Friday, July 04, 2014

ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ အခြားပယောဂများကြောင့် ဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သုံးသပ်



ဘာသာရေးပဋိပက္ခများ ဖြစ်ပေါ်နေခြင်းသည် သွေးရိုးသားရိုးမဟုတ်ဘဲ အခြားပယောဂများကြောင့် ဖြစ်နိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

ဇူလိုင် ၃ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

သတင်းထောက်များ မေးမြန်းသည့် ယခင်အစိုးရလက်ထက်တွင် ဘာသာရေးပဋိပက္ခများ မရှိကြောင်း၊ ယခုအစိုးရ လက်ထက်တွင်သာ ရှိလာကြောင်း၊ ဖြစ်ပေါ်လာချိန်တွင်လည်း ဖြစ်ဖြစ်ချင်း ထိန်းသိမ်းခြင်း မရှိကြောင်း၊ လွှတ်တော် သို့လည်း ဖြစ်စဉ်များကို သက်ဆိုင်ရာမှ အသိပေးအကြောင်းကြားခြင်း မရှိကြောင်း၊ ယခုအပေါ်တွင် မည်သို့သုံးသပ် သည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် ပတ်သက်၍ ပြန်လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

သူရဦးရွှေမန်းက ပြောကြားရာတွင် “တပ်မတော်အစိုးရ လက်ထက်တုန်းကတော့ တစ်သွေးတစ်သံတစ်မိန့်နဲ့ အုပ်ချုပ်ခဲ့ တယ်။ အခုကျတော့ ဒီမိုကရေစီ ကူးပြောင်းတဲ့အခါမှာ ဒီမိုကရေစီ အခွင့်အရေးတွေကို အလွဲသုံးစားလုပ်ပြီး ဆောင်ရွက် လို့ ဒီလိုဖြစ်လာတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သွေးရိုးသားရိုး မဟုတ်ဘဲနဲ့ အခြားပယောဂကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တခြားပယောဂ ဆိုတဲ့နေရာမှာ အတော်လေးဆန်းကျယ် ရှုပ်ထွေးပါတယ်။ ကိုယ့်တစ်နိုင်ငံတည်း ကြည့်လို့မရဘူး။ ကိုယ့်အဖွဲ့အစည်းတစ်ခုတည်း ကြည့်လို့မရဘူး။ အခြားနိုင်ငံတွေလည်း ရှိတဲ့အတွက် မိမိတို့မမြင်နိုင်တဲ့ ကိစ္စတွေကြောင့် ဒီလိုဖြစ်လာတယ်ဆိုရင် နာမှာက ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေ ဖြစ်တဲ့အတွက် အဲလိုမဖြစ်အောင် မိမိတို့ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသမျှ ကာကွယ်ရမယ်” ဟု ပြောကြားခဲ့သည်။

လွှတ်တော်အနေဖြင့်လည်း အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ တင်ပြလာပါက ပူးပေါင်းကာကွယ် ဆောင်ရွက် မည်ဖြစ်ကြောင်း သူရဦးရွှေမန်းက ထည့်သွင်းပြောကြားခဲ့သည်။

ဘာသာရေးပဋိပက္ခ ဖြစ်စဉ်များသည် ဒီမိုကရေစီပြောင်းလဲမှုကို ထိခိုက်နိုင်သဖြင့် မီဒီယာများအနေဖြင့် ပူးပေါင်း ကာကွယ်ရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ဆိုသည်။

လွှတ်တော်အနေဖြင့် ဒီမိုကရေစီနောက်ကြောင်း ပြန်လှည့်မည်ဆိုသည်ကို စဉ်စားထားခြင်းပင်မရှိကြောင်း သူရဦးရွှေမန်း က ပြောကြားသည်။

လက်ရှိမန္တလေးမြို့တွင် ဖြစ်ပေါ်နေသည့်ကိစ္စများနှင့်ပတ်သက်၍ အင်တာနက်သတင်းများပေါ်မှသာသိရှိရပြီး လွှတ်တော် သို့ အုပ်ချုပ်ရေးအဖွဲ့မှ ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အကြောင်းကြားချက်မှ ရရှိထားခြင်း မရှိသေးကြောင်း သူရဦးရွှေမန်းက ဆက်လက်ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List