Thursday, July 03, 2014

ဦးဆန်းဆင့် ဖမ်းဆီးခံရမှု ဦးဆောင်ဆန္ဒဖော်ထုတ်သူကို ပုဒ်မ(၁၉) ဖြင့် အမှုဖွင့် အရေးယူမည်



ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၁ ရက်နေ့က ဦးဆောင်ဆန္ဒ ဖော်ထုတ်ခဲ့သည့် လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေး ကွန်ရက်အဖွဲ့ဝင် ဦးထွန်းထွန်းဦးကို ပုဒ်မ(၁၉) ဖြင့် အမှုဖွင့် အရေးယူမည် ဖြစ်ကြောင်း ယင်းမြို့နယ် အမှတ် (၂) ရဲစခန်းမှူး ရဲအုပ်သိန်းဇော်ဦးက ပြောကြားသည်။

ဆန္ဒဖော်ထုတ်ရာတွင် တောင်သူအချို့ ကိုင်ဆောင်သည့် ဆိုင်းဘုတ်များမှာ ခွင့်ပြုချက်တွင် ပါဝင်ခြင်း မရှိသောကြောင့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်စိုးက ဇူလိုင်လ၂ရက်နေ့တွင် တရားလိုပြုလုပ်၍ တိုင်ကြားခဲ့ခြင်းကြောင့် ပုသိမ် အမှတ်(၂) ရဲစခန်းက (ပ) ၁၁၇/၂၀၁၄၊ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ပေးခြင်း ဖြစ်သည်ဟု ၎င်းကပြောဆိုသည်။

“ဆန္ဒဖော်ထုတ်ဖို့အတွက် တင်ပြလျှောက်ထားတာကို ခွင့်ပြုချက် အမှတ်စဉ် (၆/၂၀၁၄) နဲ့ခွင့်ပြုခဲ့ပါတယ်။ ဒါပေမဲ့ စီတန်းလှည့်လည်တဲ့အခါမှာ လျှောက်ထားတုန်းက ဖော်ပြခဲ့တဲ့ ဆိုင်းဘုတ်၊ ပိုစတာတွေအပြင် အခြား ဆိုင်းဘုတ် ပိုစတာတွေပါ ခွင့်ပြုချက်မရှိဘဲ ကိုင်ဆောင်ခဲ့တဲ့အတွက် အမှုဖွင့်ရတာပါ” ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

ဦးဆန်းဆင့်ကို စွပ်စွဲဖမ်းဆီးထားခြင်းမှ ကင်းလွတ်ခွင့်ပြုရေးအတွက် ဆန္ဒဖော်ထုတ်ခဲ့ရာတွင် ငပုတောမြို့နယ်ရှိ လယ်သမားများက “ငပုတော မြို့နယ်က သိမ်းဆည်းခံရသူ တောင်သူများ” ဟု ရေးသားထားသော ဆိုင်းဘုတ် (၁) ခု၊ ရေကြည်မြို့နယ်က ဒေသခံများကလည်း “ရေကြည်မြို့နယ်မှ ပြည်သူပြည်သားများ” ဟူသော ဆိုင်းဘုတ်တစ်ခု၊ ပုသိမ်ဒေသခံများက “၁၉၉၄ ခုနှစ်တွင် တပ်မတော် လေတပ်စခန်းဌာနချုပ် (ပုသိမ်) က လယ်မြေသိမ်း ဆည်းခံရသူ တောင်သူများ”၊ “၁၉၉၂ ခုနှစ်တွင် မြို့ပြစီမံကိန်းအတွက် သိမ်းဆည်းခံရသူ တောင်သူများ” ဟူသော ဆိုင်ဘုတ်(၁) ခုစီနှင့် “ငွေဆောင်မြို့ နယ်မှသိမ်းဆည်းခံရသူ တောင်သူလယ်သမားများ” ဟူသော ဆိုင်ဘုတ်များမှာ ခွင့်ပြုချက်တွင် ပါဝင်ခြင်းမရှိဘဲ ကိုင်ဆောင်ခဲ့ကြသည်ဟု ၎င်းကပြောဆိုသည်။

“ခွင့်ပြုချက်မှာ မပါဘူးဆိုလည်း လုံခြုံရေးအတွက် ရောက်နေတဲ့ ရဲတွေက လာပြောရမှာလေ၊ ပူးပေါင်း ဆန္ဒဖော်ထုတ်တဲ့သူတွေက သူတို့ဒီမြို့နယ်ကပါလို့ သိအောင်ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေကို တားစရာအကြောင်း မရှိပါဘူးလို့ ထင်တယ်။ သူတို့ကလည်း ဥပဒေကို ချိုးဖောက်တဲ့ ဆိုင်းဘုတ်တွေ ကိုင်တာ မဟုတ်ဘူး၊ အမှုဖွင့်တဲ့ ရဲတွေကတော့ ဘယ်လို အလုပ်မျိုးပဲလုပ်လုပ် အမှုဖွင့်ဖို့ ညွန်ကြားချက် ရပြီးသား ဖြစ်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်ခဲ့သည့် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ဦးဆန်းဆင့် အဖမ်းခံရမှုနှင့် ပတ်သက်၍ ဆန္ဒပြပွဲကို လာရောက်ကြသည့် ဒေသအသီးသီးမှ ပြည်သူများကိုလည်း သက်ဆိုင်ရာ မြို့နယ် တာဝန်ရှိသူများက စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ တိုင်းအစိုးရနှင့် အဆင်ပြေသင့်မြတ်သော ကွန်ရက်တစ်ခု၏ ခေါင်းဆောင်အချို့က ဇူလိုင်လ ၁ ရက်နေ့ကနေ့ ပြုလုပ်ခဲ့သော ဆန္ဒပြပွဲတွင် ပါဝင်ခြင်းမပြုရန် စည်းရုံး ပြောဆိုမှုများ ရှိခဲ့ကြောင်း ဆန္ဒဖော်ထုတ်သူ အချို့က ပြောဆိုသည်။

“ဆန္ဒဖော်ထုတ်ပွဲကို လာမယ်ဆိုတုန်းက ညဘက်ကြီး ရဲတွေရောက်လာပြီး ဘယ်ကိုသွားမှာလဲ၊ ဘာသွားလုပ်မှာလဲဆိုပြီး မေးမြန်းတာတွေ လုပ်တယ်၊ ပုသိမ်တက်လာမယ့် လူတိုင်းကို ဒီလိုလုပ်တော့ တော်တော်များများက ကိုယ့်ထမင်း ကိုယ်စားပြီး ဒုက္ခတော့ အရောက်မခံဘူးဆိုပြီး မလိုက်ကြတော့ဘူး၊ လိုင်းကားပေါ်မှာလည်း ဘယ်မှာဆင်းမှာလဲ ဆိုတာကအစ မေးတယ်” ဟု ဆန္ဒထုတ်ဖော်ပွဲအတွက် ကျုံပျော်မြို့နယ်မှ လာရောက်ခဲ့သည့် ဦးသိန်းမြင့်ဆောင်က ပြောကြားသည်။

ယင်းကိစ္စကို အရေးယူမည်ဆိုလျှင် ဥပဒေကိုမထီမဲ့မြင် လုပ်ရာရောက်ကြောင်း၊ ကြိုတင်တားဆီး လိုက်ရနိုင်ကြောင်း၊ ပြီးခဲ့သော နှစ်လခန့်က အိမ်မဲမြို့နယ်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲ၌ နိုင်ငံတော်အလံ ကိုင်ဆောင်ခဲ့သည်ကို လုံခြုံရေး တာဝန်ယူပေးသည့် ရဲများက တားဆီးပေးခဲ့ကြောင်း လယ်သမားအရေး လိုက်ပါ ဆောင်ရွက်ပေးနေသော အလွတ်တန်း ရှေ့နေကြီးတစ်ဦးက သုံးသပ်ပြောဆိုသည်။

ပုသိမ်မြို့တွင် ဇူလိုင်လ ၁ ရက်နေ့က ဆန္ဒဖော်ထုတ်သူ ၂၀၀ ခန့်သည် ဇွန်လဆန်းက ဖွင့်လှစ်ပြီးစီးခဲ့သော ပုသိမ်မြို့ ကန်သုံးဆင့် ပန်းဥယျာဉ်အနီးရှိ ပြည်သူ့ဟစ်တိုင်တွင် စုဝေးပြီး မင်းရပ်တန်း၊ အိုးဘိုတန်းလမ်း၊ ယိုးဒယားကုန်းလမ်း၊ ထောင်ကုန်းလမ်း၊ ရွှေစေတီလမ်းမှ ကမ်းနားလမ်းရှိ မြို့တော်ခန်းမရှေ့အထိ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ (၅) အရ ငြိမ်းချမ်းစွာ စုဝေးခွင့် အမိန့်အမှတ် (၆/၂၀၁၄) ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List