Saturday, July 05, 2014

“ သီတဂူဆရာတော်ဘုရားကြီး၏ သြ၀ါဒကောက်နှုတ်ချက် ”



လူတို့ရဲ့ဘဝသက်တမ်းဟာ နှစ်ပေါင်းတစ်ရာပြည့်အောင် မနေကြရပါဘူး။ နှစ်ပေါင်းတစ်ရာဆိုတဲ့ ကာလဟာလည်း အလွန်တိုတောင်းတဲ့ ကာလလေးဖြစ်ပါတယ်။ အလွန်တရာတိုတောင်းစွာ အသက်ရှင်ကြရသော ကျွန်ုပ်တို့၏ ဘဝတစ်ခု
အတွင်းမှာ ကျွန်ုပ်တို့လူသားတွေဟာ လူမျိုးရေး, ဘာသာရေး, စီးပွားရေး, နိုင်ငံရေးတစ်ခုခုကို အကြောင်းပြုပြီး ပြိုင်ဆိုင်ခြင်း,ငြင်းခုန်ခြင်း, တိုက်ခိုက်ခြင်း, ရန်ငြိုးဖွဲ့ခြင်း, မကျေနပ်ခြင်း, မရောင့်ရဲခြင်း,ထိတ်လန့်ခြင်း, တုန်လှုပ်ခြင်း, စိုးရိမ်ပူပန်ခြင်းတို့ဖြင့် အသက်ရှင် နေထိုင်ကြမယ်ဆိုလျှင် ဘယ်လူမျိုးတို့၏ဘဝမှာမှ ဘဝအနှစ်သာရနှင့် ဘဝအဓိပ္ပါယ် ရရှိနိုင်ကြမှာ မဟုတ်ပါဘူး။ 



သို့ဖြစ်ခြင်းကြောင့် အနှစ်သာရနှင့် အဓိပ္ပါယ်ပြည့်ဝသောဘဝကို အားလုံးဝိုင်းဝန်း တည်ဆောက်ကြဖို့် လိုအပ်ပါတယ်။ တိုက်ခိုက်ခြင်းမှ ကင်းဖို့ရန် ကျူးကျော်ခြင်းနှင့် ပြိုင်ဆိုင်ခြင်းတို့ကို ရှောင်ရှားကြဖို့ လိုအပ်ပါတယ်။ 

ငြင်းခုန်ခြင်းနှင့် ရန်ဖြစ်ခြင်းဘေးမှကင်းဖို့ရန် aggressive spirit နှင့် extremist spirit တို့ကို စွန့်လွှတ်ကြဖို့ကိုလည်း အရေးကြီးပါတယ်။ လောက၏ ငြိမ်းချမ်းရေးအတွက် Favour ပေးခြင်း ယူခြင်းဆိုတဲ့ အစွန်းနှစ်ဖက်နှင့် fear ဖြစ်ခြင်း၊ fear ဖြစ်အောင်ဖန်တီးခြင်းဆိုတဲ့ အစွန်းနှစ်ဖက်တို့ကို ရှောင်ရှားကြဖို့ middle way ဟူသော မဇ္ဈိမပဋိပဒါလမ်းစဉ်ကို မြတ်ဗုဒ္ဓက ဟောကြားခဲ့ပါတယ်။ လူ့လောကကြီးမှာ ဘေးရန်တစ်ခုခုဖြင့်ခြိမ်းခြောက်ခံရသည့်အခါ ကြောက်စိတ်များ ပေါ်ပေါက်လာတတ်ကြပါတယ်။ အဲဒီ fear ဆိုတဲ့ ကြောက်စိတ်ဟာ religion တို့၏အစဖြစ်တယ်လို့ မြတ်ဗုဒ္ဓ မိန့်ကြားတော် မူပါတယ်။

မြတ်ဗုဒ္ဓ မိန့်ကြားတာတစ်ခု ရှိပါတယ်။ လောကကြီး၏ ပြဿနာအားလုံးတို့၏အစ, စိတ်ဆင်းရဲခြင်းတို့၏အစဟာ `သစ္စာ တရား´ကို မသိခဲ့ကြလို့ ဖြစ်ပါတယ်။ သစ္စာတရားကို ရှာဖွေဖော်ထုတ်နိုင်မှ လူ့လောကပြဿနာအားလုံးကို ဖြေရှင်းနိုင် မယ်လို့ မြတ်ဗုဒ္ဓ ဟောတော်မူပါတယ်။ သို့ဖြစ်ခြင်းကြောင့် တကယ်စစ်မှန်တဲ့ ဘဝအနှစ်သာရနှင့် ဘဝအဓိပ္ပါယ်မှာ ထိတ်လန့်ခြင်း ပူပန်ခြင်းမရှိဘဲ ချမ်းမြေ့ပျော်ရွှင်စွာ ဝမ်းမြောက်ဝမ်းသာ နေရသော ဘဝသည်သာလျှင် အဓိပ္ပါယ်ပြည့် စုံသော, ချမ်းမြေ့ပျော်ရွှင်ဖွယ်ကောင်းသော ဘဝတစ်ခုကို သစ္စာတရားဖြင့် တည်ဆောက်ကြပါစို့ဟု ကျွန်ုပ်တိုက်တွန်း လိုက်ပါတယ်။

မြန်မာနိုင်ငံဟာ ယဉ်ကျေးမှုမျိုးစုံ လူမျိုးပေါင်းစုံနှင့် ကိုးကွယ်ရာဘာသာတရားပေါင်းတို့ စုဝေးနေတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး ဘာသာအယူဝါဒ မတူညီတဲ့ လူမျိုးတွေဟာ နှစ်ပေါင်းများစွာ ကာလကတည်းက ချစ်ကြည်ရင်းနှီးစွာ အတူနေထိုင်လာ ခဲ့ပါတယ်။ 



နိုင်ငံတစ်ခုအတွင်း မှီတင်းနေထိုင်ကြသူတွေအကြား ယုံကြည်ချက်နဲ့ အယူဝါဒမတူညီမှုကြောင့် အယူအဆတွေ ကွဲပြားနိုင်ပါတယ်။ အဲဒီလိုမတူညီတဲ့ သုံးသပ်မှုတွေကြောင့် ပဋိပက္ခတွေ ပေါ်ပေါက်လာနိုင်ပါတယ်။ ပဋိပက္ခတွေ ဘယ်လိုပဲပေါ်ပေါက်ပါစေ တစ်မြေတည်းမှာနေ၊ တစ်ရေတည်းသောက်နေကြတဲ့ သူတွေအကြားတစ်ဦးနဲ့တစ်ဦး အပြန် အလှန် နားလည်ခွင့်လွှတ်ခြင်းဖြင့် ပဋိပက္ခတွေကို ပြေငြိမ်းသင့်ကြပါတယ်။ ဒီလိုအခြေအနေမျိုးကို အချို့သော နိုင်ငံရေး အမြတ်ထုတ်လိုသူတွေဟာ သူ့တို့အကျိုးအတွက် အသုံးချပြီး ဘာသာမတူတဲ့ပြည်သူတွေအကြား အမုန်းတရားတွေ ကြီးထွားအောင် အခြေအနေကို ပုံကြီးချဲ့တတ်တာကို အားလုံးက သတိချပ်သင့်ကြပါတယ်။ 



တစ်ဦးနဲ့တစ်ဦး သဘောထားချင်း မတိုက်ဆိုင်ကြခြင်းဟာ ဖြေရှင်းလို့ မရတဲ့ကိစ္စမျိုး မဟုတ်ပါဘူး။ ကျွန်ုပ်တို့လုပ်ဆောင် သင့်တာကတော့ မိမိတို့ကိုးကွယ်ရာ ဘာသာတရားရဲ့ အဆုံးအမတွေကို လိုက်နာကျင့်သုံးရင်း ငြိမ်းချမ်းပြီး အကြမ်း မဖက်သော ဆွေးနွေးညှိနှိုင်းမှုများဖြင့် အတူလက်တွဲ နေထိုင်သွားနိုင်တဲ့ အခြေအနေတစ်ရပ်ကို ဖော်ဆောင်သွားကြဖို့ပဲ ဖြစ်ပါတယ်။

သီတဂူ ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်ဉာဏိဿရ
(လက်ရွှေးစင် မိန့်ခွန်းများမှ ကောက်နှုတ်ချက်)

မူရင်းဓမ္မဒါန - ကိုလှိုင်တိုး
Young Buddhist's Association

No comments:

Post a Comment

My Blog List