Thursday, July 03, 2014

ဇူလိုင် ၂ ရက် ညပိုင်း မန္တလေးပဋိပက္ခ ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် အစ္စလာမ် ဘာသာဝင်တစ်ဦး သေဆုံး


မန္တလေး-မန္တလေးမြို့တွင် ဇူလိုင် ၂ ရက် ညပိုင်း၌ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် နှစ်ဦးသေဆုံး ကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယနေ့နံနက် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထုတ်ပြန်ခဲ့သည်။

သေဆုံးသူနှစ်ဦးမှာ တစ်ဦးက ဗုဒ္ဓဘာသာဖြစ်ပြီး ကျန်တစ်ဦးမှာ အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်များအရ သိရသည်။

ဇူလိုင် ၂ ရက် ည ၁၁ နာရီနောက်ပိုင်းမှ ဇူလိုင် ၃ ရက် နံနက်အထိ အုပ်စုဖွဲ့အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်ဖျက်ဆီးသည့်ဖြစ်စဉ် ရှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု တိုင်းအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကျော်မိုးက ပြောသည်။

ဇူလိုင် ၂ ရက် ညဥ့် ၁၂ နာရီ ၁၀ မိနစ်တွင် မဟာအောင်မြေမြို့နယ် ၈၃ လမ်း၊ ၃၅ လမ်းတစ်လျှောက် ထွန်းထွန်းနှင့် အခြားအမျိုးသားတစ်ဦး ဆိုင်ကယ်စီးလာရာ ချမ်းအေးသာစံမြို့နယ် ၈၃ လမ်းနှင့် ၃၄ လမ်းအရောက်တွင် လူတစ်စုက ဝိုင်းဝန်းရန်ပြုခြင်းခံရသည်။ ထွန်းထွန်းမှာ ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့သဖြင့် အမှတ်(၈)ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ထို့အတူ ဇူလိုင် ၃ ရက် နံနက် ၄ နာရီခန့်တွင် ချမ်းအေးသာစံမြို့နယ် အောင်နန်းရိပ်သာရပ်နေ စက်ဘီးဆိုင်ဖွင့်သည့် အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး ဆိုင်သို့လာရာ ၂၉ လမ်းနှင့် ၈၃ လမ်းထောင့်အရောက်တွင် လူတစ်စုက ရန်ပြုတိုက်ခိုက်ခြင်းဖြစ်ပြီး ရန်ပြုခံရမှုကြောင့် ထိခိုက်ဒဏ်ရာ များရရှိကာ သေဆုံးခဲ့သဖြင့် ချမ်းအေးသာစံမြို့နယ် အမှတ်(၆)ရဲစခန်းတွင် အမှုဖွင့်ထားသည်။

ဆိုင်ကယ်စီးလူတစ်စုက ဈေးဆိုင်ခန်းနှင့် အဆောက်အအုံအချို့ကို မီးရှို့ဖျက်ဆီးရန် လုပ်ဆောင်ခဲ့သော် လည်း တားဆီးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ အကြမ်းဖက်သည့် လူအုပ်စုများမှာ နံနက် ၄ နာရီနောက်ပိုင်းတွင် လူစုကွဲသွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

အုပ်စုဖွဲ့အကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သူလေးဦးကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်ဟု မန္တလေးတိုင်းရဲမင်းကြီး ရဲမှူးကြီးဇော်ဝင်းအောင်က ပြောသည်။

လက်ရှိတွင် မန္တလေးမြို့ လုံခြုံရေးအတွက် ရဲတပ်ရင်း ၂၀ နှင့် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များဖြင့် လုံခြုံရေးဆောင်ရွက်နေသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

လက်ရှိမန္တလေးမြို့၏ အခြေအနေမှာ တည်ငြိမ်နေပြီး အစ္စလာမ်ဘာသာဝင် များ၏ ဈေးဆိုင်အချို့မှလွဲ၍ ဈေးများ၊ ကျောင်းများ ပုံမှန်အတိုင်း ဖွင့်လှစ်ထားသည်။


7Day News Journal

No comments:

Post a Comment

My Blog List