Wednesday, July 02, 2014

ပေါက်ဖော်ကြီးများ လိုတာမရ ကျောက်မျက်ပွဲ


အစိုးရရုံးစိုက်ရာ နေပြည်တော်ရှိ စားသောက်ဆိုင်ကြီးများနှင့် ဟိုတယ်အချို့ တွင် တရုတ်လူမျိုးများ ကြိုက်နှစ် သက်သည့် ဟင်းအမည်အသစ်များကို ဇွန်လလယ်ပိုင်းက စတင်ကာ ဖြည့်စွက်ပြင်ဆင်ခဲ့ကြသည်။ နေပြည်တော်ရှိ ဟိုတယ်အများစုက မုခ်ဦးအချို့တွင် တရုတ်ရိုးရာ ပန်းခက်ပန်းလက်အလှများ ဆင်းမြန်းရန် ဟိုတယ်ဝန်ထမ်းအချို့လည်း အလုပ်ရှုပ်နေသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်တွင်းလေကြောင်းလိုင်းများသာမက တရုတ် လေကြောင်းလိုင်းအချို့မှ စင်းလုံးငှားလေယာဉ်ကြီးများ ကွင်းအတွင်းသို့ တစ်စီးပြီးတစ်စီး ဆင်းသက် လာကြပြီး တရုတ်လူမျိုးကုန်သည် ထောင်နှင့်ချီ၍ လေဆိပ်ပရ၀ဏ်အတွင်း ၀င်ရောက်လာပြီဖြစ်သည်။

ဇမ္ဗူသီရိမြို့နယ် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည့် (၅၁) ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲသို့ လာရောက်သော တရုတ်ကုန်သည်ကြီးများ ၀င်ရောက်လာသည့် မြင်ကွင်းဖြစ်သည်။

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ်တွင် တစ်ကျော့ပြန်ဖြစ်ပွားနေသည့် တိုက်ပွဲများကြားက ထွက် ရှိနေသော ကျောက်စိမ်းကျောက်မျက်များကို ဈေးကောင်းပေးဝယ်ယူရန် တရုတ်ကုန်သည်များ ရောက်ရှိနေ ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် အမေရိကန်နှင့် ဥရောပ၏ စီးပွားရေးပိတ်ဆို့မှုတွင် ကျန်ရှိနေသေးသည့် ကျောက်စိမ်း ကျောက်မျက်ကို တရုတ်ကုန်သည်များကသာ ဆက်လက်အုပ်စီးထားဆဲဖြစ်သည်။

နှစ်စဉ်ခင်းကျင်းပြသနေသည့် ကျောက်စိမ်းကျောက်မျက်ပြပွဲများတွင် အတွဲရေကိုးထောင်မှ တစ်သောင်း ကျော် ပုံမှန်ရောင်းချပြသလေ့ရှိသော်လည်း ယခုပြပွဲတွင် ထူးခြားစွာဖြင့် ၁၀ ရာခိုင်နှုန်းကျော် လျှော့ချ၍ အတွဲရေ ရှစ်ထောင်နီးပါးသာ ပြသခဲ့သည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပပြုလုပ်ခဲ့ပြီး ယခုပြုလုပ်နေသည့် (၅၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် (၈၇)ကြိမ်မြောက်ပြုလုပ်သည့် ပြပွဲဖြစ်သည်။

ယခုပွဲတွင် အစိုးရက အချောထည်ဈေးကွက်ဖွံ့ဖြိုးရန် ကျောက်စိမ်းကျောက် မျက်အတွဲရေ လျှော့ချရောင်း ချရန် စီစဉ်လိုက်ခြင်းက အလုံးအရင်းဖြင့် ၀ယ်ယူစုဆောင်းရန် ပြင်ဆင်လာသည့် တရုတ်ကုန်သည်ကြီး များအတွက် အခက်တွေ့သွားစေခဲ့သည်။

‘‘အချောထည်ဈေးကွက်ကို ဖော်ဆောင်ဖို့အတွက် ဒီပွဲကစပြီး နောက်ပွဲတွေမှာလည်း လျှော့ချပြသတော့ မှာပါ’’ဟု မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး ဦးသန်းဇော်ဦးက ပြောသည်။

အရိုင်းထည်အဆင့်ဖြင့် ပြသသည့် ပြပွဲပေါင်း ၈၆ ပွဲပြုလုပ်ခဲ့ပြီးပြီဖြစ်သည့် မြန်မာနိုင်ငံတွင် ယခုပြု လုပ်နေသည့်ပြပွဲ၌ စတင်လျှော့ချပြသနေသည်မှာ နောက်ကျနေပြီဖြစ်ကြောင်း ပြည်တွင်းကျောက်မျက် ရတနာကုန်သည်များက ဆိုသည်။

ထို့ကြောင့် မြန်မာ့တွင်းထွက်ကဏ္ဍ၏ အရေးပါဆုံး ကျောက်မျက်ကဏ္ဍမှ အများဆုံးဝယ်ယူအားပေးနေသည့် အိမ်နီးချင်းတရုတ်နိုင်ငံအတွက်တော့ ယခုပြပွဲက လိုသလောက်ဝယ်ယူ၍ ရတော့မည်မဟုတ်ပေ။ မတ်လ အစောပိုင်းက တရုတ်ပြည်တွင် မြန်မာပြည်မှ ကျောက်စိမ်းကျောက်မျက်များ အဓိက၀ယ်ယူနေသည့် ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်များနှင့် အုပ်ချုပ်ရေးပိုင်းမှ ခေါင်းဆောင်အချို့ကို အစိုးရက ငွေကြေး အသုံးချမှုနှင့် ပတ်သက်ပြီး ခေါ်ယူစစ်ဆေးမေးမြန်းမှုများကြောင့် တရုတ်ပြည်တွင် ကျောက်စိမ်းကုန်ကြမ်း ရှားပါးသွားသည်မှာ သုံးလကျော်ကြာမြင့်နေပြီဖြစ်သည်။

အဆိုပါပြဿနာကို အဆုံးသတ်ရန် မြန်မာအစိုးရက ယခု(၅၁)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကုန်ကြမ်းလျှော့လိုက်ခြင်းကြောင့် ယခုပွဲကို အားခဲထားသည့် တရုတ်ကုန်သည်တို့ အခက်တွေ့ခဲ့ရသည်။

‘‘ပစ္စည်းကို ရသလောက်စုထားချင်တယ်။ မြန်မာအစိုးရက ဒီလိုပွဲမျိုးခဏခဏလုပ်မပေးလို့ တရုတ်ဘက် မှာလည်း ကုန်ကြမ်းအရမ်းပြတ်နေတယ်’’ဟု ပြပွဲသို့ လာရောက်သည့် တရုတ်ကုန်သည်တစ်ဦးက စကားပြန်မှတစ်ဆင့် ပြောကြားသည်။

ယခုပြုလုပ်သည့် ပြပွဲတွင် ကျောက်စိမ်းကျောက်မျက်အတွဲများ လျှော့ချပြ သထားသော်လည်း အရည် အသွေးမြင့်တန်ဖိုးကြီး ကျောက်စိမ်းကျောက်မျက်အတွဲများ ယခင်ပြပွဲများကထက် ပိုမိုပါဝင်လာသည်ဟု မြန်မာကုန်သည် ဦးလောရင်စရိုင်း ကပြောသည်။

‘‘တရုတ်တွေ အရမ်းကြိုက်တဲ့ ဂျေလိုဂျိတ်ကျောက်တွေ အများကြီးပါလာတယ်’’ဟု အထက်ပါကုန်သည်က ဆိုသည်။

ဂျေလိုဂျိတ်ကျောက်အမျိုးအစားမှာ ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်နိုင်ငံတည်း ၌သာထွက်ရှိပြီး တန်ဖိုးမြင့် ကျောက်စိမ်းလည်း ဖြစ်သည်။

ထို့ကြောင့် လျှော့ချပြသထားသည့် ကျောက်စိမ်းကျောက်မျက်အတွဲများအပေါ် တရုတ်ကုန်သည်များ ပြပွဲရက်အတွင်း ပုံမှန်ထက် ဈေးတိုးပေးဝယ်ကာ မြန်မာကုန်သည်များနှင့် လုယက်ဝယ်ယူရန် ပြင်ဆင် လာကြောင်း မြန်မာကုန်သည်များကဆိုသည်။

ပြပွဲကာလအတွင်း တရုတ်ကုန်သည် လေးထောင်ကျော် လာရောက်ချိန်တွင် နေပြည်တော် ကျောက်မျက်ပွဲ တစ်နေရာတည်းသာ အလုပ်ဖြစ်နေသည်မဟုတ်။ နာမည်ကြီး တရုတ်စားသောက်ဆိုင်များ၊ တရားမ၀င် အနှိပ်ခန်းများ၊ စင်တင်ဖျော်ဖြေရေးဆိုင်ကြီးများတွင် အသားအရေနီစပ်စပ်နှင့် တရုတ်လူမျိုးများ အ၀င် အထွက်ပိုများလာခဲ့သည်။

ယင်းကဲ့သို့ ပေါက်ဖော်ကြီးများအတွက် ပြည်စုံစွာအနားယူနိုင်ရန် ဧည့်ဝတ်ကျေစွာ ပြင်ဆင်ပေးထားသော် လည်း အစိုးရ၏ ကျောက်စိမ်းကျောက်မျက် အတွဲဆိုင်းများ လျှော့ချပြသလိုက်ခြင်းအပေါ် အများစုက နှစ်လိုဟန်မရှိဘဲ ရှိသမျှ ကျောက်စိမ်းကျောက်မျက်အတွဲများကို သာမန်ထက် ဈေးတိုးပေးဝယ်ယူရေး အတွက်သာ တရုတ်ကုန်သည်များက စိတ်စောနေကြသည်။

ရသမျှကုန်ကြမ်းအရိုင်းများကို ဆယ်စုနှစ်ပေါင်းများစွာက ထုတ်ယူရောင်းစားနေသည်မှာ မြန်မာပြည် အတွက် အမှားကြီးတစ်ခုဖြစ်ခဲ့ပြီး တရုတ်ကုန်သည်တို့ အကြိုက်ဆုံး မြန်မာပြည်ဈေးကွက်ကို နောက်ပိုင်း တွင် စိတ်ကြိုက်ဝယ်ယူ ခြယ်လှယ်ခွင့်ရတော့မည်မဟုတ်ကြောင်း မြစ်ကြီးနား ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ ဦးစောစနိုင်းက သုံးသပ်သည်။

‘‘အရိုင်းကနေ ကုန်ချောပိုထုတ်နိုင်ရန် ပုံမှန်ထက် ဈေးကောင်းပိုရသွားနိုင်တယ်’’ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး(၃) ဦးထွန်းလှအောင်ကပြောသည်။

ကချင်ပြည်နယ်တွင် မြန်မာအစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ကျောက်စိမ်းကျောက်မျက် အဓိကထွက်ရှိရာနေရာများတွင် ကုမ္ပဏီကြီးများ၏ တူးဖော်ရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသည်မှာ သုံးနှစ်ကျော်ကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းကျောက်မျက်ကုန်ကြမ်းများ မကြာခင် ရှားပါးလာနိုင်သည်ဟု မြန်မာကုန်သည်အချို့က မှတ်ချက်ပြုပြောဆိုကြသည်။

ပြပွဲ                            ကျောက်စိမ်း (အတွဲရေ)    ကျောက်မျက်(အတွဲရေ)    ပုလဲ (အတွဲရေ)
ယခု (၅၁) ကြိမ်မြောက်             ၇၁၀၀                      ၂၇၁                          ၃၁၂
ပြီးခဲ့သည့်အကြိမ်(၅၀)မြောက်    ၈၄၉၁                       ၃၇၀ ကျော်                  ၃၀၀

အဆိုပါ အချက်အလက်များမှာ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းမှဖြစ်ပြီး ပြပွဲတွင် ပြသရောင်းချခဲ့သည့် အရေအတွက်ဖြစ်သည်။

7Day News Journal

No comments:

Post a Comment

My Blog List