Thursday, July 03, 2014

အစိုးရနှင့် တပ်မတော်က သိမ်းဆည်းထားသည့် လယ်ယာမြေဧက စုစုပေါင်း ၄၇၀၀၀၀ ကျော်အနက် ဧက ၃၅၀၀၀၀ ကျော်အား အသုံးပြုရန်လိုအပ်၍ စွန့်လွှတ်မည်မဟုတ်ကြောင်း သမ္မတက လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့


အစိုးရစီမံကိန်းများ၊ တပ်မတော်နှင့် ပုဂ္ဂလိကမှ သိမ်းဆည်းထားသည့် လယ်ယာမြေဧက စုစုပေါင်း ၄၇၀၀၀၀ ကျော်အနက် ဧက ၃၅၀၀၀၀ ကျော်အား အသုံးပြုရန် လိုအပ်သည့်အတွက် စွန့်လွှတ်မည် မဟုတ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယကထံသို့ နိုင်ငံတော်သမ္မတက သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ သ၀ဏ်လွှာတွင် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့ခဲ့သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ ၁၊ ၂၊ ၃ တွင် ပါရှိသည့် အမှုများအား စိစစ်ပြီးရှင်းလင်းရန် ၆၉၉ မှုရှိကြောင်း ဖော်ပြထားသည်။

နေပြည်တော်အပါအ၀င် တိုင်းဒေသကြီးများနှင့် ပြည်နယ်များတွင် ဖြေရှင်းရန်အမှု ၆၉၉ မှုရှိကြောင်း၊ ယင်းတို့အနက် ဖြေရှင်းရန် စုစုပေါင်းဧကမှာ ၄၇၃၉၇၉ ဒသမ ၇၃၉ ဖြစ်ကြောင်း၊ အသုံးပြုရန် လိုအပ်ချက်အရ မစွန့်လွှတ်သည့် မြေဧက ၃၅၁၇၃၃ ဒသမ ၇၃၈ ဖြစ်ကြောင်း သိရသည်။

သိမ်းဆည်းထားသည့် မြေဧကများအနက် အသုံးပြုရန်ထက် ပိုမိုမှုကြောင့် စွန့်လွှတ်သည့်မြေဧက ၄၃၇၁၇ ဒသမ ၇၄၀ အနက် ၂၆၅၆၉ ဒသမ ၅၂၀ ဧကသည် လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ အသုံးမပြု၍ ပြန်လည်စွန့်လွှတ်သည့် မြေဧက ၂၈၉၆၈ ဒသမ ၄၆၁ ဧကဖြစ်ပြီး ၂၄၅၂၄ ဒသမ ၆၂၀ ဧက လွှဲပြောင်းပေးပြီးဖြစ်ကြောင်း၊ ပုဂ္ဂလိက အချင်းချင်းနှင့် တရားစီရင်ရေး လုပ်ငန်းစဉ်အရ ရှင်းလင်းရန် မြေဧကမှာ ၄၉၂၄ ဒသမ ၇၂၀ ဖြစ်ကြောင်း သ၀ဏ်လွှာတွင် ဖော်ပြထားချက်များအရ သိရသည်။

ပြန်လည်စွန့်လွှတ်ခြင်း မပြုဘဲ အသုံးပြုရန် လိုအပ်သည့် မြေဧကများအား နိုင်ငံပိုင် စီမံကိန်းများ၊ တပ်မတော်တပ်ဖွဲ့များ၊ စိုက်မွေးခြံများအတွက် သိမ်းဆည်းပြီး သုံးစွဲရန် လိုအပ်သည့်အတွက် ဧက ၃၅၁၀၃၃ ဒသမ ၇၃၈ ဧကအား လွှဲပြောင်းပေးမည် မဟုတ်ကြောင်း၊ လျော်ကြေးပေးကာ ညှိနှိုင်းပြီး ဆက်လက်အသုံးပြုနေသည့် ဧက ၇၀၀ ရှိကြောင်း ဖော်ပြထားသည်။

အသုံးပြုရန်ထက်ပိုမိုနေသည့်အတွက် စွန့်လွှတ်မြေဧကများတွင် နိုင်ငံတော်စီမံကိန်းများအတွက် သိမ်းဆည်း ခဲ့သည့် ဧကပေါင်း ၉၅၂၀၅ ဒသမ ၆၁၀ အနက် ၄၃၇၁၇ ဒသမ ၇၄၀ ဧက စွန့်လွှတ်မည်ဖြစ်ကာ ယင်းတို့အနက် ၂၆၅၆၉ ဒသမ ၅၂၀ ဧက လွှဲပြောင်းပေးပြီးဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့အပြင် အစိုးရဌာနများနှင့် တပ်မတော်တ ပ်ရင်းတပ်ဖွဲ့များမှ ပြန်လည်စွန့်လွှတ်သည့် မြေများကို တိုင်ကြားတောင်းခံသူများထံ ရောက်ရှိရန်အတွက် ဒုတိယသမ္မတမှ နယ်မြေများသို့ ကွင်းဆင်းလျက် ရှိကြောင်း၊ သက်ဆိုင်သူများက ဆက်သွယ်တောင်းခံလာခြင်း မရှိသည့် ကိစ္စရပ်များ ကျန်ရှိကြောင်း သမ္မတ ၏ သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်းက “ကျွန်တော်တို့ လွှတ်တော်က ပေးပို့ခဲ့တဲ့ အမှုတွဲတွေကို ပြီးပြတ်အောင် ရှင်းလင်းပြီးပြီလို့ ဖြေကြားတာတွေ့ရပါတယ်။ ဒါပေမဲ့လည်း အောက်ခြေမှာက မရကြသေးဘူး။ တချို့လယ်မြေတွေကို အရင်က ကျပ် ၅၀၀၀ နဲ့ လျော်ပြီးလို့ ထပ်မလျော်နိုင်ဘူးလို့ ကြားရတာတွေ ရှိပါတယ်။ ပြင်ပက ကာလပေါက်ဈေးနဲ့ ဆောင်ရွက်ပေးသင့်ပါတယ်။ ဒါမှ တောင်သူတွေအတွက်လည်း နစ်နာမှုတွေ အထိုက်အလျောက် ရမှာပါ” ဟု ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းက “အခု ပြည်ထဲရေးဒုဝန်ကြီး လာဖြေတာနဲ့ အောက်ခြေ မှာ ဖြစ်နေတာတွေ ကွာခြားနေပါတယ်။ မူလလယ်သမားက ခံစားခွင့် ဘာမှမရဘဲ လယ်မြေကို သိမ်းသွား တဲ့ ကုမ္ပဏီတွေက ပြန်လုပ်ခွင့်တွေ ပေးထားတဲ့ လယ်သမားတွေက ခံစားခွင့်ရနေကြတယ်။ မြေသိမ်းဥပဒေ နဲ့ မညီဘဲ သိမ်းခဲ့တာတွေကို အခုကာလပေါက်ဈေးတွေနဲ့ ပေးလျော်သင့်ပါတယ်” ဟု ပြောကြားသည်။

ထို့အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကလည်း သိမ်းဆည်းခံခဲ့ရသည့် မူလပိုင်ရှင်များအား နစ်နာကြေးများကို ကာလပေါက်ဈေးဖြင့် လျော်ပေးသင့်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် အောက်ခြေအထိဆင်းပြီး ပြည်သူများ၏ နစ်နာမှုများကို လေ့လာသင့်ကြောင်း၊ မူလပိုင်ရှင်များက ခံစားခွင့် မရရှိကြသည့် ဖြစ်စဉ်များစွာရှိနေကြောင်း ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List