Thursday, July 03, 2014

အေးရှားဝေါလ်ဆိပ်ကမ်း ကုန်သေတ္တာများ ဖွင့်ဖောက်စစ်ဆေးမှု Mobile Team စောင့်ကြည့်မည်


တရားမဝင် ကုန်သွယ်မှု ရွေ့လျားစစ်ဆေးရေး အဖွဲ့ဖြစ်သည့် မိုဘိုင်းတင်းမ်က အေးရှားဝေါလ်ဆိပ်ကမ်း အပါအဝင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းငါးခုရှိ ကုန်သေတ္တာများကို စစ်ဆေးရန် မဲနှိုက်ခြင်း၊ ကုန်သေတ္တာ ဖွင့်ဖောက် စစ်ဆေးခြင်းနှင့် X-ray စနစ်ဖြင့် စစ်ဆေးခြင်း လုပ်ငန်းများကို စောင့်ကြည့်၍ မှောင်ခိုတား ဆီးမည် ဖြစ်ကြောင်း အေးရှားဝေါလ် မိုဘိုင်းတင်းမ် ဖွဲ့ဝင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချိုထူးက ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများတွင် မှောင်ခိုတားဆီးရေး လုပ်ငန်းများကို ဇူလိုင် ၂ ရက်နေ့မှ စတင် ဆောင်ရွက်လျက်ရှိရာ အေးရှားဝေါလ် ဆိပ်ကမ်းတွင်လည်း မှောင်ခိုတားဆီးရေး လုပ်ငန်းများ ကနဦး စတင်ရန် စီစဉ်လျက်ရှိကြောင်း ၎င်းကဆိုသည်။

အကောက်ခွန်ဦးစီးဌာနက ပို့ကုန်၊ သွင်းကုန် ကုန်သေတ္တာ အားလုံးအတွက် စစ်ဆေးမှုလမ်းကြောင်း (Channel) ကို အနီ၊ အဝါ၊ အစိမ်း သုံးရောင် သတ်မှတ်ထားပြီး အနီရောင် သတ်မှတ်ချက်ကို ၁၀၀ ရာခိုင်နှုန်း စစ်ဆေးခြင်း၊ အဝါရောင် သတ်မှတ်ချက်ကို X-ray ဖြင့် စစ်ဆေးခြင်းနှင့် အစိမ်းရောင် သတ်မှတ်ချက်ကို စစ်ဆေးမှုမရှိကြောင်း အေးရှားဝေါလ် ဆိပ်ကမ်းရှိ အကောက်ခွန်ဌာန၏ ကြေညာချက် များအရ သိရသည်။

စစ်ဆေးမှုလမ်းကြောင်း သတ်မှတ်ရာတွင် မဲနှိုက်ရွေးချယ်ခြင်း ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်တွင် မိုဘိုင်း တင်းမ်က စောင့်ကြည့်ခြင်း၊ အနီရောင်သတ်မှတ်ချက် ကုန်သေတ္တာများကို ဖွင့်ဖောက် စစ်ဆေးခြင်းနှင့် အဝါရောင် သတ်မှတ်ချက် ကုန်သေတ္တာများကို X-ray ဖြင့် စစ်ဆေးခြင်း လုပ်ငန်းများတွင် မှောင်ခိုကုန် ပစ္စည်း ပါဝင်မှု ရှိမရှိကို စစ်ဆေးမည် ဖြစ်သည်ဟု ဦးချိုထူးက ပြောကြားသည်။

“ကျွန်တော်တို့ အေးဂျင့် အနေနဲ့ကတော့ သူတို့စစ်မယ် ဆိုလည်း အဆင်ပြေပါတယ်။ တစ်ခုရှိတာက လုပ်ငန်း ကျွမ်းကျင်တဲ့လူတွေ စစ်ဆေးရင် ပိုကောင်းတာပေါ့။ အချိန်မကြာဘူးလေ” ဟု ပြည်ပသို့ ပဲ၊ နှမ်း တင်ပို့ရေးအတွက် အေးရှားဝေါလ် ဆိပ်ကမ်းသို့ လာရောက်သည့် အေးဂျင့်တစ်ဦးက မှတ်ချက်ပြုသည်။

သွင်းကုန်များကို ဆိပ်ကမ်း၌ ရက်ပေါင်း ၆၀ ထားခွင့်ပေးပြီး ပို့ကုန်များအတွက်မူ သုံးရက်ထားခွင့် ရှိကြောင်း၊ သတ်မှတ်ကာလ ကျော်လွန်သည့်တိုင် ဆိပ်ကမ်းတွင် ထားရှိသည့် ကုန်သေတ္တာများနှင့် ပတ်သက်၍လည်း ဆွေးနွေးလျက် ရှိကြောင်း မိုဘိုင်းတင်းမ်ထံမှ သိရသည်။

အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများနှင့် လေဆိပ်များတွင် မှောင်ခိုစစ်ဆေးရာ၌ ပညာပေးကာလ တစ်လ သတ်မှတ်ထားပြီး သတ်မှတ်ကာလ ကျော်လွန်ပါက အရေးယူမည်ဟု အဆိုပါ မိုဘိုင်းမ်တင်းထံမှ သိရသည်။

မှောင်ခိုကုန်သွယ်မှု ၈၀ ရာခိုင်နှုန်း ရှိသော ရေကြောင်းမှ ကုန်သွယ်မှုကို စစ်ဆေးရန် စီစဉ်နေခြင်း ဖြစ်ပြီး လုပ်ငန်းစတင်သည့် ဇူလိုင် ၂ ရက်နေ့တွင်မူ ကုန်သေတ္တာများကို စစ်ဆေးနိုင်ခြင်း မရှိသေးချေ။

The Voice Weekly

No comments:

Post a Comment

My Blog List