Friday, July 04, 2014

နှစ်(၅၀၀)ပြည့်ပွဲသို့ ပုပ်ရဟန်းမင်းကြီး ကြွလာရန်မျှော်လင့်


လာမည့် နိုဝင်ဘာလအတွင်း ကျရောက်မည့် မြန်မာနိုင်ငံသို့ ကက်သလစ်ဘာသာရောက်ရှိခြင်း နှစ်(၅၀၀) ပြည့် ဂျုဗလီပွဲတော်သို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ကြွရောက်နိုင်ရေး စီစဉ်နေလျှက် ရှိသည်ဟု သိရှိရသည်။

မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လာရောက်နိုင်ရန်အတွက် အစိုးရပိုင်းက နိုင်ငံတော်အဆင့်ဖြင့် ဖိတ်ကြား မှသာ လာရောက်မည်ဖြစ်သောကြောင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကက်သလစ် ဘာသာမှ ခေါင်းဆောင်ပိုင်းတို့ တွေ့ဆုံဆွေးနွေးထားသည်ဟု သိရှိရသည်။

"ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံကိုကြွလာနိုင်ဖို့က မြန်မာနိုင်ငံနဲ့ ဗာတီကန် နိုင်ငံကြားမှာ သံတမန်ရေး အဆက်အသွယ်ရှိမှရမှာလေ သာသနာရေးရာ ၀န်ကြီးဌာနကလည်း သံတမန်ရေးရာ ဆက်သွယ်ထားရှိဖို့ အကြံပြု ထားပါတယ်။ ဒီကိစ္စအတွက်ကို ပြီးခဲ့တဲ့ဇွန်လမှာ ပုပ်ရဟန်းမင်းကြီးရဲ့ ကိုယ်စားလှယ်တော်နဲ့ အရင် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်တို့ နေပြည်တော်မှာ တွေဆုံပြီးသွားပါပြီ" ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကက်သလစ်လူထု ဆက်သွယ်ရေးနှင့် ပြန်ကြားရေးဌာနမှ ဒါရိုက်တာ FR.Leo က ပြောသည်။

ပုပ်ရဟန်းမင်းကြီးကိုယ်စားလှယ်တော်နှင့် ယခင်သာသနာရေးဝန်ကြီး ဦးဆန်းဆင့်တို့ နေပြည်တော်ရှိ သာသနာ ရေးဝန်ကြီးဌာနတွင် ဇွန်လ(၉) ရက်နေ့၌ တွေဆုံခဲ့ကြပြီး ပုပ်ရဟန်မင်းကြီးအား နိုင်ငံတော် အဆင့် ဖိတ်ကြားမှု ပြုလုပ်ပေးစေလိုသည်ဟုကိုယ်စားလှယ်တော်က သာသနာရေးဝန်ကြီးဟောင်း အား တောင်းဆိုးထားသည်ဟု သိရှိရသည်။

"နှစ်(၅၀၀)ဆိုတဲ့ ဂျူဗလီဟာလည်း ကြုံဖိုရာအတွက် အရမ်းခက်ခဲတယ်လေ။ ဘာသာဝင်တွေအနေနဲ့ လည်း ပုပ်ရဟန်းမင်းကြီးကို ဖူးမျှော်ချင်တယ်။ ပုံထဲမှာ တွေ့နေရတာထက် အပြင်မှာတွေ့ရမယ် ဆိုတော့ မပြောပြတတ် အောင်ပါပဲ။ ဘုးရားသခင်ရဲ့ ကျေးဇူးတော်ကြောင့် ပုပ်ရဟန်းမင်းကြီး မြန်မာ နိုင်ငံကိုကြွ လာမယ်ဆိုရင်တော့ အတိုင်းထက်အလွန် ၀မ်းသာကျေးဇူးတင်မိပါတယ်" ဟု ကက်သလစ် ဘာသာဝင် ဦးမန်းမြင့်ဦးက ပြောသည်။

ပုပ်ရဟန်းမင်းကြီးသည် အီတလီနိုင်ငံ ဗာတီကန်မြို့တော်၌ သီတင်းသုံးနေပြီး ကမ္ဘာပေါ်တွင် တစ်ပါးတည်း သာရှိသည်။

၁၅ ရာစု၊၁၆ ရာစုအတွင်း ပေါ်တူဂီလူမျိုး ဘုန်းတော်ကြီးများဖြစ်သည့် ဖရန်စ္စကန်၊ ဒေါမိနစ်ကန်နှင့် ဂျက်ဆွိ တို့က ကက်သလစ်ဘာသာကို မြန်မာနိုင်ငံသို့ စတင်သယ်ဆောင်လာကာ သန်လျှင်၊ မုတ္တမ၊ အင်းဝ၊ ပဲခူး၊ ရခိုင်ဒေသများ၌ သာသနာပြုလုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ထိုအချိန်မှ စတင်ကာ မြန်မာ နိုင်ငံသို့ ကက်သလစ် ခရစ်ယာန် သာသနာ စတင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

၂၀၁၄ခုနှစ် နိုဝင်ဘာလ၌ ကက်သလစ်ခရစ်ယာန် သာသနာ စတင်ရောက်ရှိခြင်းမှာ နှစ်(၅၀၀) ပြည့်ပြီဖြစ် သည့်အတွက် ဘာသာဝင်တို့က နှစ် ၅၀၀ ပြည့် ဂျူဗလီပွဲတော်ကို ရန်ကုန်မြို့၌ သုံးရက်တာ ကျင်းပ မည်ဖြစ်သည်။ 

နောက်ဆုံး၌ထည့်ရန် ဗြိတိန်နိုင်ငံထုတ် Prospect မဂ္ဂဇင်းရဲ့ ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများworld Thinker စာရင်းမှာ ပုပ်ရဟန်းမင်းကြီးဟာ နံပါတ်(၅)နေရာ ရရှိထားသူတစ်ဦးလည်းဖြစ်သည်။

Shwe Myitmakha Media Group

No comments:

Post a Comment

My Blog List