Wednesday, July 02, 2014

ရေပေါ်ဟိုတယ်၌ ဝန်ထမ်းမြဲရန်အတွက် လျော်ကြေးပေးရမည့် သဘော တူညီချက် ထားရှိခြင်းသာဖြစ်ဟုဆို


ရန်ကုန်မြို့တော် ဗိုလ်တထောင်ဆိပ်ကမ်းအနီးတွင် ပထမဆုံးဖွင့်လှစ်မည့် ရေပေါ်ဇိမ်ခံဟိုတယ်တွင် ဝန်ထမ်းများ မြဲရန်အတွက် သိန်းတစ်ရာ လျော်ကြေးကို သဘောတူညီချက်ထားခြင်းသာ ဖြစ်ကြောင်း ဟိုတယ် Operating Manager မစ္စတာအဲရစ်က ပြောကြားသည်။

“ဝန်ထမ်းတွေကို လွန်ခဲ့တဲ့ ငါးလလောက်ကတည်းက Training ပေးထားတယ်။ ဟိုတယ်တွေက အပြိုင်အဆိုင်ဆောက်တော့ ဝန်ထမ်းတွေက လစာပိုရတဲ့ ဟိုတယ်တွေကို မပြောင်းရအောင် တစ်နှစ်တော့ အလုပ်လုပ်ရမယ်ဆိုတဲ့ Contract ထားတာပဲ ဖြစ်ပါတယ်။ ဝန်ထမ်းက သူရမယ့်အခွင့်အရေးကို မကြည့်ဘဲ လျော်ရမယ်လို့ထင်ရလို့ ထွက်သွားကြတာ” ဟု ၎င်းက ထပ်မံဆိုသည်။

ဝန်ထမ်းများကို ရပိုင်ခွင့်များ ပေးထားသည့်အတွက် တစ်နှစ် အလုပ်လုပ်ကိုင်ခြင်း မရှိပါက သိန်းတစ်ရာ ပေးလျော်ရမည်ဟူသည့် သဘောတူညီချက်ကို ဝန်ထမ်း ၁၄၀ ကျော်တွင် ၁၅ ဦး ဝန်းကျင်က လက်မခံနိုင်သည့်အတွက် အလုပ်ထွက်ခြင်းဖြစ်ကာ ဝန်ထမ်းအချင်းချင်း ချစ်ကြိုက်ခွင့် မပေးထားသဖြင့် အဆိုပါ ကိစ္စကြောင့်အတွက်လည်း အလုပ်ထွက်သည့် ဝန်ထမ်းများ ရှိကြောင်း Operating Manager က ထပ်မံရှင်းပြသည်။

အဆိုပါ အမြဲတမ်းဝန်ထမ်း ဖြစ်ရန်အတွက် ချုပ်ဆိုရသည့် သဘောတူညီချက်ကို ပြသရန် The Voice က တောင်းဆိုခဲ့သော်လည်း ပြသပေးခဲ့ခြင်း မရှိခဲ့ပေ။“နိုင်ငံတကာမှာတောင် ဒီလောက် လျော်ကြေးပမာဏ မရှိဘူး။ အစိုးရဝန်ထမ်းအရာရှိတွေဆိုလည်း စာချုပ်က အလွန်ဆုံး ၁၅ သိန်းလောက်ပဲ ရှိတယ်။ ဝန်ထမ်းတွေကို နိုင်ငံခြားမှာ ပညာတော်သင်လွှတ်ပေးထားတာလည်း မဟုတ်ဘူး။ ဘယ်လောက်ပဲ ဝန်ထမ်းအပေါ်မှာ ရင်းနှီးထားပါစေ။ သိန်းတစ်ရာ လျော်ကြေးကတော့များလွန်းတယ်။ ၁၀ သိန်း၊ ၁၅ သိန်းလောက်ပဲ ဖြစ်သင့်တယ်” ဟု ဝါရင့် ဧည့်လမ်းညွှန် ဒေါ်ချောချောကြေးမုံက မှတ်ချက်ပြုပြောဆိုသည်။

အလုပ်ရှင်၏ သဘောကျချုပ်ဆိုသည့် စာချုပ်များတွင် အလုပ်သမားဥပဒေ သီးသန့်မရှိသည့်အတွက် အလုပ် သမားများ နစ်နာနေရခြင်းဖြစ်ပြီး ယင်းနစ်နာမှုကို အစိုးရအနေနှင့် ဖြေရှင်းပေးခြင်းမရှိဘဲ လျစ်လျုရှု ထားကြောင်း ၎င်းက ထပ်မံဆိုသည်။

၁၉၂၀ ခုနှစ်လက်ရာ ရှေးဟောင်းအပြင်အဆင်များ ဖန်တီးထားသည့် Vintage Luxury အမည်ရှိ ဇိမ်ခံရေပေါ်ဟိုတယ်တွင် အခန်းပေါင်း ၁၀၄ ခန်းရှိပြီး အခန်းခ နှုန်းထားများမှာ အမေရိကန်ဒေါ်လာ ၂၄၀ မှ ၆၀၀ ဝန်းကျင်အထိ ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List