Thursday, July 03, 2014

လေကြောင်းသဘောတူစာချုပ်ချုပ်ဆိုရန် ငါးနိုင်ငံကျန်ရှိ


မြန်မာနိုင်ငံနှင့် လေကြောင်းသဘောတူစာချုပ်ချုပ်ဆိုရန် ဂျပန်နှင့် ဥရောပနိုင်ငံများအပါအဝင် ငါးနိုင်ငံ ကျန်ရှိနေသေးကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ  သတင်းရရှိသည်။ မြန်မာ့ လေကြောင်းဦးစီးဌာနအနေဖြင့် ၂၀၁၄ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့် လေကြောင်း သဘောတူ စာချုပ်များချုပ်ဆိုရန်ဂျပန်၊ နယ်သာလန်၊ တူရကီ၊ ဩစတြေးလျ၊ နီပေါစသောနိုင်ငံငါးနိုင်ငံနှင့် စာချုပ်ချုပ် ဆိုရန် ကျန်ရှိနေသေးပြီး ယခုနှစ်အတွင်း ပြင်သစ်၊ ဖိလစ်ပိုင်၊ ယူအေအီးတို့နှင့် သဘောတူစာချုပ် ချုပ်ဆိုပြီး ဖြစ်သည်။

‘‘နှစ်နိုင်ငံသဘောတူစာချုပ် တွေကို အသစ်ချုပ်ဆိုတဲ့နိုင်ငံတွေရှိသလို အရင်ချုပ်ဆိုပြီးသားတွေကို ပြန်ပြင် ဆင်ပြီးချုပ်တာတွေလည်းရှိတယ်’’ဟု လေကြောင်းဦးစီးဒုညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။လေကြောင်း ဆိုင်ရာ သဘောတူစာချုပ်များ ပြန်လည် ပြင်ဆင်ချုပ်ဆိုရခြင်းမှာ  ယခင်က စာချုပ်များသည် လေကြောင်း လိုင်းပျံသန်းမှု ကန့်သတ်ထားမှု များရှိခြင်းကြောင့်ဖြစ်ပြီး နိုင်ငံ လေကြောင်းလိုင်းများ အကန့်အသတ်မရှိ ပျံသန်းနိုင်ရေးစသော အချက်များကို အဓိကပြင်ဆင်ချုပ်ဆိုကြသည်ဟု သိရသည်။

ယခင်က မြန်မာနိုင်ငံသည် လေကြောင်းသဘောတူစာချုပ်များကို အာရှနိုင်ငံများနှင့်သာ ချုပ်ဆိုနိုင်ခဲ့ပြီး ယခု အခါ ဥရောပနိုင်ငံများနှင့်ပါ ပြင်ဆင်ချုပ်ဆိုမှုများပြုလုပ်မည်ဖြစ်ရာ ဥရောပမှ တိုက်ရိုက်လေကြောင်း လိုင်းများ ပြန်လည်ဆင်းသက်လာနိုင်မည့် အနေအထားရှိနေသည်ဟု  လေ ကြောင်းဦးစီးတာဝန်ရှိသူက သုံး သပ်သည်။

မြန်မာနိုင်ငံနှင့် လေကြောင်း ဆိုင်ရာ သဘောတူစာချုပ်များကို ၂၀၁၂ ခုနှစ်တွင် အင်ဒိုနီးရှား၊ ကိုရီးယား၊ လာအိုနိုင်ငံများနှင့်လည်းကောင်း၊ ၂၀၁၃ ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား နိုင်ငံများနှင့် နှစ်နိုင်ငံ သဘောတူ စာချုပ်များ အသီးသီးချုပ်ဆိုခဲ့ သည်ဟု လေကြောင်းဦးစီးမှ သတင်းထုတ်ပြန်သည်။

လာမည့် ၂၀၁၅ ခုနှစ်တွင်လည်း ယူကေ၊ အမေရိကန်၊ လူဇင်ဘတ်၊ ဘူတန် စသည့်နိုင်ငံများနှင့်လည်း စာချုပ်အသစ်ချုပ် ဆိုခြင်း၊ ပြင်ဆင်ချုပ်ဆိုခြင်းများ ပြုလုပ်ရန်ရှိသည်။

No comments:

Post a Comment

My Blog List