Wednesday, July 02, 2014

ရုရှားလုပ် တိုက်လေယာဉ်များ မြို့တော် ဘဂ္ဂဒက်ကို ရောက်ရှိ


အီရတ်နိုင်ငံရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက မြို့တော် ဘဂ္ဂဒက်ကို ရုရှားလုပ် Sukhoi တိုက်လေယာဉ်တွေ ဒုတိယအသုတ် ရောက်လာပြီလို့ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်နေ့က ပြောပါတယ်။ ဒီလေယာဉ်တွေကို နိုင်ငံမြောက် ပိုင်းခရိုင်မှာရှိတဲ့ သူပုန်တွေနဲ့ တိုက်ခိုက်ရာမှာ အသုံးပြုသွားမယ်လို့ အီရတ်လေတပ် စစ်ဦးစီးမှူး ဒုဗိုလ်ချုပ်ကြီး အန်ဝါ ဟမ်းမာက ပြောပါတယ်။

အယ်လ်ကိုင်ဒါအဖွဲ့ခွဲတခုဖြစ်တဲ့ အိုင်အက်စ်အိုင်အယ်လ်သူပုန်တွေနဲ့တိုက်ပွဲအတွက် အီရတ်အစိုးရက နိုင်ငံတကာအကူအညီကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။

အိုင်အက်စ်အိုင်အယ်လ်သူပုန်တွေဟာ ဇွန်လအစောပိုင်းက အီရတ်ရဲ့ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ မိုဆူးလ်မြို့ကို ရယူခဲ့ပြီးနောက် အီရတ်နိုင်ငံမြောက်ပိုင်းကိုသာမက ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းကိုပါ သိမ်းပိုက်ခဲ့ပါတယ်။

ရုရှားလုပ် Sukhoi SU-25 တိုက်လေယာဉ် ၅ စီး ဘဂ္ဂဒက်ကို ပြီးခဲ့တဲ့ ဇွန် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ရောက်လာတယ်လို့ အီရတ်နိုင်ငံပိုင်ရုပ်သံက ပြောပါတယ်။

အမေရိကန်ကလည်း စစ်သွေးကြွတွေရဲ့ခြိမ်းခြောက်မှုအသစ်တွေကို ရင်ဆိုင်ရာမှာ အီရတ်ကို ကူညီဖို့ စစ်ရေးအကြံပေးတွေကို စေလွှတ်ခဲ့ပါတယ်။

အီရတ်ရဲ့ ၀ါအရင့်ဆုံးနိုင်ငံရေးသမားတွေထဲက တယောက်ဖြစ်တဲ့ ဒုဝန်ကြီးချုပ် ဟူစိန် အယ်လ် ရှာရစ်စတာနီက အမေရိကန်ဟာ အီရတ်စစ်တပ် အားပြည့်လာတာ လုံလောက်အောင် လုပ်မပေးဘူးလို့ ပြောဆိုပြီး အမေရိကန်အရာရှိတွေကတော့ အီရတ်ကို ခေတ်မီလက်နက်တွေ တပ်ဆင်ထားတာ သေချာအောင် ဖြစ်နိုင်သမျှ အကုန်လုပ်ပေးခဲ့ပြီးပြီလို့ ပြောပါတယ်။

အမေရိကန်အစိုးရဟာ ဇူလိုင် ၁ ရက်နေ့က နောက်ထပ် စစ်သည်အယောက် ၃၀၀ ကို သံရုံးနဲ့ ဘဂ္ဂဒက်လေဆိပ်လုံခြုံရေးကို ကူညီဖို့ လွှတ်ခဲ့တယ်လို့ ပြောပါတယ်။

အမေရိကန်အပါအ၀င် ကုလသမဂ္ဂ၊ အီရန်နဲ့ အီရတ်က ရှီးယား မွတ်စလင်တွေဟာ အီရတ် အစိုးရကို အလုံးစုံပါဝင်တဲ့ အစိုးရဖြစ်ရေးအတွက် နိုင်ငံရေးသမားတွေကို တွန်းအား ပေးနေပါတယ်။

ဒါပေမယ့် ဆွန်နီအုပ်စုတွေနဲ့ ကာဒ့်လူမျိုး အစ္စလာမ်ဘာသာဝင်တွေက လွှတ်တော် တက်ဖို့ ငြင်းဆန်နေလို့ အီရတ်ရှီးယားအုပ်စုဟာ ၀န်ကြီးချုပ်နာမည် အဆိုတင်သွင်းဖို့ မတတ်နိုင် ဖြစ်ခဲ့ပါတယ်။

DVB

No comments:

Post a Comment

My Blog List