Saturday, July 05, 2014

ထိုင်းအာဏာသိမ်း ဒုတိယခေါင်းဆောင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ


ထိုင်းနိုင်ငံ၏ အာဏာသိမ်း ဒုတိယခေါင်းဆောင် တစ်ဦးဖြစ်သော ဗိုလ်ချုပ် Tanasak Patimapragorn နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဇူလိုင်လ ၄ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ထိုင်းအခြေစိုက် The Nation သတင်းစာတွင် ဖော်ပြထားသည်။

ကာကွယ်ရေးဦးစီးချုပ်၏ ထိုင်းနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်တွင် ထိုင်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ် Prayuth Chan-ocha နှင့်လည်း တွေ့ဆုံမည်ဖြစ်ပြီး ဆွေးနွေးမည့် အကြောင်းအရာများကို The Nation သတင်းစာ တွင် ဖော်ပြထားခြင်း မရှိချေ။

သို့သော် ထိုင်းစစ်ဦးစီးချုပ်၏ အိန္ဒိယခရီးစဉ်တွင် မြန်မာနိုင်ငံကို ဖြတ်ကျော်၍ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ကုန်သွယ်ရေးလမ်းမကြီးနှင့် ပက်သက်၍ အိန္ဒိယ ဘဏ္ဍာရေးဝန်ကြီးနှင့် ဦးစားပေး ဆွေးနွေးခဲ့ကြောင်း Bangkok Post သတင်းစာတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံတွင် မေလအတွင်း စစ်တပ် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာတပ်မတော် ခေါင်းဆောင်တစ်ဦး၏ ပထမဆုံးအကြိမ် ချစ်ကြည်ရေး ခရီးဖြစ်ကြောင်း၊ ဇွန်လအတွင်းကလည်း ထိုင်းနိုင်ငံ သို့ မလေးရှားကာကွယ်ရေးဝန်ကြီးနှင့် စစ်ဦးစီးချုပ်တို့က ချစ်ကြည်ရေးခရီးလာရောက်ခဲ့ကြောင်း ထိုင်းအခြေ စိုက် မီဒီယာများတွင် ဖော်ပြကြသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင်လ ၃ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အပြီး ထိုင်းနိုင်ငံသို့ ဆက်လက် သွားရောက်ခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ တပ်မတော်ချင်း ပူးပေါင်းရေး ကြိုးပမ်းခဲ့သည့်အတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၁၃ ခုနှစ်၊ မေလ ၂၈ ရက်နေ့က night Grand Cross (First Class) of the Most Noble Order of the Crown of Thailand ဂုဏ်ဆောင်ဘွဲ့ ပေးအပ်ခဲ့သည်။

လက်ရှိ ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား သုံးသန်းနီးပါး အလုပ်လုပ်ကိုင်လျက် ရှိပြီး စီးပွားရေးအရ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုနှင့် ထားဝယ် ရေနက်စီမံကိန်းတို့အတွက် အစိုးရချင်း ပူးပေါင်း ဆောင်ရွက်မှု များ ရှိထားသည်။

The Voice Weekly

No comments:

Post a Comment

My Blog List