Saturday, July 05, 2014

ပုဒ်မ ၁၄၄ နယ်မြေအတွင်း ပုသိမ်ကြီးမြို့နယ်ကိုပါ ထည့်သွင်းခဲ့ပြီး လိုအပ်ပါက ပစ်ခတ်မည်ဟု တိုင်းရဲတပ်ဖွဲ့ ပြောကြား



မန္တလေးခရိုင်အတွင်း ဇူလိုင် ၃ ရက်က ထုတ်ပြန်ခဲ့သော ပုဒ်မ ၁၄၄ နယ်မြေစာရင်းတွင် ပုသိမ်ကြီးမြို့နယ်ကိုပါ ထည့်သွင်းလိုက်ပြီး လူစုလူဝေးဖြင့် ဆူပူမှုဖြစ်ပေါ်အောင် ပြုလုပ်ပါက ပစ်ခတ်နှိမ်နင်းသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်များတွင် အပြစ်မဲ့သေဆုံးခဲ့ရသည့် ကိုထွန်းထွန်း (ခ) ရောင်ပြန်၏ ဈာပနတွင် ဆူပူမှုများဖြစ်ပေါ်ပြီး အေးရိပ်ငြိမ်သုသာန်အတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၏ သင်္ချိုင်းအား ဖျက်ဆီး မှုဖြစ်ပေါ်ခဲ့ပြီး နောက် ဇူလိုင် ၄ ရက် ညပိုင်းတွင် အဆိုပါ သုသာန်တည်ရှိသည့် ပုသိမ်ကြီးမြို့နယ်ကိုပါ ထည့်သွင်း လိုက်ခြင်းဖြစ်သည်။

ဇူလိုင် ၄ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် ကိုထွန်းထွန်း(ခ)ရောင်ပြန်၏ ဈာပနအခမ်းအနားတွင် လူဦးရေသောင်းဂဏန်းခန့် စုဝေးခဲ့ပြီး ပုသိမ်ကြီးမြို့နယ်အတွင်း၌ ဆူပူမှုများဖြစ်ပေါ်ကာ နယ်များသို့ပါ ဆူပူမှုများ ကူးစက်လာခဲ့သည်။

ဆူပူသူများသည် ဇူလိုင် ၂ ရက်က ကိုထွန်းထွန်း သတ်ဖြတ်ခံခဲ့ရသော ချမ်းအေးသာစံမြို့နယ် ၈၃ လမ်းနှင့် ၃၄ လမ်းထောင့်တွင် စုရုံးရန် ချိန်းဆိုမှုများ ပြုလုပ်နေကြောင်း သတင်းထွက်ပေါ်နေခြင်းကြောင့်မန္တလေးမြို့လူထုအတွင်း စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်ကာ ဈေးနှင့်စူပါမားကက်ကြီးများ အချိန်စော ပိတ်သိမ်းခဲ့ကြသလို ကောလာဟလများ ဆက်တိုက် ထွက်ပေါ်လာခြင်းကြောင့် လုံခြုံရေး တိုးမြှင့်ချထားခဲ့ရသည်။

“ဆူပူလိုသူတွေက လုံခြုံရေးတပ်ဖွဲ့တွေကို အင်အားခွဲချင်တဲ့အတွက် အခုလိုကောလာဟလတွေ ထုတ်ပြန်ပြီး မတည်မငြိမ်ဖြစ်အောင် ဖန်တီးတယ်လို့ ယူဆပါတယ်” ဟု လုံခြုံရေးဆောင်ရွက်နေသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“နာရေးဖြစ်တဲ့အတွက် ခွင့်မပြုလို့မရတဲ့အတွက် အခုလို ခွင့်ပြုခဲ့ရတာပါ။ ဒီလောက်ကြီး ဖြစ်သွားလိမ့်မယ်လို့ ထင်မထားခဲ့ပါဘူး။ လူအင်အား အရမ်းများလာတဲ့အခါမှာတော့ ဘေးကနေ လုံခြုံရေးဆောင်ရွက်ခဲ့ပါတယ်။ အေးရိပ်ငြိမ်သုသာန်မှာ ဖြစ်ပျက်ခဲ့တဲ့မီးရှို့မှုတွေနဲ့ ပတ်သက်လို့တော့ တရားခံပြေးအဖြစ် အမှုဖွင့်ထားပါတယ်။ တုတ်၊ ဓားလက်နက်တွေ ကိုင်ဆောင်ပြီး ပြန်ထွက်လာတဲ့ လူခုနစ်ယောက်ကိုတော့ ဖမ်းဆီးထားပါတယ်။ ထွက်ပြေးတဲ့သူတွေလည်း ရှိပါတယ်။ လက်ရှိအခြေအနေကို ပြောရမယ်ဆိုရင် ည ၁၀ နာရီအထိတော့ အေးအေးဆေးဆေးပါပဲ။ မြို့ခံတွေအနေနဲ့ စိုးရိမ်ထိတ်လန့်မှုတွေကြောင့် ဈေးတွေဆိုင်တွေအစောကြီး ပိတ်ကြတယ်လို့ သိရပါတယ်။ ပြောချင်တာကတော့ ကျွန်တော်တို့အနေနဲ့ လုံခြုံရေး ဆောင်ရွက်နေပါတယ်။ ကောလာဟလတွေကို ချင့်ချိန်ပြီး ယုံကြပါလို့ ပြောချင်ပါတယ်။ ရဲတပ်ဖွဲ့အင်အား အနေနဲ့တော့ စစ်ကိုင်းရဲတပ်ရင်း၊ ရွှေစာရံရဲတပ်ရင်း၊ ပုလိပ်ရဲတပ်ရင်း အစရှိတဲ့ ရဲတပ်ရင်းသုံးရင်းက မန္တလေးခရိုင်အတွင်းက နယ်မြေခံရဲတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နေပါတယ်” ဟု မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

မန္တလေးမြို့ခံများအနေဖြင့် ဆူပူမှုများ ဆက်တိုက်ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ လုံခြုံရေးစီမံခန့်ခွဲမှုအပေါ် ဝေဖန်မှုများရှိနေပြီး ရဲတပ်ဖွဲ့အနေဖြင့် ယခုထက်ပိုမိုတင်းကျပ်ရန် လိုလားနေကြသည်။

“ရဲတပ်ဖွဲ့အနေနဲ့ ဆူပူမှုမဖြစ်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာလည်း တုတ်နဲ့ဖြေရှင်းသင့်တဲ့ နေရာမှာ တုတ်နဲ့ပဲဖြေရှင်းပါတယ်။ မရနိုင်တဲ့ အခြေအနေမှသာ ပစ်ခတ်ပြီး ထိန်းသိမ်းသွားမှာပါ။ ပုဒ်မ ၁၄၄ ရဲ့ဆိုလိုရင်းကိုက လိုအပ်လာရင် ပစ်ခတ်ထိန်းသိမ်းပိုင်ခွင့် ရှိပြီးသားပါ။ ကျွန်တော်တို့မှာ ပစ်မိန့်ရှိပါတယ်” ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

ကိုထွန်းထွန်း အသတ်ခံခဲ့ရသော နေရာဖြစ်သည့် ချမ်းအေးသာစံမြို့နယ် ၈၃ လမ်းနှင့် ၃၄ လမ်းထောင့်တွင် ဇူလိုင် ၄ ရက် ည ၇ နာရီခန့်က လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment

My Blog List