Friday, July 04, 2014

ရပ်တည်ချက်မှန်ကန်သော်လည်း သမ္မတ၏အမိန့်ကို မနာခံဆိုသည့်သဘောနှင့် အဖမ်းခံရခြင်းဖြစ်ဟု အလွဲသုံးစားမှုဖြင့် အမှုဖွင့်အရေးယူခံထားရသူ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ပြောကြား




ဇူလိုင် ၃ ရက် ရုံးထုတ်နေ့တွင် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား တွေ့ရစဉ်


ရပ်တည်ချက်မှန်ကန်သော်လည်း သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ အဖမ်းခံရတာပါဟု သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်က ဇူလိုင် ၃ ရက် နံနက် ၁ဝ နာရီခန့်က နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် တရားရုံးသို့ ရုံးထုတ်လာစဉ် မီဒီယာများ၏မေးချက်ကို ပြန်လည်ဖြေကြားခဲ့သည်။

ဇွန် ၁၉ ရက်တွင် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်အား သိန်းတစ်ရာခန့် အလွဲသုံး စားပြုမှုဖြင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက တရားလိုပြုအမှုဖွင့်၍ ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းတွင် ပ/၂၁/၂ဝ၁၄ ပြစ်မှုပုဒ်မ ၄ဝ၉ /၁ဝ၉ ဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့သည်။

ဒုတိယအကြိမ်အဖြစ် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ဇူလိုင် ၃ ရက် နံနက်ပိုင်းတွင် ရမည်းသင်းထောင်မှ နေပြည်တော်ကောင်စီနယ်မြေရှိ ပုမ္ပသီရိမြို့နယ်တရားရုံးသို့ ထုတ်လာစဉ်ဝန်ကြီးဟောင်း ဦးဆန်းဆင့်က “ကျွန်တော် သာသနာရေးလုပ်တာ အခုအချုပ်ခံရတဲ့သဘော ဖြစ်သွားတာပေါ့။ ကျွန်တော် သာသနာ့ဝန်ထမ်းထမ်းလုပ်ဆောင်တဲ့ ပုဂ္ဂိုလ်ဟာ ကောင်းမှုကုသိုလ်လုပ်တဲ့သူ ဖြစ်ပါတယ်။ ကျွန်တော်မဟုတ်တာ မလုပ်ဘူးလို့ပြောချင်ပါတယ်။ ကျွန်တော်မှာ အပြစ်မရှိပါဘူး”ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ “မှန်ကန်တဲ့အတွက် ရပ်တည်ရခြင်းဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်သာသနာကိစ္စ ဆောင်ရွက်သော်လည်းပဲ ဒီနေ့ဘာလဲဆိုတော့ ကျွန်တော့်ကို စစ်ပြီးတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ပြီးသားကိစ္စကို အရေးယူဖို့ဆောင်ရွက်တာ။ ဒါဟာ အလွန်ဘဲမတရားပြုလုပ်မှုလို့ ကျွန်တော်သုံးသပ်ပါတယ်။ လူထုကိုပြောချင်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ ရဟန်းသံဃာတော်များ၊ သံဃာ့နာယကဆရာတော်ကြီးများ၊ ဆရာတော်သံဃာတော် အပေါင်းတို့ ဟာ မှန်ကန်ရပ်တည်တဲ့ ကျွန်တော့်အပေါ်မှာ နားလည်သဘောပေါက်ပြီး ရပ်တည်ပေးပါ။ ကျွန်တော့်ကို ကူညီစောင့်ရှောက်ကြပါတယ်။ သမာဒေဝနတ်ကောင်းနတ်မြတ်များက စောင့်ရှောက်ပေးပါ။ ကျွန်တော်သစ္စာဆိုရဲ ပါတယ်။ ငါးပြားတစ်စေ့ကအစ ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တာ မရှိပါဘူး။ ကျွန်တော်ရပ်တည်ချက် မှန်ကန်သော် လည်းပဲ သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့သဘောနဲ့ လုပ်တာပါ”ဟု ပြောကြားခဲ့သည်။

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏ ကိုယ်ရေးအရာရှိဖြစ်သူ ဦးအောင်သူမင်း (ဗိုလ်ကြီးအငြိမ်းစား) ၏ ဇနီးဖြစ်သူ မပွင့်ဇင်မာအောင်က “ဝန်ကြီးကိုဖမ်းတဲ့နေ့ကတည်းက ကျွန်မယောက်ျားကို ဖမ်းသွားတာပါ။ ဒီနေ့အထိ တစ်ရက်မှ မတွေ့ရသေးဘူး။ ဒီနေ့ရုံးထုတ်ရှိတယ်ဆိုလို့ ကျွန်မလာတွေ့တာ။ မတွေ့ရဘူး။ စကားလည်း ပြောခွင့်မရှိဘူး။ အိမ်က ကလေးနှစ်ယောက်ဆိုရင် သူတို့အဖေကို တမေးတည်း မေးနေကြတာ။ ကျွန်မ ဘာဖြေလို့ဖြေရမှန်းတောင် မသိဘူး။ ကျွန်မရဲ့ဖုန်းလည်း သိမ်းသွားပါတယ်”ဟု မီဒီယာများအား ငိုယိုပြောဆိုခဲ့သည်။

အလွဲသုံးစားပြုလုပ်မှုဖြင့် အမှုဖွင့် အရေးယူဖမ်းဆီးထားသော သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်၏အမှုအား ဇူလိုင် ၁၇ ရက်တွင် တတိယအကြိမ် ပုဗ္ဗသီရိမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List