Tuesday, December 23, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ခြံစည်းရိုးတိုးမြှင့်ခတ်ရာမှ ဒေသခံတောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ နှစ်ဖက်ပဋိပက္ခဖြစ်ပွားရာ အမျိုးသမီးတစ်ဦးသေဆုံး







စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဧရိယာတွင် ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီခန့်က စီမံကိန်းလုပ်ကိုင်ခွင့်ရရှိထားသည့် မြန်မာဝမ်ပေါင်ကုမ္ပဏီ က ခြံစည်းရိုးခတ်ရန်ပြင်ဆင်ရာမှ ဒေသခံတောင်သူများနှင့် ရဲတပ်ဖွဲ့တို့ နှစ်ဖက်ထိပ်တိုက်တွေ့ပြီး ပစ်ခတ်ကြရာ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် မိုးကြိုးပြင်အလယ်ရွာမှ အသက်(၅ဝ) ကျော် အမျိုးသမီးတစ်ဦး သေဆုံးပြီး ရွာသား ၄ဝ ခန့် သေနတ်ဒဏ်ရာများရရှိကာ အမျိုးသား လေးဦး မုံရွာဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

လက်ရှိ ခြံစည်းရိုးခတ်ရန် လုပ်ဆောင်လျက် ရှိသည့် မြေနေရာများသည် ဒေသခံတောင်သူများအနေဖြင့် မြေယာလျော်ကြေး သီးနှံလျော်ကြေး တစ်စုံတစ်ရာရယူထားခြင်း မရှိသေးသည့်အတွက် ယခုကဲ့သို့ တားမြစ်နေခြင်းဖြစ်ပြီး ဒေသခံအာဏာပိုင်များနှင့် ကုမ္ပဏီဘက်မှ လက်မခံဘဲ ဇွတ်အတင်းဝင်ရောက်ပြီး ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဒေသခံရွာသားများက ပြောကြားသည်။

“မနက်ပိုင်းကတည်းက ရောက်နေကြတာပါ။ ကားတွေပေါ်မှာ သွပ်ဆူးကြိုးလိပ်တွေတင်ပြီး ကျွန်တော်တို့ မြေယာတွေပေါ်မှာ မြေကော်စက်တွေနဲ့ အတင်းထိုး ဝင်းထရံတိုင်တွေစိုက်တယ်။ အဲဒါကို မြေပိုင်ရှင်ရွာသားတွေက တားဆီးလို့ဆိုပြီး ရဲတပ်ဖွဲ့ဘက်ကနေ သေနတ်တွေနဲ့ ပစ်တယ်။ လေးခွတွေနဲ့ပစ် နံပါတ်တုတ်တွေနဲ့လည်း ရိုက်တယ်။ ရာဘာကျည်ရော ကျည်ဆန်အစစ်ရော အချက်ပေါင်း ၁ဝဝ ကျော် ပစ်တယ်။ မိုးကြိုးပြင်အလယ်ရွာက အသက် (၅ဝ) ကျော်အရွယ်ရှိတဲ့ ဒေါ်ခင်ဝင်း ခေါင်းကို သေနတ်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့ပါတယ်” ဟု ပဋိပက္ခဖြစ်ပွားမှုတွင်ပါဝင်သည့် ဒေသခံတစ်ဦးက ဆိုသည်။

ခြံစည်းရိုးတိုးချဲ့ခတ်ရန် ကြိုးပမ်းရာမှ ဖြစ်ပွားသောပဋိပက္ခသည် ဆည်တည်းရွာပတ်ဝန်းကျင်နှင့် မိုးကြိုးပြင်ဒေသခံ တောင်သူများပိုင်ဆိုင်သည့် လိပ်ခွံတောင်ခြေတစ်လျှောက်တို့တွင်ဖြစ်ပွားခဲ့ပြီး အာဏာပိုင်များဘက်မှ သေနတ်များဖြင့် အဆက်မပြတ် ပစ်ခတ်ကာ ခြံစည်းရိုးခတ်လုပ်ရန် ဆောင်ရွက်နေမှုအား လိုက်လံကာကွယ်ပေးခဲ့ပြီး ဒေသခံများဘက်ကလည်း ၎င်းတို့ပိုင်ဆိုင်သည့် လယ်ယာမြေများ မဆုံးရှုံးရေးအတွက် ရရာလက်နက်များဖြစ်သည့် တုတ်၊ ဓား၊ လေးခွ၊ ကျောက်ခဲများဖြင့် ခုခံကာကွယ်ခဲ့ကြကြောင်း သိရသည်။

ယခုကဲ့သို့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပဋိပက္ခဖြစ်စဉ်များနှင့် ပတ်သက်ပြီး နှစ်ဖက်ထိပ်တိုက် တွေ့ဆုံမှုများ ဖြစ်ပွားခဲ့သည့် အကြိမ်အရေအတွက်မှာ များပြားခဲ့သော်လည်း ယခုအကြိမ် ပဋိပက္ခတွင် သွေးမြေကျပြီး ပထမဦးဆုံးအကြိမ် ဒေသခံတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်ပြီး ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်တွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ရပ်ဆိုင်းရေး သပိတ်စခန်းအား မီးလောင်ဗုံးအသုံးပြုပြီး ဖြိုခွင်းခဲ့ခြင်း၊ ဆည်တည်းရွာအား ညပိုင်းအချိန် ဝင်ရောက်စီးနင်းခြင်း၊ ဇီးတောရွာဘုန်းတော်ကြီးကျောင်းအား ညအချိန် ဝင်ရောက်စီနင်းခြင်း၊ ကျောက်ဖြူတိုင်ရွာတွင် ဝင်ရောက်စီးနင်းခြင်းများကို ရဲတပ်ဖွဲ့ဝင်များ က ပြုလုပ်ခဲ့ကြသည်။

ယခုခြံစည်းရိုး တိုးမြှင့်ခတ်ရန် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ကြိုးပမ်းမှုတွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင် ရာနှင့်ချီကာ လုံခြုံရေးယူပေးခဲ့ကြောင်းသိရပြီး တရုတ်နိုင်ငံသား လုံခြုံရေးဝန်ထမ်းများကိုပါ အသုံးပြုခဲ့ကြောင်း မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးဝန်ထမ်းများ နံပါတ်တုတ်များကိုင်ဆောင်မှုအပေါ် ရှေ့နေကိုဖိုးဖြူက “ကျွန်တော်တို့ တိုင်းပြည်မှာ လက်နက်အက်ဥပဒေဆိုတာ ရှိပါတယ်။ လက်နက်ကို အများပြည်သူ ရှေ့မှောက်နေရာတွေမှာ ကိုင်ဆောင်သွားလာခွင့်မျိုး နိုင်ငံသားတောင်မှ မရဘူး။ ဒါပေမယ်လို့ ကျွန်တော် တို့ရဲ့ အချုပ်အခြာအာဏာပိုင်နိုင်ငံမှာ တရုတ်နိုင်ငံသားတွေကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသား တွေထက် ပိုပြီးတော့ အခွင့်အရေးပိုရနေသယောင် ဒါမှမဟုတ်လည်း လွတ်လပ်ခွင့် ပိုရနေသယောင် နောက်ပြီးတော့ ကျွန်တော်တို့တားမြစ်ခံထားရတဲ့ လက်နက်မကိုင်ဆောင်နိုင်တဲ့ အခြေအနေတစ်ခုကို သူတို့ကပဲ ရနေတယ်လို့ တွေ့ရတယ်။ ဒီလိုကိုင်ဆောင်ခွင့်ရနေတာဟာ တရားဥပဒေ မစိုးမိုးတဲ့ အခြေအနေကို ပြနေတဲ့ ပြယုဂ်ပါပဲ” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List