Thursday, July 03, 2014

အမေရိကန် လေဆိပ်များ လုံခြုံရေးတိုးမြှင့်


အမေရိကန်နိုင်ငံသို့ ဦးတည်ပျံသန်းလာသည့် လေကြောင်းခရီးစဉ် အချို့ကို တိုးမြှင့်စောင့်ကြည့်နိုင်ရန် အမေရိကန် လေဆိပ်များ၌ လုံခြုံရေး တိုးမြှင့်ထားလိုက်ကြောင်း သတင်းရရှိသည်။

အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ယုံကြည်ရလောက်သည့် ခြိမ်းခြောက်မှု အခြေအနေ များ ရှိနေသည့်အတွက် ဗြိတိန်မှ ပျံသန်းလာသည့် လေကြောင်းခရီးစဉ် အချို့အပါအဝင် အမေရိကန်သို့ တိုက်ရိုက်လာမှုများကို လေဆိပ်များတွင် စောင့်ကြည့်နေခြင်း ဖြစ်သည်။

ဗြိတိန်နိုင်ငံတွင်လည်း လေဆိပ်များ၌ လုံခြုံရေးအစီအမံများတိုးမြှင့်ထားကြောင်း ပို့ဆောင်ရေး ဝန်ကြီး ဌာနက ကြေညာသည်။ ဗြိတိန်နှင့်အမေရိကန်အာဏာပိုင်များက လုံခြုံရေး မြှင့်တင်မှုများနှင့် စပ်လျဉ်းသည့် အသေးစိတ် အချက်အလက်များကို ကြေညာခြင်း မရှိသော်လည်း ခရီးသည်အများစုအနေဖြင့် သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်ရသည့် အခြေအနေမျိုး ကြုံရမည် မဟုတ်ဟု အာမခံထားသည်။

အမေရိကန်၏ လွတ်လပ်ရေးနေ့ဖြစ်သည့် ဇူလိုင်လ (၄)ရက်နေ့ နီးကပ်လာချိန်တွင် ယခုကဲ့သို့ လုံခြုံရေး စံနှုန်းများကို မြှင့်တင်လာခြင်း ဖြစ်သည်။ အမေရိကန် မီဒီယာများက ဆီးရီးယားနှင့် ယီမင်တို့ရှိ အယ်လ်ကေးဒါး အကြမ်းဖက် အဖွဲ့များသည် လေယာဉ်များပေါ်သို့ ဗုံးများ ခိုးဝှက်တင်ပို့ရန် ကြိုးစားမှု အရှိန်မြှင့်တင်လာကြောင်း ဖော်ပြခဲ့ပြီးနောက် အမေရိကန် လေဆိပ်များတွင် လုံခြုံရေး တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။

အမေရိကန် ပြည်တွင်းလုံခြုံရေးဌာနမှ တာဝန်ရှိသူတစ်ဦးက တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး ယုံကြည် ရလောက်သော သတင်း အချက်အလက်များနှင့် ထောက်လှမ်းရေး အစီရင်ခံစာများကို အခြေခံပြီး ယခုကဲ့သို့ လုံခြုံရေး စံနှုန်းသတ်မှတ်ချက် အပြောင်းအလဲများ လုပ်ဆောင်ခဲ့ခြင်းဟု ပြောကြားခဲ့သည်။

“လေကြောင်းခရီးစဉ်တွေဟာ တစ်ကမ္ဘာလုံးက အကြမ်းဖက်သမားတွေအတွက် အဆွဲဆောင်နိုင်ဆုံး ပစ်မှတ်တွေအဖြစ် ရှိနေဆဲပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ အနေနဲ့ လေကြောင်းပျံသန်းမှု လုံခြုံရေး ကဏ္ဍနဲ့ ပတ်သက်ပြီး ဖြစ်နိုင်သမျှ လမ်းကြောင်းအားလုံးကနေ ချဉ်းကပ် လေ့လာထားရပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။

လေဆိပ်များ၏ လုံခြုံရေးကို မြှင့်တင်လိုက်ခြင်းနှင့် ပတ်သက်ပြီး အဓိက စေ့ဆော်ခဲ့သည့် ခြိမ်းခြောက် မှုများနှင့် ပတ်သက်ပြီးမူ တိတိကျကျ မသိရသေးချေ။ လုံခြုံရေး စံနှုန်းသတ်မှတ်ချက် အသစ်သည် အမေရိကန် လေဆိပ်အားလုံးတွင် သက်ရောက်မည်ဖြစ်ပြီး အမေရိကန်မှ ထွက်ခွာသည့် ခရီးစဉ်များရော၊ ဝင်ရောက်လာသည့် ခရီးစဉ်များအနက် အချို့အတွက် ကန့်သတ်ချက်များ ရှိလာမည်ဟု သိရသည်။

Ref: BBC
7Day News Journal 

No comments:

Post a Comment

My Blog List