သျှမ်းပြည်တောင်ပိုင်း မြေသိမ်းခံတောင်သူလယ်သမားများက တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် (ရ.ပ.ခ)၊ သျှမ်းပြည်နယ်အစိုးရရုံးနှင့် သျှမ်းပြည်နယ်လွှတ်တော်ရုံးတို့တွင် အိတ်ဖွင့်ပေးစာ ပေးအပ်၍ ဆန္ဒထုတ်ဖော် သွားကြောင်းသိရှိရသည်။
တောင်ကြီးမြို့နယ် ၊အေးသာယာစက်မှုဇုန်၊ ညောင်ရွှေ ၊ စင့်ဟယ်၊ ရေပူရွာ၊ ကျောက်နီ၊ တောင်လေးလုံး မှလယ်ယာမြေအသိမ်းခံရ တောင်သူလယ်သမား ၂၀၀ ကျော်က “ အာဏာပိုင်များရိုးသားပါ၊ မလိုအပ်ပဲ သိမ်းဆည်းထား သောမြေများပြန်ပေး၊ တို့အိမ်များ ဖျက်ဆီးဖို့ မကြံနဲ့၊ မူလစက်မှုဇုန်ကို စီမံချက်အင်္ဂါရပ်နဲ့ အညီဆောင်ရွက်ပေး၊ တို့မြေတွေကိုမတရား မသိမ်းနဲ့၊ တို့လယ်ယာမြေများမတရားမရောင်းစားနဲ့” စသည့်စာတန်းပါဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဂျူလိုင်လ ၁ ရက် ယနေ့မနက်ပိုင်းက စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြသည်။
“ကျမ ရဲ့ မြေကို ရ.ပ.ခ စစ်တပ်က သိမ်းတယ်။ ပြီးတော့မြေစာရင်းကသိမ်း တယ်။ ပြီးတော့ ကုမ္ပဏီတွေ ဆီပြန်ရောင်းစားတယ် ။ ကျမတို့ခြံမြေတွေကိုပြန် လိုချင်လို့ ကလေးတစ်ဖက်နဲ့ ဆန္ဒလာပြနေရတာပါ” ဟု ပြောင်းဖူး၊ ပဲစင်းငုံ တောင်သူလယ်သမ တစ်ဦးမှ ပြောသည်။
မြေသိမ်းခံရသောတောင်သူတချို့ကလည်း အသိမ်းခံရ မိမိတို့လယ်မြေကို ပြန်လည်ငှားရမ်းပြီး စိုက်ပျိုးနေ ရကြောင်း၊ မြေသိမ်းယူသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအား တစ်ဧကလျင် စပါး၊ပဲ၊ပြောင်း ခြံထွက်သီးနှံ ၁၄ တင်းပေးဆောင်ရကြောင်း လယ်သမားတဦးကလည်းပြောပြသည်။
မြေလျော်ကြေးပေးမည်ဆိုပါက ပြန်ရချင်ကြောင်းအဆိုပါ တောင်သူလယ်သမက သျှမ်းသံတော်ဆင့်အား ဤကဲ့သို့ပြောပါသည်။
“ ၁၉၉၀ ခုနှစ် နောက်ပိုင်းကစပြီး ခုချိန်အထိ မပြောရင် မပြောသလို အလကားပဲတင်းနဲ့ သိမ်းနေတာပဲ ။ လျော်ကြေးပေးမယ်ဆိုရင်တော့ လိုချင်တာပေါ့ ၊ အခုအခြေအနေက လျော်ကြေးမပေးတဲ့ အပြင် ကျန်ရှိတဲ့ လယ်တွေကို တောင်လိုက်သိမ်းနေတယ်”
သို့သော် သမတကြီး၏မိန့်ကြားချက်အရ တတိုင်းပြည်လုံးရှိ တပ်မတော်မှသိမ်းပိုက်ထားသော လယ်ယာမြေ များအား လယ်ပိုင်ရှင်များထံ ပြန်လည်ပေးအပ်မည်ဟု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယမန်နှစ် အတွင်းက မိန့်ခွန်းတရပ်တွင်ပြောဆိုခဲ့ဖူးပါသည်။
Panglong(Burmese)
No comments:
Post a Comment