Thursday, July 03, 2014

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ထိုင်းအတိုက်အခံခေါင်းဆောင် ဆွမ်ဘတ် အာမခံဖြင့် ပြန်လွတ်လာ



ထိုင်းနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အဓိက အတိုက်အခံ ခေါင်းဆောင်တစ်ဦးဖြစ်သော ဆွမ်ဘတ် ဘွန်ဂါမန်နွန်သည် တစ်လတာမျှ အထိန်းသိမ်းခံထားရာမှ အာမခံဖြင့် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။ Hunger Games ရုပ်ရှင်ဇာတ်ကားများမှ အာဏာဖီဆန်မှု သင်္ကေတဖြစ်သည့် လက်ချောင်းသုံးချောင်းဖြင့် အလေးပြုသည့် လှုပ်ရှားမှုကို အစပြု လှုံ့ဆော်ခဲ့သူ တစ်ဦးလည်းဖြစ်သော ဆွမ်ဘတ်ကို ပြန်လွှတ်ပေးလိုက်ပြီဟု ဇူလိုင် (၂)ရက်တွင် ထိုင်းအာဏာပိုင်များက အတည်ပြု ပြောကြားခဲ့သည်။
၎င်းသည် သွေးထိုးလှုံ့ဆော်မှု၊ ကွန်ပျူတာဆိုင်ရာ ရာဇဝတ်မှု၊ အစိုးရ၏ ဆင့်ခေါ်ချက်ကို မျက်ကွယ်ပြုမှု အစရှိသော စွဲချက်များနှင့် ရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ်(၁၄)နှစ်မျှထိ ကျခံရမည့် အခြေအနေမျိုး ကြုံခဲ့ရသည်။

ဆွမ်ဘတ်ကို ဇူလိုင် (၁)ရက် ကတည်းက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သော်လည်း အရှေ့မြောက်ပိုင်း ရွိုင်အတ်ရှိ တရားရုံးတစ်ခုတွင် ထိုင်းတော်ဝင်မိသားစုကို အရိုအသေမဲ့ စော်ကားမှုအတွက် ဆက်လက်စွဲချက်တင် စစ်ဆေးမည် ဖြစ်သည်။ ယင်းစွဲချက်အတွက် ပြစ်မှုထင်ရှားပါက ထောင်ဒဏ်(၁၅)နှစ်ထိ အမြင့်ဆုံးပြစ်ဒဏ် ကျခံရမည် ဖြစ်သည်။

ရွိုင်အတ်မှ ထောက်လှမ်းရေးဌာန အကြီးအကဲ ဆူရီယာ ဆန်ဂွန်တာက “ဆွမ်ဘတ်က စွဲချက်ကိုတော့ ငြင်းဆိုထားပါတယ်။ သူက တော်ဝင်မိသားစုကို စော်ကားချင်တဲ့ ရည်ရွယ်ချက် လုံးဝမရှိဘူးလို့ ပြောပါတယ်”ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။

မေ(၂၂)ရက်တွင် ထိုင်းစစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ဆွမ်ဘတ်ကို လာရောက်အဖမ်းခံရန် ဆင့်ခေါ်ခဲ့သည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာကို ထောက်ခံသည့် ရှပ်နီအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သော ဆွမ်ဘတ်က Facebookပေါ်တွင် “Catch Me If You Can”ဟု ထိုင်းစစ်တပ် အစိုးရကို တုံ့ပြန်စိန်ခေါ်ပြီး ရှောင်တိမ်းခဲ့သည်။

၎င်းသည် ထိုကဲ့သို့ တိမ်းရှောင်နေစဉ် အတောအတွင်း The Hunger Games ဇာတ်ကားမှ အာဏာဖီဆန်မှု သင်္ကေတဖြစ်သည့် လက်ချောင်းသုံးချောင်းဖြင့် အလေးပြုမှုကို အတိုက်အခံများ ကျင့်သုံးသင့်ကြောင်း ဆော်ဩတိုက်တွန်းခဲ့သည်။ နောက်ပိုင်းတွင်မူ ၎င်းရှိနေသည့် နေရာကို ခြေရာခံမိပြီး အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။

ဆွမ်ဘတ်က ချုပ်နှောင်ခြင်း ခံထားရချိန်တွင် အနိုင်ကျင့် နှိပ်စက်မှု တစ်စုံတစ်ရာ မတွေ့ကြုံရကြောင်း ပြောကြားခဲ့သည်။ “သူတို့ ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံကြပါတယ်။ ခြိမ်းခြောက်တာမျိုး၊ ကိုယ်ထိလက်ရောက် နှိပ်စက်တာမျိုး မရှိပါဘူး”ဟု ဆွမ်ဘတ်က ဆိုသည်။ ဆွမ်ဘတ်က မိမိ၏ အာမခံတွင် နိုင်ငံရေး လှုပ်ရှားမှုများမှ ကန့်သတ်တားမြစ်သည့် အချက်လည်း ပါဝင်ကြောင်း အတည်ပြုခဲ့သည်။ “အရင်တုန်းကလိုမျိုး လှုပ်ရှားမှု တော်တော်များများမှာ ကျွန်တော်လိုက်ပြီး ပါဝင်နေ တာမျိုး လုပ်လို့မရပါဘူး”ဟု ၎င်းက ပြောကြားသွားသည်။

Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment

My Blog List