Thursday, July 03, 2014

ဦးဆန်းဆင့် ကို ယနေ့ရုံးထုတ်မည်


လာဘ်ပေးလာဘ်ယူမှု ဖြင့် တရားစွဲဆို ဖမ်းဆီးခြင်းခံထားရသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိတရားရုံး၌ စတင် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖမ်းဆီးခံထားရသော ဝန်ကြီးဟောင်း အပါအဝင် ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသည့် ၎င်း၏ ကိုယ်ရေးအရာရှိပါ ရုံးထုတ်ရာတွင် ပါဝင်လာဖွယ်ရှိကြောင်း ဝန်ကြီးဟောင်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်း မှ သတင်း ရရှိသည်။

‘‘မနက်ဖြန် (ဇူလိုင် ၃ ရက်) ရုံးထုတ်မယ်လို့ကြားရပါတယ်။ လောလောဆယ် သူ့ကို ဘယ်မှာ ထားတယ်။ ဘယ်လိုစစ်ဆေးမယ် ဆိုတာတော့ မသိရသေး ပါဘူး။ သူ့ကိုဖမ်းကတည်းက ပါသွားတဲ့ သူ့ကိုယ်ရေး အရာရှိလည်း ရုံးထုတ်တဲ့ အထဲ ပါကောင်းပါလာ နိုင်ပါတယ်။ သူက ဒီနေ့အထိ ဘယ်ရောက်နေမှန်း မသိပါဘူး’’ ဟု ဝန်ကြီးဟောင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

အဆိုပါရုံးထုတ်ရာသို့ သွား ရောက်ရန်အတွက် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ လယ်သမားများ၊ ပြည်သူများမှာ နေပြည်တော်သို့ ရောက်ရှိနေပြီး တရားခွင်သို့ သွားရောက်ရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဟောင်း ဦးဆန်းဆင့်သည် ဘုရားတည်ရာ တွင် နိုင်ငံပိုင်ငွေများ အလွဲသုံးစား ပြုသည်ဟုဆိုကာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံး၌ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၀၉/ ၁၀၉ ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။

ထိုကဲ့သို့ အမှုဖွင့်စစ်ဆေးခြင်းမှာ အကြောင်းခြင်းရာများစွာထဲမှ တစ်ခုသာဖြစ်ပြီး အခြားသော အကြောင်းအရာများကို လည်း စစ်ဆေးနေကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ဇွန်လအတွင်း ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် မီဒီယာများအား ပြောကြားခဲ့သည်။

ဦးဆန်းဆင့်ကို တရားဥပဒေအရ စစ်ဆေးရာတွင် ပွင့်လင်းမြင်သာစွာ ပြုလုပ်ရေးနှင့် အမှန်တကယ် ပြစ်မှုကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာ ပြည်သူလူထုအား ထုတ်ပြန်ကြေညာပေးရန် လိုကြောင်း ဦးဆန်းဆင့်ဖမ်းဆီး ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ပုသိမ်မြို့တွင် ဆန္ဒထုတ်ဖော်ခဲ့သူ ကိုထွန်းထွန်းဦး က ပြောကြားသည်။

7Day News Journal

No comments:

Post a Comment

My Blog List