Monday, December 22, 2014

ကျူးကျော်များကို တရားစွဲပါက ထိရောက်မှုမရှိ၍ လူအင်အားဖြင့် ဖယ်ရှားရခြင်းဟုဆို




ရန်ကုန်မြို့တော် လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေး ကားဝင်းအနီးရှိ အိမ်ရာစီမံကိန်း မြေဧရိယာဝင်းအတွင်း ဝင်ရောက် ကျူးကျော်သူများကို အင်အားသုံး ဖယ်ရှားရခြင်းမှာ ဥပဒေအရ တရားစွဲဆိုပါက မထိရောက်သောကြောင့် ဖြစ်ကြောင်း မြေပိုင်ရှင်များက ပြောဆိုသည်။

တရားစွဲဆိုမည် ဆိုပါက ပုဒ်မ ၄၄၇ ဖြင့်သာ စွဲဆိုနိုင်ပြီး အဆိုပါ ပုဒ်မအတွက် ပြစ်ဒဏ်မှာ ထောင်ဒဏ်သုံးလသာ ဖြစ်ကြောင်း ဒီဇင်ဘာလ ၂၁ ရက်နေ့က လသာမြို့နယ်၊ ဝါဝါဝင်းတာဝါတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါအိမ်ရာ စီမံခန့်ခွဲရေး ကော်မတီဝင်ဖြစ်သူ ဒေါ်မိုးမိုးမြင့်က ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

“သူတို့ကို နှင်တဲ့အခါကျရင် တရားစွဲမယ်၊ ထောင်ဒဏ် သုံးလပဲ ချလို့ရတယ်၊ သုံးလချရင်ချ မချရင် ဒဏ်ငွေ၊ အဲဒီသုံးလ ပြည့်လို့ ပြန်ထွက်ရင် ပြန်လာနေဦးမှာပဲ” ဟု ၎င်းက ပြောဆိုသည်။

လှိုင်သာယာမြို့နယ်၊ အနော်ရထာ စက်မှုဇုန်ဝင်း အတွင်းရှိ ဝါဝါဝင်း ကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆိုပါ အိမ်ရာစီမံကိန်း မြေဧရိယာအတွင်း ကျူးကျော်ဝင်ရောက် ဆောက်လုပ်ထားသည့် နေအိမ်တဲ ၂၅၀၀ ခန့်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့နှင့် ၁၆ ရက်နေ့တွင် လူသုံးရာ ဝန်းကျင်က ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ ရှင်းလင်းရာတွင် ဝါဝါဝင်းကုမ္ပဏီ အနေနှင့် ဝင်ရောက်ဖျက်ဆီးသည့် အဖွဲ့များကို ကျပ်သိန်း ၁၅၀၀ ပေးကာ ငှားရမ်းအသုံးပြုခဲ့သည့် အပြင် သက်ဆိုင်ရာ အာဏာပိုင်များသို့ ငွေကျပ် သိန်း ၁၅၀၀ နှင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များသို့ ကျပ်သိန်း ၁၀၀ ပေး ဆောင်ခဲ့သည်ဟု ကနဦးတွင် သတင်းများ ပေါ်ထွက်ခဲ့သည်။

သို့သော် အဆိုပါ သတင်းများမှာ မဟုတ်ကြောင်း မြေပိုင်ရှင်များက ငြင်းဆိုသည်။

ယင်းကဲ့သို့ လူအင်အားဖြင့် ရှင်းလင်းဖယ်ရှားရန် အတွက် ကျပန်းအလုပ်သမားများကို နေ့စားဖြင့် ငှားရမ်းအသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ဝါဝါဝင်းကုမ္ပဏီ၏ ဈေးကွက်မန်နေဂျာလည်းဖြစ်၊ အိမ်ရာစီမံကိန်း မြေနေရာတွင် ပါဝင်သည့် မြေကွက်ပိုင်ရှင်လည်း ဖြစ်သူ ဒေါ်မိုးမိုးမြင့်က ထပ်မံပြောဆိုသည်။

ဖယ်ရှားရှင်းလင်းရေး အသုံးစရိတ်အတွက် မြေကွက်ပိုင်ရှင်များက ထည့်ဝင်ခြင်း ဖြစ်သည်ဟု ဆိုသော်လည်း အလုပ်သမားများ ငှားရမ်းခြင်းနှင့် ပတ်သက်သည့် ကုန်ကျစရိတ်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပိုင်နက်ကျူးကျော် ဝင်ရောက်သူများကို ယင်းသို့ ဖယ်ရှားရှင်းလင်းခြင်းသည် သက်ဆိုင်ရာ မြေပိုင်ရှင်များ၏ ရွေးချယ်ပိုင်ခွင့် ရှိသော်လည်း ယင်းသို့ ဖယ်ရှားစဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ လူသေဆုံးခြင်းများ ဖြစ်ပေါ်လာပါက ဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်း ပြောဆိုသည်။

ယင်းသို့ ဖယ်ရှားစဉ် ကျူးကျော်သူများနှင့် ဖယ်ရှားသူများအကြား ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် နယ်စပ်ရေးရာ လုံခြုံရေး ဝန်ကြီးတို့ အပါအဝင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ သွားရောက် ထိန်းသိမ်းခဲ့ရကြောင်း လှိုင်သာယာ မြို့မရဲစခန်းက ပြောဆိုခဲ့သည်။

သို့သော် ၎င်းတို့အနေနှင့် ကျူးကျော်သူများကို ထိခိုက်ဒဏ်ရာ ရရှိစေရန် လုပ်ဆောင်ခဲ့ခြင်း မရှိသည့်အပြင် အဆိုပါ ဖြစ်စဉ်အတွင်း ကျူးကျော်နေအိမ် အချို့ မီးရှို့ဖျက်ဆီးခံခဲ့ရမှုသည်လည်း ၎င်းတို့ ငှားရမ်းခဲ့သည့် အလုပ်သမားများ လုပ်ဆောင်ခဲ့ခြင်း မဟုတ်ကြောင်း ဒေါ်မိုးမိုးမြင့်က ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ လှိုင်သာယာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးထံသို့ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။

ဧက ၁၆၀ ဝန်းကျင် ကျယ်ဝန်းပြီး ဝါဝါဝင်းကုမ္ပဏီက အကောင်အထည်ဖော် ဆောင်ရွက်မည့် အဆိုပါ အိမ်ရာစီမံကိန်းကို ၂၀၁၂ ခုနှစ် အတွင်းကလည်း လယ်သမားများက ဆန္ဒထုတ်ဖော်ကာ ကန့်ကွက်ခဲ့ဖူးသည်။

The Voice Weekly

No comments:

Post a Comment

My Blog List