Wednesday, July 02, 2014

ဖမ်းဆီးစစ်ဆေးခံနေရသည့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် အတွက် ပွင့်လင်းမြင်သာသည့် တရားစီရင်မှုရရှိရေး ပုသိမ်မြို့တွင်ဆန္ဒပြ



နိုင်ငံတော်ဘဏ္ဍာ သိန်း ၇၀ ကျော်အား လာဘ်စားသည်ဟုဆိုကာ ရာထူးမှဖယ်ရှား၍ အကျဉ်းကျခံနေရသည့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ပွင့်လင်းမြင်သာသည့် တရားစီရင်မှုရရှိရေး အတွက် ပုသိမ်ဒေသခံများအပါအ၀င် မြို့နယ်အသီးသီးမှ ပြည်သူတစ်ရာကျော်တို့က ဟောပြောပွဲပြုလုပ်ကာ စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြကြောင်း သိရသည်။ 
"ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်အပေါ်မှာ စွပ်စွဲထားတဲ့အမှုတွေ ကင်းလွတ်ခွင့်ရရှိရေးအတွက် ဆန္ဒဖော်ထုတ်ခြင်းဖြစ် ပါတယ်။ ကျွန်တော်တို့ပြည်သူပြည်သားတွေရဲ့အပေါ်မှာ နိုင်ငံတော်အစိုးရက ဒီမိုကရေစီလို့ကြေညာပြီးတော့ ဒီမိုကရေစီ ကို ထဲထဲဝင်ဝင်လုပ်ဆောင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းကို လုပ်ဆောင်နိုင်တဲ့ ဦးဆန်းဆင့်အပေါ်မှာ ဒီမိုကရေစီ လမ်းကြောင်းတွေနဲ့ သွေဖည်အောင် ဆောင်ရွက်နေတာတွေ့ရတယ်။ ဥပဒေရဲ့ရှေ့မှောက်မှာ ဘယ်သူမှခွဲခြား ဆက်ဆံခြင်း မခံရလို့ ဖွဲ့စည်းပုံမှာလည်းပါသလို လူ့အခွင့်အရေးမှာလည်းပါတယ်။ အခုဥပဒေရဲ့ ရှေ့မှောက်မှာ ခွဲခြားဆက်ဆံခံနေရတဲ့ ဦးဆန်းဆင့်ကို လူ့အခွင့်အရေးအရ ကာကွယ်နိုင်ဖို့အတွက် နိုင်ငံတော်အစိုးရက တာဝန်ရှိ သူတွေကိုသိစေချင်လို့ ခုလိုဆန္ဒထုတ်ဖော်တာပဲဖြစ်တယ်။



လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ တာဝန်ယူစဉ်တုန်းကပဲဖြစ်ဖြစ် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူစဉ်တုန်းကပဲဖြစ်ဖြစ် ကျွန်တော်တို့ပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပြီး ကျောသားရင်သားမခွဲခြားဘဲ ဆက်ဆံခဲ့တယ်။ ဥပဒေနဲ့အညီ ရပိုင်ခွင့်၊ ကာကွယ်ခွင့်တွေရရှိအောင် ဆောင်ရွက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တယ်။ ဒီလိုပြည်သူ့ဘက်ကရပ်တည်ပေးတဲ့ ပြည်ထောင်စုဝန်ကြီးတစ်ယောက် လျော့ပါးသွားတဲ့အတွက်ကြောင့် ဆန္ဒပြခဲ့တာလည်းဖြစ်တယ်" ဟု ဦးဆန်းဆင့် အရေးဦးဆောင်သူ ဦးထွန်းထွန်းဦးက ဟောပြောပွဲတွင်ထည့်သွင်းပြောကြားခဲ့သည်။

ရာထူးမှဖယ်ရှားခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ရောက်ရှိနေသည့် သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဟောင်း ဦးဆန်းဆင့် ပြန်လည်လွတ်မြောက်ရေးနှင့် မူလရာထူးပြန်လည်ရရှိရေးအတွက် ပုသိမ်မြို့တွင် ဇူလိုင် ၁ ရက် နံနက်ပိုင်းမှစ၍ နေလည်ပိုင်းအထိ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လွန်ခဲ့သည့်ရက်ပိုင်းက တည်ဆောက်ပြီး စီးခဲ့သည့် ကန်သုံးဆင့်ဝင်းအတွင်းရှိ ဟစ်တိုင်တွင် ပထမဆုံးအကြိမ် ဟောပြောပွဲပြုလုပ်ကာ ပုသိမ်မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

အဆိုပါဆန္ဒပြပွဲအား ပုသိမ်မြို့ အခြေစိုက်လူ့အခွင့်အရေး စောင့်ကြည့်ကာကွယ်ရေးကွန်ရက်(HRWDN) မှ ဦးထွန်းထွန်းဦး က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပုသိမ်မြို့အပါအ၀င် ကန်ကြီးထောင့်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ငပုတောမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ရေကြည်မြို့နယ်၊ သာပေါင်းမြို့နယ်တို့မှ အများပြည်သူတစ်ရာကျော်ခန့် ဆန္ဒပြခဲ့ကြသည်။

ဦးဆန်းဆင့်အရေးဆန္ဒပြပွဲအား နံနက် ၁၀ နာရီဝန်းကျင်ခန့်မှစတင်ကာ လူ့အခွင့်အရေးများ ချိုးဖေါက်ခံရ၍ တရားစွဲဆို ခံထားရမှုများနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီမဟုတ်သော တရားဥပဒေလွဲမှား တရားစွဲဆိုခံရခြင်းခေါင်း စဉ်ဖြင့် ဦးထွန်းထွန်းဦးက ဟောပြောခဲ့ပြီး အဆိုပါဟစ်တိုင်နေရာဖြစ်သည့် ကန်သုံးဆင့်ဘောလုံးကွင်းမှ ကန်သုံးဆင့် ကန်ပတ်လမ်း၊ မင်းရပ်တန်းလမ်း၊ အိုးဘိုတန်းလမ်း၊ ယိုးဒယားကုန်းလမ်း၊ ထောင်ကုန်လမ်း၊ ရွှေစေတီလမ်းမှ ကမ်းနားလမ်းရှိ မြို့တော်ခမ်းမရှေ့တွင် စီတန်းလှည့်လည် ဆန္ဒပြခြင်းအား နံနက်၁၁နာရီခွဲခန့်တွင် အဆုံးသတ်ခဲ့သည်။

အဆိုပါဆန္ဒပြပွဲတွင် ပြည်ထောင်စုဝန်ကြီး သရေစည်သူဦးဆန်းဆင့်အား ပြစ်မှုမှကင်းလွတ်ခွင့်ပြုရေး၊ လူ့အခွင့်အရေး အပိုဒ်(၇)အရ ဥပဒေရှေ့မှောက်တွင် ခွဲခြားမှုမခံရရေး၊ အပြစ်ကျူးလွန်သည်ဟု ထင်ရှားစီရင်ခြင်းမခံရဘဲ အချုပ်အနှောင် မှကင်းလွတ်ရေး၊ အမှန်တကယ်လာဘ်ပေးလာဘ်ယူကျူးလွန်သူများအား အရေးယူခွင့်ရရှိရေး၊ ဦးဆန်းဆင့်အမှန်တကယ် ပြစ်မှုကျူးလွန်သည်ဆိုပါက ပွင့်လင်းမြင်သာစွာ ပြည်သူလူထုအား ထုတ်ပြန်ကြေညာပေးရေးစသည့် ကြွေးကြော်သံနှင့် လက်ကိုင်ဆိုင်းဘုတ်များအား ကိုင်ဆောင်ကာ စီတန်းလှည့်လည် ကြွေးကြော်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment

My Blog List