Thursday, July 03, 2014

လူစုလူဝေးနှင့် ဖျက်ဆီးမှုအချို့ ဖြစ်ပေါ်ခဲ့သော မန္တလေးမြို့ ၈၂ လမ်းနှင့် ၂၇ လမ်းအနီးတွင် တိုင်းရဲတပ်ဖွဲ့မှ အင်အား ၅၀၀ ကျော်ဖြင့် လုံခြုံရေး ဆောင်ရွက်ထား


ချမ်းအေးသာစံမြို့နယ် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်ရှိ လက်ဖက်ရည် ဆိုင်ပိုင်ရှင် ကိစ္စနှင့် ပတ်သက်၍ ည ၈ နာရီခန့်မှ စတင်ကာ လူစုလူဝေး ဖြစ်ပေါ်လာခဲ့ပြီး နံနက် ၃ နာရီခွဲမှသာ လူစုကွဲသွားခဲ့သောကြောင့် ထပ်မံပြီး ဘာသာရေးပဋိပက္ခနှင့် အခြားမလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန်အတွက် လက်ရှိလုံခြုံရေးအင်အား အပါအ၀င် မန္တလေးတိုင်း ရဲတပ်ဖွဲ့ ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ အင်အား ၅၀၀ နှင့် တပ်ဖွဲ့ခွဲလုံခြုံရေးပါ ဆက်လက်ထားရှိသွားမည်ဖြစ်ကြောင်း မန္တလေးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းစာရှင်းလင်းပွဲ တွင် အသိပေး ပြောကြားသည်။

စတင်ဖြစ်ပွားရသည့် အကြောင်းရင်းမှာ ယင်းလက်ဖက်ရည်ဆိုင်ပိုင်ရှင်မှာ ဆိုင်တွင် အလုပ်လုပ်နေသည့် အမျိုးသမီးလေးကို နေပြည်တော်ဆိုင်တွင် ပြောင်းလုပ်ကိုင်ရန် ခေါ်ဆောင်သွားစဉ် လမ်းခရီး၌ မဖွယ်မရာ ပြုကျင့်ခဲ့ကြောင်း အလုပ်သမား မိန်းကလေးက ပျဉ်းမနားရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ပျဉ်းမနားမြို့မ ရဲစခန်းမှူးက ယင်းဆိုင်သို့ ဇွန် ၃၀ ရက်တွင် လာရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။ 

သို့သော် အမှုဖွင့်ခံထားရသူများမှာ ထွက်ပြေးတိမ်းရှောင် နေသဖြင့် အင်တာနက် ဖေ့စ်ဘွတ်စာမျက်နှာ များတွင် ယင်းတရားခံ လာရောက်အဖမ်းခံရန် ထိုသူပိုင်ဆိုင်သော လက်ဖက်ရည်ဆိုင်သို့ သံဃာတော်များမှ လာရောက်ပြီး မိသားစုဝင်များကို နားချမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ကြိုတင်သတင်း ရရှိသဖြင့် လုံခြုံရေး ရယူရာမှ ဆက်လက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒုရဲမှူးကြီး ဇော်မင်းဦးက ပြောကြားခဲ့သည်။

“အင်တာနက်မှာရော အပြင်မှာရော သတင်းပျံ့နှံ့မှုတွေကြောင့် သူတို့ဆိုင်ကို မဖွင့်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားတာကို လက်မခံဘူး။ အကြောင်းကလည်း သူတို့ အစ္စလာမ်ဘာသာဝင်တွေ ဥပုသ်ကာလဖြစ်လို့ ဗလီထွက်ချိန်စားရတာ အဆင်မပြေမှာ စိုးလို့ပါ။ အဲလိုနဲ့ ကျွန်တော်တို့ ရဲတပ်ဖွဲ့ လုံခြုံရေး ကြိုတင်ရယူပေးထားတာကနေ လာရောက်ကြည့်ရှူသူတွေနဲ့ များသွားတာပါ။ ၁၀ နာရီ ၀န်းကျင်ထိ ကတော့ လူစုလူဝေးကလွဲလို့ ဘာမှမဖြစ်ပွားသေးပါဘူး” ဟု ဒုရဲမှူးကြီးက ဆိုသည်။

ဆက်လက်ပြီး ၁၀ နာရီခွဲ နောက်ပိုင်းအချိန်တွင် ဆိုင်ကယ်လေးစီးခန့်မှ နိုင်ငံတော်သီချင်း သီဆိုသွားမှုကို ရဲတပ်ဖွဲ့ဝင်များမှ ထိန်းသိမ်းရန် ဆောင်ရွက်သော်လည်း အခြားသူများမှပါ ဆက်လက်သီဆိုခြင်းကြောင့် လူစုလူဝေး ပိုမိုများပြားလာကာ စတင်ဖြစ်ပွားသည့် ၈၂ လမ်းနှင့် ၂၇ လမ်းထောင့်မှ ၂၆ လမ်းတစ်လျှောက် ၈၃၊ ၈၄၊ ၈၅၊ ၈၆ လမ်းတစ်လျှောက်ထိ ရောက်ရှိကာ ပိုမိုအခြေနေ ဆိုးရွားလာခဲ့ကြောင်း ၎င်းမှ ဆက်လက်ပြောပြသည်။

ဆိုင်ကယ် လေးစီးလောက်က နိုင်ငံတော်သီချင်း သီဆိုသွားတာကို ရဲတပ်ဖွဲ့ဝင်တွေက မဆိုဖို့ ထိန်းသိမ်းနေတာကို တခြားသူတွေကပါ သီဆိုတဲ့နောက် လူအင်အားက ၅၀၀ ထိ ရှိလာခဲ့ပါတယ်။ ညပိုင်းဖြစ်တဲ့အတွက် အရက်မူးနေတဲ့ သူကလည်း များပါတယ်။ အဲဒီနောက် ရဲတပ်ဖွဲ့ဝင်တွေကို ခဲနဲ့ပေါက်၊ လမ်းမှာရပ်ထားတဲ့ ကားတွေကို တုတ်နဲ့ ရိုက်ခွဲတာမျိုးတွေ လုပ်ပါတယ်။ ကားတစ်စီးကိုတော့ မီးရှို့သွားပါတယ်။ ၂၆×၈၆ လမ်းထောင့်မှာတော့ ည ၁၁ နာရီကျော်မှာ လူအင်အား အရမ်းများလာပြီး မနိုင်နင်းတော့တဲ့ အခြေအနေမို့ လူစုကွဲဖို့ ရည်ရွယ်ပြီး ရာဘာကျည် သုံးချက် ဖောက်ခဲ့ရပါတယ်။ နံနက် ၃ နာရီခွဲမှာတော့ လူစုကွဲသွားခဲ့ပေမယ့် အခုချိန်ထိ လုံခြုံရေး ဆက်လက်ရယူထားမှာ ဖြစ်ပါတယ်” ဟု မန္တလေးမြို့ လတ်တလောလုံခြုံရေးနှင့် ပတ်သက်ပြီး ဆောင်ရွက်နေမှုများကို ပြောပြသည်။ ယခုကဲ့သို့ ပြဿနာဖြစ်ပွားခဲ့ခြင်းကြောင့် ကား ၁၀ စီးမှန်၊ တံခါးကွဲပျက်စီးခဲ့ပြီး၊ ကားတစ်စီးမှာ ရှေ့ခေါင်းခန်း မီးလောင်ကျွမ်းခဲ့ကာ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် လူငါးဦးမှာလည်း (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ၂၆ (ဘီ)လမ်းမှ ၂၇၊ ၂၈၊ ၂၉၊ ၃၀ လမ်းတစ်လျှောက်၊ လမ်း ၈၀ မှ ၈၁၊ ၈၂၊ ၈၃၊ ၈၄ လမ်းတစ်လျှောက်ထိ ရဲတပ်ဖွဲ့လုံခြုံရေး ဆက်လက်ရယူ ထားမည်ဖြစ်ကာ အခြေနေ တည်ငြိမ်သည်အထိ လုံခြုံရေး ထားရှိသွား မည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment

My Blog List