Monday, December 22, 2014

ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ အပါအ၀င် မြေနေရာအချို့ကို ပုဂ္ဂလိကသို့ ရောင်းချခြင်းအပေါ် မြို့ပြစီမံကိန်း ပညာရှင်များ ဝေဖန်


 
ရန်ကုန်မြို့လယ်ကောင်ရှိ မဟာဗန္ဓုလပန်းခြံသို့ လာရောက်အပန်းဖြေနေသူများအား ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်) 

ရန်ကုန်မြို့ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် ပန်းခြံများ အပါအဝင် မြေနေရာအချို့ကို အစိုးရက ပုဂ္ဂလိကသို့ လွှဲပြောင်းရောင်းချခြင်းအပေါ် မြို့ပြစီမံကိန်း ပညာရှင်များက ဒီဇင်ဘာ ၂ဝ ရက်က ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန မြန်မာနိုင်ငံ ဗိသုကာအသင်း ရုံးခန်းတွင် ပြုလုပ်သည့် Save Yangon Forum တွင် ဝေဖန်ခဲ့ကြသည်။

ယခင် သိမ်ဖြူကွင်းအား ပုဂ္ဂလိက လုပ်ငန်းရှင်များအား လွှဲပြောင်းခဲ့ခြင်း၊ တောင်ဥက္ကလာမြို့နယ်ရှိ ရတနာ နှင့် မြသီတာ ပန်းခြံများအား ဖျက်သိမ်း၍ ကားပါကင်ဆောက်လုပ်မှု၊ မြကျွန်းသာကဲ့သို့ နေရာမျိုးအား ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့ခြင်း စသည်တို့အပေါ် ၎င်းတို့က ဝေဖန်ခဲ့ကြခြင်းဖြစ်သည်။

“Public Land တွေကို စနစ်တကျသုံးတာမျိုး မလုပ်ဘဲ ဈေးဝယ်စင်တာတွေဆောက်ဖို့ လုပ်တယ်။ တောင်ဥက္ကလာပ မြို့နယ်ထဲက မြသီတာနဲ့ ရတနာ ပန်းခြံနှစ်ခုကို ခွပြီး ကားပါကင်ဆောက်တယ်။ အဲဒီနေရာမှာ ကားပါကင် အများကြီးလုပ်ဖို့ မလိုသေးပါဘူး။ Public Land ကို လွဲမှားစွာ အသုံးချတယ်။ ဒါကြောင့် ရန်ကုန်မြို့ကြီးကို ကယ်တင်ဖို့ဆိုရင် အဲဒီ မြေအသုံးပြုမှုတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနမှ အငြိမ်းစား ဦးမြင့်မိုရ်ဆွေက ယင်းဖိုရမ်တွင် ဆွေးနွေးခဲ့သည်။

ရန်ကုန်မြို့တွင် အများပြည်သူနှင့် သက်ဆိုင်သည့် Space နည်းပါးလာကြောင်း၊ ပြည်သူ့ရင်ပြင်အတွင်းရှိ တန်ဖိုးရှိသည့် Space ကိုလည်း ရှော့ပင်းစင်တာ ပေးဆောက်ခြင်းနှင့် Trader ဟိုတယ်အနီးရှိ ယခင် ဆူးလေပိုစတာ ပန်းခြံတွင်လည်း အဆောက်အအုံ ဆောက်လုပ်ခွင့် ပေးလိုက်ခြင်းများမှာ မဖြစ်သင့် ကြောင်း မြန်မာနိုင်ငံ ဗိသုကာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမော်လင်းက ပြောကြားသည်။

“ရန်ကုန်သူ ရန်ကုန်သားတွေပိုင်တဲ့ Green Area တွေ အခု ကျွန်တော်တို့နဲ့ မသက်ဆိုင်တော့ဘူးလား။ ပိုက်ဆံရှိမှ အဲဒီနေရာကို သွားရမှာလား။ မြကျွန်းသာ ပုဂ္ဂလိကကို ရောင်းစားလိုက်တယ်။ သိမ်ဖြူကွင်း လည်း ပုဂ္ဂလိကလက်ထဲ ရောက်သွားပြီ။ ကျွန်တော်တို့ ရန်ကုန်သူ ရန်ကုန်သားတွေ အလုပ်တွေချည်းပဲ နေ့တိုင်းလုပ်တယ် ဆိုပေမယ့် Open Space၊ Green Area တွေကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ အခု ကျွန်တော်တို့ တန်ဖိုးထားတဲ့ အဲဒီနေရာတွေ ပျောက်ကုန်ပါပြီ။ ဒါကို ကျွန်တော်တို့ ဘယ်လိုပြန်တင်မလဲ စဉ်းစားရပါမယ်” ဟု ၎င်းက ဆွေးနွေးခဲ့သည်။

အလားတူ ရန်ကုန်မြစ်ကမ်းတစ်လျှောက် အပန်းဖြေ နေရာများမှာလည်း အများပြည်သူနှင့် မသက်ဆိုင်ဘဲ ဝန်ကြီးဌာန တစ်ခုက စီမံခန့်ခွဲနေကြောင်း၊ အဆိုပါ မြစ်ကမ်းမှာ အများပြည်သူအတွက် ဖြစ်သင့်ပြီး အဆိုပါ နေရာများကို ပိတ်ဆို့ထားခြင်းမှာလည်း မဖြစ်သင့်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်က ဆွေးနွေးခဲ့သည်။

ထို့ပြင် တာမွေမြို့နယ်ရှိ ယခင်ပွဲလမ်းသဘင်များ ကျင်းပခဲ့သည့် ရာပြည့်ကွင်းကိုလည်း ပုဂ္ဂလိကနှင့် အကျိုးတူ အဆောက်အအုံ ဆောက်လုပ်ခဲ့ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဩဂုတ်အတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် တင်ပြခဲ့သည်။ 

Eleven Media Group

No comments:

Post a Comment

My Blog List