Friday, July 04, 2014

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးနောက် သရေခေတ္တရာ ရှေးဟောင်းဇုန်အတွင်းမှ မြေဈေး(၁၀)ဆ ခုန်တက်



ဟန်လင်း ၊သရေခေတ္တရာနှင့်ဗိဿနိုးမြို့စသည့် ပျူမြို့ဟောင်းတို့အား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီး နောက်ပိုင်းတွင် ပဲခူးတိုင်းအနောက်ပိုင်းရှိ သရေခေတ္တရာ ရှေ့ဟောင်းဇုန်အတွင်းရှိ မြေဈေးမှာ (၁၀)ခန့် ခုန်တက်သွားကြောင်း အိမ်ခြံမြေအကျိုးဆောင်များနှင့်ဒေသခံများထံမှ သိရှိရသည်။

ရှေ့ဟောင်းဇုန်အတွင်းရှိ နေရာအနေအထားအရ အချက်အခြာကျသော နေရာများရှိ ယာမြေများမှာ ကမ္ဘာ အမွေအနှစ်အဖြစ် သတ်မှတ်ခြင်းမပြုမှီက တစ်ဧကလျှင်၁၀သိန်းမှ ၁၅ သိန်းခန့်သာ ရှိသော်လည်း ယခုအခါ သိန်း ၁၀၀မှ သိန်း၁၅၀ခန့်ဖြင့် အရောင်းအ၀ယ်ဖြစ်နေကြောင်း အဆိုပါ ဇုန်အတွင်းကျရောက်သော မှော်ဇာကျေးရွာတွင် နေထိုင်သူ ဒေသခံများကပြောဆိုသည်။

 “မြေ၀ယ်နေတဲ့သူတွေထဲမှာ လွှတ်တော်ကိုယ်စားလှယ်နဲ့ တခြားလူကြီးပိုင်းဆိုင်ရာတွေလည်းပါတယ်။ ကမ္ဘာအမွေအနှစ်အဖြစ် သတ်မှတ်လိုက်ပြီဆိုတော့ ရှေ့လုပ်ငန်းစဉ်တွေဘယ်လိုရှိတယ်ဆိုတာ ကျွန်တော် တို့ ဒေသခံတွေကတော့ မသိနိုင်ဘူးလေ။ သူတို့လူကြီးတွေကရှေ့လုပ်ငန်းစဉ်တွေ ဘာတွေလုပ်မယ်ဆိုတာ ကြိုသိနေလို့အခုလိုမြေတွေဆင်းဝယ်နေတယ်လို့ယူဆတယ်။”ဟု မှော်ဇာကျေးရွာနေရပ်မိရပ်ဖ ဦးနေဦးက ပြောသည်။

ရှေ့ဟောင်းဇုန်အတွင်းတွင် မြေရောင်းမြေ၀ယ် ဈေးကွက်ပုံမှန်ဖြစ်နေပြီး ကမ္ဘာအမွေအနှစ် စာရင်း ၀င်ပြီး နောက်ပိုင်းတွင် မြေလာရောက်ဝယ်ယူသူမေးမြန်းသူများ ပိုမိုများပြားလာကြောင်းနှင့် တစ်ချို့မှာ အဆမတန် ဈေးခေါ်ကာ ကြိုက်ရောင်းကြိုက်ဝယ်စနစ်ဖြင့် ရောင်းချလျှက်ရှိကြောင်း အဆိုပါဇုန်အတွင်းရှိ အိမ်ခြံမြေ အကျိုးဆာင်အဖြစ် လိုက်ပါဆောင်ရွက်နေသူဦးဇော်မြင့်က ပြောသည်။

“ဇုန်အတွင်းမှာရှိတဲ့ ရဟန္တာကန် တောင်ဘက်မှာရှိတဲ့ လေးဧကလောက်ရှိတဲ့အကွက်က အရင်က (၆၅) သိန်းနဲ့ ၀ယ်ထားတာ အခုအကွက်ပိုင်ရှင်က သိန်းနှစ်ထောင်ပေးတာတောင် ပြန်မရောင်းဘူးလို့ ပြောနေ တယ်။ အမွေနှစ်စာရင်းဝင်ပြီးတဲ့နောက်မှ ဈေးတွေက တဟုန်ထိုးတက်လာတာ။”ဟု ၄င်းကဆိုသည်။

စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြေကွက်များဝယ်ယူနေကြသော်လည်း ရှေးဟောင်းဇုန်အတွင်း လိုက် နာရမည့် စည်းကမ်းချက်များရှိကြောင်းဇုန်အတွင်း ကြီးမားသော ဟိုတယ်များတည်းခိုခန်းများ ဖွင့်၍ မရကြောင်း၊ အချို့သောစီးပွားရေးလုပ်ငန်းများကိုလည်း ကန့်သတ်ထားခြင်းမျိုးရှိသောကြောင့် အဆိုပါ အချက်များကိုပါ မြေကွက်ဝယ်သူများ ထည့်သွင်းစဉ်းစားရန်လိုအပ်ကြောင်း သရေခတ္တရာ ရှေးဟောင်းဇုန် အခြေစိုက် ရှေ့ဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပတ်သက်လာရင် ဒေသခံတွေပဲအကျိုးခံစားခွင့်ရှိတယ်။ စီးပွားရေး လုပ်ငန်း ရှင်ကြီးတွေအတွက်  ဟိုတယ်ကြီးတွေ ဆောက်လုပ်ငန်းကြီးတွေ လုပ်ဆိုပြီးအကျိုးခံစားခွင့် တွေကို နိုင်ငံ တကာမှာလည်း ပေးထားတာမျိုးမရှိဘူး။ ဒေသခံတွေအနေနဲ့လည်း ကိုယ်မြေတွေကို ရောင်းပစ်တာမျိုးတွေ မလုပ်သင့်ဘူး။”ဟု အဆိုပါတာဝန်ရှိသူကဆိုသည်။

မြန်မာနိုင်ငံအလယ်ပိုင်းရပ်ဝန်းနှင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက်တွင် တည်ရှိခဲ့သော ဟန်လင်း၊သရေခေတ္တရာ နှင့် ဗိဿနိုးမြို့ဟောင်းတို့အား ကုလသမဂ္ဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာ့အမွေအနှစ်စာရင်းဝင်(World Heritage List) အဖြစ် ဇွန်လ(၂၂)ရက်နေ့က ကာတာနိုင်ငံ ဒိုဟာမြို့တွင် ကျင်းပသော (၃၈)ကြိမ်မြောက် ကမ္ဘာအမွေအနှစ်အစည်းဝေးတွင် သတ်မှတ်လိုက်ကြောင်း ကြေငြာခဲ့သည်။

သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့၏ တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိပြီး အေဒီ (၄) ရာစုမှ အေဒီ(၉) ရာစုအတွင်း ထွန်းကားခဲ့သော ရှေးပျူမြို့ဟောင်းတစ်မြို့ဖြစ်ကာ မြို့ရိုး၊ ကျုံး၊ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အဦများ၊ ဒင်္ဂါးများ၊ ဆင်းတုတော်များ၊ ပျူကချေသည် အရုပ်များနှင့် ရွှေပေလွှာ များကို တွေ့ရှိခဲ့ရပြီး မြို့ရိုးသည် (၈)မိုင် (၈) ဖာလုံရှိပြီး ဧရိယာအားဖြင့် (၅.၅)စတုရန်းမိုင် ကျယ်ဝန်းသည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List