Friday, December 26, 2014

စစ်ဘေးဒဏ်ခံရဆုံး မွန်ဒေသခံများ ငြိမ်းချမ်းရေး မပျက်ပြားစေလိုကြောင်း စစ်တမ်းကောက်ယူရရှိ


စစ်ဘေးဒဏ် အခံခဲ့ရဆုံးဖြစ်သည့် မွန်ဒေသခံများက မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရအကြား လက်ရှိ ရရှိထားသည့် အပစ်အခတ်ရပ်စဲရေး မည်သည့်နည်းနှင့်မျှ မပျက်ပြားစေလိုဟု ရာမည ငြိမ်းချမ်းရေးဖောင်ဒေးရှင်းနှင့် မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ (MPSI) တို့၏ စစ်တမ်းကောက်ချက်အရ သိရသည်။ 

အစိုးရစစ်တပ်နှင့် မွန်ပြည်သစ်ပါတီတို့ အကြား ယခင်က တိုက်ပွဲဖြစ်ပွားခဲ့သည့် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဒေသရှိ တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကလိန်အောင်မြို့နယ်ခွဲ သဲချောင်းဒေသမှ စစ်ဘေးဒဏ် အခံခဲ့ရဆုံး ကျေးရွာ ၉ ရွာတို့မှ ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဒေသခံတို့၏ ခံစားချက်၊ အတွေးအမြင်နှင့် အသံတို့ကို စစ်တမ်းကောက်ခံယူခဲ့ခြင်း ဖြစ်သည်။ 

စစ်တမ်းကောက်ယူရာတွင် ပါဝင်ခဲ့သည့် ရာမည ငြိမ်းချမ်းရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမင်းအောင်ဇေက “သူတို့ပြောတာက ဘယ်လိုပဲဖြစ်နေပါစေ ငြိမ်းချမ်းရေးကို သူတို့က မပေးပျက်စေချင်ဘူး၊ ကျန်တဲ့ နိုင်ငံရေးကိစ္စကို ဆက်ပြီး ဆွေးနွေးသွားစေချင်တယ်” ဟု ပြောသည်။ 

နိုင်ငံရေးကိစ္စများ ဆွေးနွေးရန် များစွာကျန်သည်ဟု ပြည်သူများက နားလည်သော်လည်း ဘဝတစ်လျှောက်လုံး လက်နက်ကိုင် ပဋိပက္ခအောက်တွင် ခက်ခက်ခဲခဲ ရုန်းကန်လာရသည့်အတွက် ယင်းသို့ ထုတ်ပြောကြခြင်း ဖြစ်ကြောင်း ဦးမင်းအောင်ဇေက ရှင်းပြသည်။ 

အဆိုပါကျေးရွာ ၉ ရွာအနက် ကျေးရွာအားလုံးကို ကိုယ်စားပြုနိုင်သည်ဟု ယူဆရသည့် အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိသည့် မရော့ချိုင်းရွာနှင့် တောလဝီရွာတို့မှ ဒေသခံ ၂၀၀ ကျော်တို့ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါ ဒေသတွင် နေထိုင်သူများသည် ယခင် အပစ်အခတ်ရပ်စဲရေး မရခင်က စစ်အစိုးရတပ်နှင့် မွန်ပြည်သစ်ပါတီ တပ်တို့ကြား တိုက်ပွဲများကြောင့် နေရာအတည်တကျ မရှိဘဲ ထွက်ပြေးနေရခြင်း၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရခြင်းနှင့် ပေါ်တာဆွဲခြင်း ဒဏ်တို့ကို ဆိုးဝါးစွာ ခံခဲ့ရသည်။ 

မွန်ပြည်သစ်ပါတီနှင့် အစိုးတပ်တို့ကြား အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီး နောက်ပိုင်း ထိုဒေသတွင် ဖွံ့ဖြိုးတိုးတက်မှု ရှိလာပြီး လမ်းများ ဖောက်လုပ်ပေးထားခြင်း၊ ဆေးခန်းနှင့် စာသင်ကျောင်းများ ဆောက်လုပ်ပေးထားခြင်းများ ပြုလုပ်လာသည်ကို တွေ့ရှိရသည်ဟု ဦးမင်းအောင်ဇေက ပြောဆိုသည်။ 

အပစ်အခတ်ရပ်စဲရေး အသီးအပွင့်ကြောင့် ၎င်းတို့ဒေသ အေးချမ်းပြီး တိုးတက်ကောင်းမွန်လာခြင်းကြောင့် မွန်ပြည်သစ်ပါတီနှင့် အစိုးရစစ်တပ်တို့ကြား နောက်ဆုံး အဆင်မပြေသည့်တိုင် လက်နက်ကိုင် တိုက်ပွဲကို လုံးဝ မဖြစ်စေလိုကြောင်းကိုလည်း မွန်ပြည်သစ်ပါတီနှင့် အစိုးရတပ်တို့အား ပြောကြားလိုကြောင်း ဒေသခံတို့၏ ပြောဆိုချက်ကို ဦးမင်းအောင်ဇေက ပြောပြခဲ့သည်။ 

မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ပြည်တွင်းရေးရာဌာန တာဝန်ခံ နိုင်ဝင်းလှက မွန်ပြည်သစ်ပါတီကလည်း မွန်ပြည်သူတို့၏ ဘဝလုံခြုံရေးအတွက် လက်ရှိရရှိထားသည့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကာ ငြိမ်းချမ်းရေးရသည် အထိလည်း အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောသည်။ 

မွန်ပြည်သစ်ပါတီသည် ပထမဆုံးအကြိမ် အဖြစ် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့ကာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ်ချုပ်ဆိုခဲ့သည်။ ယင်းနောက် အစိုးရ၏ နယ်ခြားစောင့်တပ်အသွင် ပြောင်းလဲရေး ကမ်းလှမ်းချက်ကို လက်မခံခဲ့သောကြောင့် ၂၀၁၀ ခုနှစ် ဧပြီလတွင် အပစ်အခတ်ရပ်စဲရေး ပျက်ပြယ်သွားခဲ့သည်။ 

အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ်ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ် ခေါင်းဆောင်များနှင့် အစိုးရသစ် ငြိမ်းချမ်းရေ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီခဲ့ကြသည်။ 

ယခုလက်ရှိ မွန်စစ်ဘေးဒဏ် ခံရသူတို့ အခြေချနေထိုင်နေသည့် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ကလိန်အောင် မြို့နယ်ခွဲ သဲချောင်းဒေသတွင် အစိုးရတပ် လှုပ်ရှားမှုမရှိဘဲ မွန်ခွဲထွက်အဖွဲ့နှင့် ကေအန်ယူတပ်တို့ ဖြတ်သွားဖြတ်လာမှု ရှိကာ မွန်ပြည်သစ်ပါတီ အဓိကလှုပ်ရှားရာ ဒေသဖြစ်သည်။
(Dawei Watch)

The Voice Weekly 

No comments:

Post a Comment

My Blog List