Friday, July 04, 2014

လက်ရှိအာဏာရပါတီကို NSA က လျှို့ဝှက်ထောက်လှမ်းခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သံအမတ်ကို အိန္ဒိယဆင့်ခေါ်


အိန္ဒိယနိုင်ငံ၏ လက်ရှိအာဏာရပါတီ ဖြစ်သော BJP ပါတီကို အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီက လျှို့ဝှက်ထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်ဟူသော စွပ်စွဲမှုများထွက်ပေါ်ခဲ့ပြီးနောက်တွင် အိန္ဒိယ အာဏာပိုင် များက အမေရိကန် သံအမတ်တစ်ဦးကို ဆင့်ခေါ်ခဲ့ကြောင်း BBC သတင်းဌာနတွင် ဖော်ပြထားသည်။

စွပ်စွဲမှုပြောဆိုမှုများသာ မှန်ခဲ့မည်ဆိုပါက NSA ၏လုပ်ရပ်မှာ လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် နောက် တစ်ကြိမ်ထိုကဲ့သို့မဖြစ်စေရန် အမေရိကန် ပြည်ထောင်စုကို တောင်းဆိုသွားမည်ဟု အိန္ဒိယအစိုးရ အရာရှိ များက ပြောကြားသည်။

NSA ၏လျှို့ဝှက်ထောက်လှမ်းရေး လုပ်ငန်းများကို ဖွင့်ချသူ အက်ဒဝပ်စနိုးဒန်က ၂၀၁၀ ပြည့်နှစ်အတွင်း NSA ၏ ပစ်မှတ်ထားစောင့်ကြည့်ခြင်းကို ခံရသော နိုင်ငံခြားတိုင်းပြည်များမှ နိုင်ငံရေးပါတီများထဲတွင် အိန္ဒိယနိုင်ငံ၏ လက်ရှိအနိုင်ရပါတီ BJP လည်း ပါဝင်သည်ဟု တနင်္လာနေ့က ထုတ်ဖော်ပြောကြားခဲ့သည်။

နာရင်ဒါမူဒီ ဦးဆောင်သော BJP ပါတီသည် မေလအတွင်းက ကျင်းပခဲ့သော အိန္ဒိယ အထွေထွေ ရွေးကောက်ပွဲတွင် ရာဟူးလ်ဂန္ဒီ၏ INC ပါတီကို အနိုင်ရကာ အာဏာရလာခဲ့သော ပါတီဖြစ်သည်။

“ကျွန်တော်တို့အနေနဲ့ အမေရိကန် ပြည်ထောင်စုဘက်က အခုလိုမျိုးနောက်တစ်ကြိမ် မဖြစ်စေရဘူးလို့ အာမခံချက် ပေးစေချင်ကြောင်း ပြောကြားထားပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ပြောကြားသည်။

လျှို့ဝှက်ထောက်လှမ်းမှုနှင့် ပတ်သက်ပြီး အိန္ဒိယအာဏာပိုင်များက အမေရိကန် ပြည်ထောင်စုကို ဖြေရှင်း ချက်တောင်းသည်မှာ ယခုအကြိမ်သည် တတိယအကြိမ် ဖြစ်ပြီး ပြီးခဲ့သော နှစ်အတွင်းကလည်း ယခုကဲ့သို့ ဖြစ်စဉ်မျိုး နှစ်ကြိမ်ဖြစ်ပွားခဲ့ဖူးသည်။

မနှစ်အတွင်းက ဖြစ်ပွားခဲ့သော နှစ်ကြိမ်လုံးတွင် အမေရိကန်အစိုးရက အိန္ဒိယအာဏာပိုင်များ၏ ပြောကြား ချက်နှင့် ပတ်သက်ပြီး ဂရုတစိုက် လုပ်ဆောင်ပါမည်ဟု ပြောကြားခဲ့သော်လည်း အမေရိကန်အစိုးရထံမှ မည်သည့်ဖြေရှင်းချက်မျိုးမှ မရရှိဖူးကြောင်း အိန္ဒိယ အာဏာပိုင်များက ပြောကြားခဲ့သည်။

အိန္ဒိယသည် အမေရိကန်နှင့် စစ်ရေးအရရော ကုန်သွယ်ရေးအရပါ ခိုင်မာသော ဆက်ဆံရေးရှိသော်လည်း အိန္ဒိယ သံအမတ်တစ်ဦးကို နယူးယောက်မြို့တွင် ဗီဇာကိစ္စနှင့် ပတ်သက်ပြီး အမေရိကန် အရာရှိများက ဖမ်းဆီးခဲ့ပြီးနောက် ပြီးခဲ့သောလများအတွင်း၌ နှစ်နိုင်ငံဆက်ဆံရေး အနည်းငယ် တင်းမာလာခဲ့သည်။

အမေရိကန် ပြည်ထောင်စုသည် လျှို့ဝှက်ထောက်လှမ်းမှုများနှင့် ပတ်သက်ပြီး အိန္ဒိယနိုင်ငံအပြင် အခြားတိုင်းပြည်များ၏ ဖြေရှင်းချက် တောင်းခြင်းကို ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်ပြီး ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းကလည်း ဂျာမနီအာဏာပိုင်တို့က အမေရိကန် သံအမတ်ကို ဆင့်ခေါ်ကာ ဂျာမနီအဓိပတိ အိန်ဂျလာမာကယ်လ်၏ ဖုန်းကို NSA က ကြားဖြတ်နားထောင်ခဲ့ခြင်းနှင့် ပတ်သတ်ပြီး ဖြေရှင်းချက်ပေးရန် တောင်းဆိုခဲ့သည်။

The Voice Weekly

No comments:

Post a Comment

My Blog List