Thursday, July 03, 2014

အခြေခံပညာကျောင်းအချို့၌ လပတ်စာမေးပွဲကြေးကောက်


အခြေခံပညာကျောင်း များ၌ ဇွန်လ ၃၀ ရက်က စတင် ဖြေဆိုခဲ့သည့် လပတ်စာမေးပွဲတွင် စာရွက်စာ တမ်းကြေး၊ စာမေးပွဲကြေးဟုဆိုကာ ရန်ကုန်မြို့တွင်းရှိ အခြေခံပညာကျောင်း အချို့တွင် ငွေကြေးကောက် ခံခဲ့ကြောင်း သတင်းရရှိသည်။

‘‘ကျောင်းက အခမဲ့ပညာရေးစနစ်သာ ပြောတယ်။ စာမေးပွဲ မေးခွန်းဖိုးဆိုပြီး တစ်ခါတစ်ခါ တစ်ဘာသာကိုပဲ ရှစ်ထောင်လိုက်ကောက်တယ်။ ခြောက်ဘာသာ ဆိုပဲ တော်တော်များနေပြီ။ ဆရာမတွေကလည်း မေးခွန်းကို ဝှိုက်ဘုတ်မှာရေးပြရင် ကလေးတွေ မမြင်ရမှာစိုးလို့ပြောပြီး ကောက်နေတာ’’ဟု ပုဇွန်တောင်မြို့ နယ် အထက်တန်းကျောင်းတစ်ကျောင်းမှ ကျောင်းသားမိခင် ဒေါ်ခင်ကပြောသည်။

အခြေခံပညာကျောင်းများ တွင် လပတ်စာမေးပွဲ မေးခွန်း ကြေးများကို ကျောင်းသားတစ်ဦး ချင်းစီ   ကောက်ယူ၍လည်း ကောင်း၊  ကျောင်းသားများအား လုံးကို စုပေါင်း၍လည်းကောင်း၊ ငွေကြေးကောက် ခံမှုများရှိနေ ကြောင်း ပုဇွန်တောင်မြို့နယ်မှ ကျောင်းသားမိဘတစ်ဦးကပြော ပြသည်။

‘‘မနေ့က သုံးဘာသာ၊ ဒီနေ့ သုံးဘာသာဖြေရတယ်။  အဲဒီအ တွက် စာမေးပွဲစာရွက်စာတမ်း ကြေးဆိုပြီး တစ်ယောက်ကို သုံး ထောင်စီကောက်တယ်။ နောက် လတွေ ကောက်၊ မကောက်တော့ မသိသေးဘူး။ သိထားတာက ဘာအပိုကြေးမှ မကောက်ရဘူးလို့ သိထားတာ’’ဟု ဗဟန်းမြို့နယ်ရှိ အထက်တန်းကျောင်းမှ သတ္တမတန်းနှင့် န၀မတန်းကျောင်းသား နှစ်ဦး၏ ဖခင် ဦးမောင်ဝင်းကပြောသည်။

 အခြေခံပညာကျောင်းများ သို့ ကျောင်းထောက်ပံ့ကြေးများ ထောက်ပံ့ပေးထားသောကြောင့် ယခုနှစ် ပညာသင်နှစ်တွင် ပညာ သင်ကြားနေသည့် အချိန်ကာလ အတွင်း ကျောင်းသူ၊ ကျောင်းသားများထံမှ အလှူငွေကောက်ခံမှု များရှိပါက ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း အမှတ် (၁) အခြေခံပညာဦးစီးဌာန(အောက်မြန်မာပြည်)မှ သိရ သည်။

 ‘‘ကျောင်းတွေကို အသေး သုံးဆိုပြီး သီးခြားပေးထားတာ တွေရှိတယ်။ အဲဒီကနေပဲ သုံးဖို့ညွှန်ကြားထား တယ်။ မလိုက်နာတော့ မကောင်းဘူး။ ပေါ်လစီကိုလည်း အနှောင့်အယှက်ပေးတယ်။ လူတွေက  ယူဆချက်ကို မပြောင်းနိုင်ဘူး ဖြစ်နေတယ်။  လာပြီး  တိုင်လို့ရှိရင် သတိပေးပြီး အရေးယူသွားဖို့ရှိ ပါတယ်’’ဟု အမှတ် (၁) အခြေခံပညာဦးစီးဌာန (အောက်မြန်မာပြည်) ဒုတိယညွှန်ကြားရေးမှူး ဦးစိုးဝင်းကပြော သည်။

 စာမေးပွဲကြေး စာရွက်စာ တမ်းကြေးကောက်ယူခဲ့သည်ဆိုသည့် ဗဟန်းမြို့နယ်ရှိ အထက်တန်းကျောင်းသို့ 7 Day Daily သတင်းစာက ဆက်သွယ်မေးမြန်းသောအခါ အဆိုပါကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ၎င်းတို့ကျောင်းတွင် ထိုကဲ့သို့ ကောက်ခံခြင်းမရှိကြောင်း ပြန်လည်ဖြေကြားသည်။

 ‘‘စာမေးပွဲကြေးဆိုပြီး တ ချို့ ကျောင်းတွေက မကောက်ကြဘူး။  တချို့ကျောင်းတွေက ကောက်တယ်လို့ ပြောတယ်။ ကျောင်းတွေကို အသေးသုံးတွေ ပေးထားတဲ့ထဲကပဲ သုံးရင်တော့ ပိုကောင်းတာပေါ့။ ဘယ်လောက် မှလည်းရတာမဟုတ်ပါဘူး။ တချို့ကျောင်းတွေက ကောက်စရှိတော့ အကျင့်ပါနေတာနေ မယ်။  မ ကောက်တာတော့ အကောင်းဆုံးပါပဲ’’ဟု ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မှ အထက်တန်းပြ ဆရာမ တစ်ဦးကပြောသည်။

၂၀၁၃-၁၄ ပညာသင်နှစ် တွင် မူလတန်းသင်ကြားပေးနေ သည့် အခြေခံပညာကျောင်းများ အား ကျောင်း ရှိကျောင်းသားဦးရေအလိုက် ထောက်ပံ့ကြေးငွေကျပ်တစ်သိန်းမှ လေးသိန်းအထိ ထောက်ပံ့ပေးနေပြီး ယခုပညာသင်နှစ် တွင် အလယ်တန်းကျောင်းများကိုပါ အသေးသုံးထောက်ပံ့ကြေးငွေများပေးရန် အစီ အစဉ်ရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List