Friday, July 04, 2014

ထောင်ဒဏ် တစ်နှစ်စီကျခံနေရသော ဒီဗွီဘီသတင်းထောက်နှင့် ကျောင်းသား မိဘတို့အား မကွေးတိုင်းဒေသကြီး တရားလွှတ်တော်က ထောင်ဒဏ် သုံးလသာ ကျခံစေရန် ပြင်ဆင်မိန့်ချမှတ်ခဲ့သောကြောင့် ဇူလိုင် ၆ ရက်တွင် ထောင်မှ လွတ်မည်


ဧပြီ ၇ ရက်က မကွေးမြို့နယ်တရားရုံးမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ်စီ ကျခံစေရန် အမိန့်ချမှတ် ခဲ့သော ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေ(ခေါ်) ကိုသူရသက်တင်နှင့် ကျောင်းသားမိဘ ဦးလှိုင်လှိုင် (ခေါ်)ဦးဝင်းမြင့်လှိုင်တို့ အမှုအား မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ဒေါ်နုယဉ်က ထောင်ဒဏ်သုံးလသာ ကျခံစေရန် ဇူလိုင် ၃ ရက်က ပြင်ဆင်အမိန့်ချ မှတ်ခဲ့သောကြောင့် ဇူလိုင် ၆ ရက်တွင် ၎င်းတို့နှစ်ဦး ထောင်မှ လွတ်မြောက်မည်ဖြစ်ကြောင်း ထောင်ဒဏ်ကျခံနေရသူများ၏ ရှေ့နေ ဦးသိန်းထွန်းက အတည်ပြုပြောကြားခဲ့သည်။

အဆိုပါအမှုအတွက် အယူခံတင်ခဲ့ရာ မကွေးခရိုင်တရားရုံးက ဧပြီ ၉ ရက်တွင် ပယ်ချခဲ့သောကြောင့် မကွေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ ဧပြီ ၁၁ ရက်က အမှုပြင်ဆင်မှုတင်ခဲ့ကြောင်း၊ ယင်းအတွက် အပြီးသတ်လျှောက် လဲချက်ကို ဇွန် ၂၄ ရက်က တင်ခဲ့ကြောင်း၊ ထိုလျှောက်လဲချက်အပေါ် မူလပြစ်ဒဏ် တစ်နှစ်စီအစား ထောင်ဒဏ်သုံးလသာ ကျခံစေရန် အမိန့်ချခဲ့ကြောင်း ရှေ့နေ ဦးသိန်းထွန်းက ပြောကြား သည်။

“မူလအမိန့်က ပြစ်မှုနဲ့ပြစ်ဒဏ် မမျှခဲ့ပါဘူး။ အခု အပြီးသတ်လျှောက်လဲချက် အပေါ်မှာ ပြစ်ဒဏ်လျှော့ တဲ့အနေနဲ့ ထောင်ဒဏ် သုံးလလို့ချခဲ့တဲ့အတွက် သူတို့ ဇူလိုင် ၆ ရက်မှာ လွတ်လာမှာပါ။ အဲဒီနေ့က စနေနေ့၊ ရုံးပိတ်ရက်ဖြစ်နေတော့ ကြိုလွှတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်” ဟု ရှေ့နေ ဦးသိန်းထွန်း က ပြောကြားခဲ့သည်။

ဒီဗွီဘီသတင်းထောက် ကိုဇော်ဖေနှင့် ကျောင်းသားမိဘ ဦးဝင်းမြင့်လှိုင်တို့မှာ ၂ဝ၁၂ ခုနှစ် ဩဂုတ် ၂၄ ရက်က မကွေးတိုင်းပညာရေးမှူးရုံး တာဝန်ရှိသူများထံ ဂျပန်နိုင်ငံသို့ လေ့လာရေးခရီးစေလွှတ်မည့် ကျောင်းသူကျောင်းသားများ၏ ပညာအရည်အချင်းသတ်မှတ်မှုအား သွားရောက်မေးမြန်းခဲ့ကြောင်း၊ ထိုသို့ မေးမြန်းမှုနှင့်ပတ်သက်၍ ၎င်းတို့အား မကွေးတိုင်း လက်ထောက်ပညာရေးမှူး ဦးမောင်ငွေက ပိုင်နက်ကျူးလွန်မှု၊ ဝတ္တရားနှောင့်ယှက်မှုများဖြင့် အမှုဖွင့် တရားစွဲခဲ့ကြောင်း၊ ထိုသို့တရားစွဲဆိုမှုကို မကွေးမြို့နယ်တရားသူကြီး ဒေါ်မန်ဟောက်နှန်က ဧပြီ ၇ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်နှစ်စီ ကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရသည်။

“ဒီအမှုမှာ ကျွန်တော်တို့ မမှားခဲ့ပါဘူး။ ဒါကို ပြည်သူတွေကို တိုင်တည်ပြီးပြောရဲပါတယ်။ ဒီလို မတရားပြစ် ဒဏ်ချမှတ်ခဲ့တဲ့အမှုကို ပြည်သူတွေဆီ အပ်ပါတယ်။ ပြည်သူတွေကသာ ဒီဖြစ်စဉ်တွေအပေါ် ကျွန်တော်မှား ခဲ့တယ်လို့ပြောရင် ကျွန်တော် မီဒီယာလောကကနေ အပြီးတိုင်ထွက်သွားပါ့မယ်”ဟု ကိုဇော်ဖေက ဧပြီ ၇ ရက်က ၎င်းတို့အမှုကို အမိန့်ချအပြီး The Daily Eleven သတင်းစာ သို့ပြောကြားခဲ့သည်။

ထောင်ဒဏ်ကျခံခဲ့သည့် ဦးဝင်းမြင့်လှိုင်၏ သမီးဖြစ်သူမှာ ၂ဝ၁၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူး ၅ ဘာသာဖြင့် အောင်မြင်ခဲ့ပြီး စုစုပေါင်းရမှတ် ၅၂၅ မှတ် ရရှိခဲ့ကြောင်း၊ သူမ၏ ပညာရေးအတွက် သက်ဆိုင်ရာဌာနသို့ သွားရောက်မေးမြန်းခဲ့စဉ် ထောင်ဒဏ်ကျခံခဲ့ရပြီး ပြန်လည်လွတ်မြောက်တော့မည့် ဖခင်အတွက် ဝမ်းသာနေကြောင်း ဦးဝင်းမြင့်လှိုင်၏အစ်ကို ဦးနိုင်နိုင်က The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ထိုသို့ ထောင်မှလွတ်မြောက်တော့မည့်အပေါ် ကိုဇော်ဖေ၏ဇနီး ဒေါ်မိုးမိုးကလည်း “ဒီအမှုက နဂိုက တည်းက ဒီလောက်ပြစ်ဒဏ်ကျခံစေဖို့ မရှိပါဘူး။ များသောအားဖြင့် ငွေဒဏ်သာချလေ့ရှိပါတယ်။ အခုပြစ် ဒဏ်တွေ လျှော့ပေးလိုက်တယ်ဆိုတော့ တိုင်းတရားရုံးက မှန်ကန်တဲ့ပြစ်ဒဏ် ဆုံးဖြတ်ပေးလိုက်တယ်လို့ မြင်ပါတယ်။ လိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေတွေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

အဆိုပါအမှုမှာ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် အစိုးရသစ်လက်ထက် သတင်းထောက်တစ်ဦးအား တရားစွဲသော ပထမဆုံးအမှုဖြစ်ခဲ့ကြောင်း၊ များသောအားဖြင့် ငွေဒဏ်သာချမှတ်လေ့ရှိသည့် ပိုင်နက်ကျူး လွန်မှုအတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် တစ်နှစ် ချမှတ်ခဲ့သည်မှာ ပြစ်ဒဏ်များလွန်းသည်ဟု ဝေဖန်မှုများ ရှိခဲ့ကြောင်း အများပြည်သူသိသင့်သိထိုက်သည့် သတင်းအချက်အလက်များ မေးမြန်းသည့် သတင်းထောက် တစ်ဦးနှင့် ကျောင်းသားမိဘကိုပင် ထောင်ချခဲ့သည့်အတွက် ပြည်တွင်းပြည်ပသတင်းအဖွဲ့များမှ ဝေဖန်မှု များရှိခဲ့ပြီး ယင်းအတွက် ဆန္ဒပြပွဲများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List