တာက ကျေးလက်တိုင်းရင်းသားတွေကို ရန်သူလို၊သူပုန်လို အထင်မမှားစေချင်ဘူး။အဲ့လိုထင်မြင်နေရင်တော့ စစ်ရေးအမြင်မှားတာပဲလို့ ပြောချင်တယ်။ 

စစ်မြေပြင် ၀န်းကျင်မှာရှိတဲ့ ကျေးလက်ရွာသားတွေဟာ ဘယ်လက်နက်ကိုင်အဖွဲ့စည်း လာလာ ဧည့်ဝတ်ကျေပေးနေရတာပါ၊ လူသတ်လက်နက်ကိုင်ပြီး အပြစ်မဲ့ ပြည်သူတွေကို မယုံသင်္ကာဖမ်းဆီးနှိပ် စက်မှုတွေကို ရပ်တန်းကရပ်ပေးကြပါ။ စစ်သားဆိုတာလည်းလူပါပဲ၊ ကိုယ်ချင်းစာ ပေးကြဘို့မေတ္တာ ရပ်ခံချင်ပါတယ်။စစ်တိုက်တယ်ဆိုတာ အကြမ်းဖက်ဖို့မဟုတ်ဘူး။ စစ်ပွဲတွေလည်းမမြင်ချင်တော့ဘူး။ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးတည်ဆောက်ချင်ရင် တိုင်းရင်းသားပြည်သူတွေရဲ့ ယုံကြည်မှုကို အရင်ရယူရမှာပါ။ အဲ့လိုမဟုတ်သရွေ့တော့ ထာဝရငြိမ်းချမ်းရေးဆိုတာမဖြစ်နိုင်ပါဘူး။ အပစ်ခတ်တွေ လည်း ရပ်ဖို့ တိုက်တွန်းပြောကြားလိုတယ်” ဟု အထက်ပါ လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းဆန်ကွယ် မှ ဆိုသည်။

အဆိုပါတိုက်ပွဲသည် မိုးမိတ်မြို့နယ် ပင်သျှားစေးကျေးရွာတွင် လွန်ခဲ့သည့် ၂၀၁၄ခုနှစ် ဇွန်လ(၁၄) ရက်နေ့က မြန်မာအစိုးရစစ်တပ်၊တပ်မ(၇၇)မှ တပ်ရင်း၁၀၁နှင့် TNLA(ပလောင်) တပ်မတော် နှစ်ဖက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်သည်၊ တိုက်ပွဲဖြစ်ပြီးနောက်မြန်မာအစိုးရစစ်တပ်က အထက်ပါရွာသားများကို တစ်ခြားရွာသို့ ခေတ္တရွေ့ပြောင်းခိုင်းခဲ့ရာ ရွာလူထုများ မရှိသည့်အခိုက်အစိုးရစစ်သားများက ရွာလူနေ အိမ်များကို ၀င်ရောက်ရှာဖွေပြီး ရွှေ/ငွေပစ္စည်းများမတရားယူသွားခဲ့ခြင်းကြောင့် အထက်ပါလွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဆန်ကွယ် နှင့် ရှမ်းအမျိုးသားဒီမိုကရက်တစ် အဖွဲ့က ၎င်းစစ်တပ်၏ မတရား လုပ်ရပ်များကိုနိုင်ငံတော်အစိုးရနှင့် စစ်ဘက်ဆိုင်ရာများအား အသိပေးတိုင်ကြားထားရာမှ ယခုလို မြန်မာအစိုးရစစ်တပ်က ရွာသားများကိုတောင်းပန်ပြီး လျော်ကြေးငွေများ ပေးလျော်သွားခြင်းဖြစ်သည် ဟု သိရသည်။

`“အစိုးရစစ်တပ်က တို့ရွာသားတွေကို ကျေနပ်တဲ့အထိတောင်းပန်ပြီး ယူသွားတဲ့ပစ္စည်း တန်ဘိုးပေးလျော် သွားခဲ့ပါတယ်။ရွာသားတွေကလည်း ကျေနပ်သဘောတူ လက်မှတ်ထိုးပေးကြတယ်။တကယ်ဆို နှစ်ဖက် တိုက်ပွဲကြောင့် အပြစ်မဲ့ ပြည်သူတွေဒုက္ခမရောက်စေချင်ဘူး။ ရွာသားတစ်ဦး သေဆုံးခဲ့တာလည်း အစိုးရစစ်မြေပြင်ဖက်မှာ မြေမြုပ်ထားခဲ့တာပါ။ ကျွန်တော်တို့ရွာသားတွေ အမြင်အရတော့ သေဆုံး ရွာသားဟာ သေနတ် ထိမှန်သေခဲ့တာမဟုတ်ပဲ ဓားဒဏ်ရာနဲ့ လုပ်ကြံခံရတာလို့ပဲသိထားပါတယ်။ ဒီကိစ္စ အမှုမှန် ဖော်ထုတ်ဘို့လိုပါတယ်။ အပြစ်မဲ့ပြည်သူကို သတ်တဲ့ လူသတ်ကောင်ကို ဥပဒေအရအရေး ယူပေးပါ၊ စစ်ပွဲတွေကို မမြင်ချင် တော့ဘူး။ ကျွန်တော်တို့တိုင်းရင်းသားတွေရဲ့ ဘ၀ဟာလည်းမအေးချမ်း ခဲ့ရဘူး။ စစ်ကြောင့်ဒုက္ခတွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရပါတယ်”ဟု ရှမ်းအမျိုးသား ဒီမိုကရက်တစ် အဖွဲ့ဝင် ကိုစိုင်းအောင်ကျော်မိုးမှ ပြောဆိုခဲ့သည်။

ယင်းအပြင် မိုးမိတ်မြို့ NLDပါတီမှ အမှုဆောင်အတွင်းရေးမှုးဒေါ်ရီရီဝင်းမှ “တိုက်ပွဲဖြစ်တဲ့နေ့က ကျွန်မတို့ ရုံးကို စစ်ပြေးတိမ်းရှောင်ရွာသားတွေ သတင်းလာပို့ခဲ့တယ်။ ရွာသားတစ်ဦးသေတယ်။ သူတို့ ပစ္စည်းတွေကို မြန်မာအစိုးရစစ်တပ်က မတရား ၀င်ယူသွားကြတယ်လို့ လာပြောတယ်။ ဒီိမိုကရေစီဖော်ဆောင်နေတဲ့ ကျွန်မတို့နိုင်ငံက လူသားချင်းမစာနာပဲ လူအခွင့်အရေးတွေ ချိုးဖောက်ပြနေတာနဲ့တူတယ်လို့ ပြောချင် ပါတယ်။ မြို့ပြမှာရော၊ တောရွာတွေမှာပါ မကျန် လူအခွင့်အရေးတွေ ချိုးဖောက်ခံ နေရတာပါပဲ။

ကိုယ်လုပ်နေတာက တကယ်တမ်း ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီရဲ့လားလို့ မေးခွန်းထုတ်ချင်ပါတယ်။ နိုင်ငံသားတိုင်း ဥပဒေအပြည့်အ၀ခံစားခွင့်ရှိတယ်။ ဒါကြောင့် ဒီရွာသားတစ်ဦး သေဆုံးတဲ့ အပေါ်မှာ ဘယ်လို အရေးယူပေးမလဲ သိချင်ပါတယ်။ ကျွန်မအနေနဲ့ နိုင်ငံတော်အစိုးရကို ပြောချင်တာက ဒီလို အကျင့်ပျက် ၀န်ထမ်းတွေကို ဥပဒေအရ ထိရောက်စွာ အရေးယူပေးဘို့ တောင်းဆိုချင်ပါတယ်။

ရာထူးလျှော့၊ ပြောင်းရွေ့ရုံနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး ဖြစ်မှာ မဟုတ်သလို၊ သန့်ရှင်းသော အစိုးရလည်း မဖြစ်ဘူး။ ပြည်သူတွေကိုအမှန် ကိုယ်စားပြုဘို့လိုပါတယ်။ လူသတ်လက်နက်ကိုင်ပြီး မတရား အနိုင်ကျင့် တာဟာ လူသား မဆန်ဘူး လို့ပဲမြင်ပါတယ်” ဟုပြောဆိုခဲ့သည်။

ထို့ကြောင့် အထက်ပါ တိုက်ပွဲ အမှုကိစ္စနှင့် ပတ်သက်၍ မြန်မာအစိုးရစစ်တပ်၊ တပ်မ(၇၇)မှ တပ်ရင်း၁၀၁ တပ်ရင်းမှုးကြီး ထွန်းနိုင်စိုးနှင့်မိုးမိတ်မြို့အခြေစိုက် စစ်ဗျူဟာမှုး အဖွဲ့က တိုက်ပွဲကြောင့် ဆုံးရှုံးနှစ်နာခဲ့ရသော ရွာသား(၂၂)ဦးအား တောင်းပန်ပြီး စုစုပေါင်းလျော်ကြေးငွေ ၃၆သိန်း၎သောင်း၂ထောင်ကျပ်တိတိကို စာရင်းဇယားနှင့် အညီ ပေးလျော်သွားခဲ့ကြောင်းသိရပြီး အထက်ပါ မြန်မာအစိုးရစစ်တပ်၊တပ်ရင်း၁၀၁ကို ဦးဆောင်တိုက်ပွဲဝင်ခဲ့သူမှာ ဗိုလ်မှုးဖြိုးမောင်မောင် ဟု လည်း သိရသည်။

ထွန်းထွန်း
The Myanmar Age

No comments:

Post a Comment

My Blog List